အကျဉ်းသားလွတ်မြောက်ရေး ဘန်ကီမွန်း မျှော်လင့်

E-mail Print
အကျဉ်းသားများကို လွတ်ငြိမ်း ချမ်းသာခွင့် ပေးမည်ဟု ကုလသမဂ္ဂဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးသန်းဆွေက ကတိ ပေးထားသဖြင့် အကျဉ်းသားများ လွတ်မြောက်လာမည်ကို မျှော်လင့်နေကြောင်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောကြားလိုက်သည်။

ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အမှုကို စစ်အစိုးရက အမိန့်ချရန် ပြင်ဆင်နေခြင်းနှင့် ပတ်သက်ပြီး ကုလသမဂ္ဂဌာနချုပ်တွင် ယမန်နေ့က ကျင်းပခဲ့သော သတင်းစာ ရှင်းလင်းပွဲ၌ ထိုသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

မကြာသေးမီက မြန်မာပြည်သို့ ၂ ရက်ကြာ သွားရောက်ခဲ့သည့် မစ္စတာ ဘန်ကီမွန်းက ၎င်း၏ ခရီးစဉ်နောက်ပိုင်း မြန်မာပြည် အရေးကိုလည်း မျက်ခြည်မပြတ် စောင့်ကြည့်ခဲ့ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် တရားစွဲခံနေရခြင်းကို စိုးရိမ်မိကြောင်း သတင်းထောက်များကို ပြောပြသည်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးသန်းဆွေ ကိုယ်တိုင် လုံခြုံရေးကောင်စီ အစည်းအဝေးတခုတွင် မြန်မာစစ်အစိုးရက အကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့် ပြုမည် ဖြစ်ကြောင်း၊ လွှတ်ပေးမည့် အစီအစဉ်သည် မစ္စတာ ဘန်ကီမွန်း၏ တောင်းဆိုချက်အရ ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

အကျဉ်းသားများကို လွှတ်ပေးမည်ဟု သံအမတ်ကြီး၏ ပြောကြားချက်မှာ ၂ ပတ် ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း အကျဉ်းသား တဦးမှ လွတ်ငြိမ်း ချမ်းသာခွင့် မရရှိသေးပေ။

သံအမတ်ကြီး၏ အာမခံချက်ကိုလည်း နိုင်ငံရေးသမားများ နှင့်လူ့အခွင့်အရေး လှုပ်ရှားသူများက သံသယရှိကြသည်။ သံအမတ်ကြီး၏ ပြောကြားချက်တွင် “နိုင်ငံရေးအကျဉ်းသား” ဟူသော စကားလုံး ပါဝင်ခြင်း မရှိကြောင်းလည်း ၎င်းတို့က ထောက်ပြကြသည်။ လွှတ်ပေးမည် ဆိုလျှင်လည်း ယခင်ကကဲ့သို့ပင် သာမန်အကျဉ်းသား ထောင်ဂဏန်း နှင့် နိုင်ငံရေးအကျဉ်းသား ဆယ်ဂဏန်းကို လွှတ်ပေးမည်ဟု ယူဆနေကြသည်။

လူ့အခွင့်အရေး အဖွဲ့များ၏ စာရင်းအရ မြန်မာပြည်အနှံ့ အကျဉ်းထောင်များတွင် နိုင်ငံရေး အကျဉ်းသား ၂ဝဝဝ ကျော် ရှိကြောင်း သိရသည်။

နိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်းက မကြာသေးမီ ရက်ပိုင်းအတွင်း ကျင်းပခဲ့သော အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ ညစာစားပွဲ တခုတွင် ပြောကြားရာ၌ ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေး အကျဉ်းသားများအား လွှတ်ပေးရန် ဟူသော တောင်းဆိုချက်မှာ လက်ခံနိုင်ဖွယ်ရာ မရှိဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားသည့် အမှုအား ဇူလိုင် ၃၁ ရက်နေ့ (မနက်ဖြန်)တွင် စီရင်ချက်ချမည်ဟု သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၎င်း၏အိမ်သို့ မစ္စတာ ဂျွန် ဝီလျံယက်ထော တိတ်တဆိတ်ခဲ့မှုကြောင့် တရားစွဲခံနေရခြင်း ဖြစ်သည်။

လာမည့်နှစ်တွင် ကျင်းပမည်ဟု ကြေညာထားသည့် အထွေထွေ ရွေးကောက်ပွဲ ကာလတွင် ဒေါ်အောင်ဆန်းစုကြည်အား ချုပ်နှောင်ထားလိုသဖြင့် အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၃ နှစ် သို့မဟုတ် ၅ နှစ် ချမှတ်ဖွယ်ရှိသည်ဟု မြန်မာ့ နိုင်ငံရေးလောကတွင် ခန့်မှန်းနေကြသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်