ဒေါ်အောင်ဆန်းစုကြည် စီရင်ချက် NLD ကန့်ကွက်

E-mail Print
ဒေါ်အောင်ဆန်းစုကြည်အပေါ် ချမှတ်ခဲ့သည့် စီရင်ချက်သည် ဥပဒေပါ ပြဌာန်းချက်များနှင့် ညီညွတ်ခြင်း မရှိသည့် အပြင် လူအခွင့်အရေးကို ချိုးဖောက်ခြင်းဖြစ်သည့် အတွက် ပြင်းထန်စွာ ကန့်ကွက်သည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ယနေ့ ကြေညာလိုက်သည်။

NLDက ယနေ့  ကြေညာချက် ၂စောင် ထုတ်ပြန်ရာတွင် နိုင်ငံရေးအကျဉ်းသား အားလုံးကို ခြွင်းချက်မရှိ ပြန်လွှတ်ရန်၊ ပြည်သူ လူထု၏ အကျိုးစီးပွားကို ရှေးရှုကာ တွေ့ဆုံဆွေးနွေးကြရေးနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေးကို ဆောလျင်စွာ အကောင်အထည် ဖော်ပေးရန် စစ်အစိုးရကို တောင်းဆိုထားသည်။

NLD ခေါင်းဆောင် ဦးဝင်းတင်က “ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးကနေ ပယ်ထုတ်ထားချင်တယ်၊ ထောင်ချတယ် အကျယ်ချုပ် တားတယ် ဆိုတဲ့ ဆုံးဖြတ်ချက်က ဘာပဲပြောပြော တွေ့ဆုံဆွေးနွေးရေး စားပွဲကို ရိုက်ချိုးလိုက်တာပဲ၊ ကျနော်က အဲဒါကို လက်မခံနိုင်ဘူး၊ ကန့်ကွက်တယ်” ဟု ဧရာဝတီသို့ ပြော သည်။

ဒေါ်အောင်ဆန်းစုကြည်သည် တိုင်းရင်းသား၊ ကျောင်းသား၊ ပြည်သူလူထုများ၏  ယုံကြည် ကိုးစားခြင်းကို ခံရသူတဦး ဖြစ်ကာ တိုင်းပြည်တွင် အဆုံးအဖြတ်ပေးနိုင်သူတဦး ဖြစ်ကြောင်း၊ ပထမအကြိမ် အကျယ်ချုပ် သည်လည်း ဥပဒေကြောင်းအရ တရားမ၀င်ကြောင်း ဦးဝင်းတင်က ပြောသည်။
 
“အမိန့်ချပြီးတော့ တ၀က်လျှော့တယ်တို့ လျှော့ပေါ့ စဉ်းစားတာတို့ လွတ်ငြိမ်း ချမ်းသာခွင့် ပေးမယ်တို့ ဆိုတာက နားမလည်တဲ့ သူတွေအတွက် စိတ်သက်သာရာ ရပေ့မဲ့၊ ကျနော်တို့က လက်မခံဘူး၊ လွှတ်ပေးရင် လွှတ်ပေး၊ မလွတ် ပေးရင်ထောင်ချ။ အခုလိုလုပ်တာက လူထုကို မလိမ့် တပတ် လုပ်တာ၊ အရပ်စကားနဲ့ဆို လူလည် လုပ်တာပေါ့” ၎င်းက ဆက်လက်ပြောဆိုသည်။

ရွေးကောက်ပွဲ ကျင်းပရာတွင် ဒေါ်အောင်ဆန်းစုကြည်သည် အဟန့်အတား ဖြစ်လိမ့်မည်ဟု အစိုးရအနေနှင့် ယူဆထားသည့်အတွက် ထောင်ချလိမ့်မည်ဟု ထင်မြင်ကြောင်း  ဦးဝင်းတင်က ယခင်က ပြောဆိုခဲ့ဖူးသည်။

NLD ပြန်ကြားရေး အဖွဲ့ဝင် ဦးအုန်းကြိုင်က “ဒီအမိန့်နဲ့ ပတ်သက်ပြီးတော့ စိတ်မကောင်းဖြစ်မိတယ်၊ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြစ်မှု တစုံတရာ ကျူးလွန်ခဲ့ခြင်း မရှိဘူးလို့ ကျနော်ကတော့ သဘောထားတယ်၊ အမျိုးသား ပြန်လည် သင့်မြတ်ရေး အတွက် ကြိုးစားနေတဲ့ အချိန်မှာ ဒီလိုဖြစ်သွားတဲ့ အတွက် ရင်လေးမိပါတယ်” ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ယခု နေအိမ် အကျယ်ချုပ် ၁၈ လ ချမှတ်ခံထားရသော်လည်း သတ်မှတ် စည်းမျဉ်း စည်းကမ်းများကို လိုက်နာပါက လွတ်ငြိမ်းချမ်းသာခွင့် ရနိုင်ကြောင်း စစ်အစိုးရက ကြေညာထားသည်။

စီရင်ချက်နှင့် ပတ်သက်ပြီး အယူခံတင်ရန် ရှိကြောင်း ရှေ့နေကြီး ဦးကြည်ဝင်းက ယမန်နေ့က ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် အတူနေသူ ဒေါ်ခင်ခင်ဝင်းနှင့် မဝင်းမမ တို့သည်လည်း ဒေါ်အောင်ဆန်းစုကြည် နည်းတူ စီရင်ချက် ချမှတ်ခံရကြောင်း၊ မစ္စတာ ဂျွန် ဝီလျံ ယက်ထောကို ထောင်ဒဏ် ၇ နှစ် ချမှတ်လိုက် ကြောင်းလည်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သော ဒီပဲယင်းဒေသ အကြမ်းဖက် တိုက်ခိုက်မှု အပြီး နေအိမ် အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံရပြီး ၆ နှစ်ပြည့်ခါနီး အချိန်တွင် ယခုကဲ့သို့ တရားစွဲဆို ခံရခြင်းဖြစ်သည်။

၁၉၈၉ ခုနှစ်မှ စ၍ ထိန်းသိမ်း ခံထားရသည့် အချိန် စုစုပေါင်း ၁၄ နှစ်ပြည့်တော့မည် ဖြစ်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်