အရက်ချက်စက်ရုံမီးလောင်၊ ၁၀ ဦးထက်မနည်း သေဆုံး

E-mail Print
လှည်းကူးမြို့နယ်၊ ပြည်တော်သာ ရပ်ကွက်၊ ဒါးပိန်လမ်းခွဲရှိ International Beverages Trading Co.,Ltd (IBTC) ကုမ္ပဏီပိုင် အရက်ချက် စက်ရုံတွင် စနေနေ့ ညက မီးလောင်မှု ဖြစ်ပွား ခဲ့ရာ လူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၁၀ ဦးကျော် ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

သြဂုတ်လ ၂၂ ရက်၊ ည ၇ နာရီ ၁၅ မိနစ်အချိန်က အဆိုပါအရက်ချက် စက်ရုံတွင် မီး စတင် လောင်ကျွမ်း ခဲ့ပြီး အရက်ဆီ သိုလှောင်ကန်များကို မီးကူးစက် ခဲ့သောကြောင့် ငြှိမ်းသတ်၍ မရနိုင် လောက်အောင် ဖြစ်ခဲ့ရကြောင်း၊ မီးလောင်ကျွမ်းရာနေရာသို့ ရန်ကုန်တိုင်း အတွင်းရှိ မီးသတ်ကား အစီး ၁၀၀ နီးပါး လာ ရောက် ငြှိမ်းသတ်ခဲ့ပြီး မီးသတ်သမား တချို့ မီးဟပ်ခံရကာ ဒဏ်ရာများရရှိခဲ့ကြောင်းနှင့် မီးသတ်ကား တစီးလည်းမီးလောင်ခဲ့ကြောင်း ရန်ကုန်တိုင်း မီးသတ်တပ်ဖွဲ့ဝင် တဦးက ပြောသည်။

လှည်းကူး ဒေသခံတဦးက “စက်ရုံမှာ လောင်နေတဲ့မီးကို မှော်ဘီ၊ တိုက်ကြီးတို့ ဘက်ကတောင် မြင်ရတယ်။ ကောင်းကင်မှာ မီးတွေ နီရဲနေတယ်။ အရက်ချက်စက်ရုံက လူနေအိမ်ခြေတွေနဲ့ ဝေးလို့ တော်သေးတယ်။ တော်တော်ကြီးကြီးမားမား ကို လောင်တဲ့မီးပဲ” ဟု ပြောသည်။

ည ၇ နာရီကျော်ခန့်မှ စတင်ပြီး အရှိန်ပြင်းစွာ လောင်ကျွမ်းခဲ့သော မီးသည် သန်းခေါင်ယံ အချိန် ည ၁၂ နာရီ ၁၅ မိနစ်တွင် အရှိန်လျော့သွားကာ နောက်တနေ့နံနက် ၃ နာရီ ၂၀ မိနစ်တွင် မီးလုံးဝ ငြိမ်းသွားသည်ဟု သိရှိရသည်။

အဆိုပါ မီးလောင်မှုသည် အရက်ချက်ရာတွင် အသုံးပြုသည့် ဘွိုင်လာအိုးမှတဆင့် စတင် လောင်ကျွမ်းခြင်း ဖြစ်သည်ကို ကနဦး လေ့လာစစ်ဆေးချက်များအရ သိရှိရကြောင်း လှည်းကူးမြို့နယ်မှ ရဲတပ်ဖွဲ့ဝင်တဦးက ဆိုသည်။

“လောလောဆယ် စစ်ဆေးချက်တွေအရ ဘွိုင်လာကော်တာကနေ မီးစလောင်တာ။ ပျက်စီးဆုံးရှုံးမှု တန်ဖိုးလည်း မသိရသေးပါဘူး။ အသေးစိတ်အချက်အလက်တွေက စစ်ဆေး နေဆဲပါ” ဟု
လှည်းကူးမြို့နယ် ရဲတပ်သား တဦးက ပြောသည်။

ယနေ့ထုတ် ကြေးမုံသတင်းစာတွင်မူ အရက်ချက်စက်ရုံမီးလောင်သဖြင့် လူ ၃ ဦး သေဆုံးကာ ၆ ဦး ဒဏ်ရာ ရသွားပြီး အကြောင်းရင်းကို စုံစမ်းနေသည်ဟု ဖော်ပြထားသည်။

မီးလောင်ကျွမ်း ခံခဲ့ရသော IBTC အရက်ချက်စက်ရုံသည် မြန်မာ့အာမခံ လုပ်ငန်းတွင် မီးအာမခံ ထားရှိခဲ့သည့် အတွက် အာမခံ လျော်ကြေးငွေရရှိမည်ဖြစ်ပြီး မည်မျှ ရရှိမည်ကို ထုတ်ဖော်ပြောကြား နိုင်ခြင်းမရှိသေးကြောင်း မြန်မာ့အာမခံလုပ်ငန်း၊ တာဝန်ရှိသူ တဦးထံမှ စုံစမ်းသိရှိရသည်။

မြန်မာနိုင်ငံတွင် Grand Royal ၀ီစကီ အပါအ၀င် နာမည်ကျော် အရက်မျိုးစုံ ထုတ်လုပ် နေသော IBTC ကုမ္ပဏီသည် မြန်မာနေရှင်နယ်လိဂ် ဘောလုံးပြိုင်ပွဲအပါအ၀င် အားကစားပြိုင်ပွဲများကို ကျပ်သိန်း ထောင်၊ သောင်းချီ ထောက်ပံ့နေသော ကုမ္ပဏီတခုဖြစ်ပြီး အဆိုပါကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ ဦးအောင်မိုးကျော် သည် ဥဿာယူနိုက်တက် ဘောလုံးအသင်းကို တည်ထောင်ထားသူဖြစ်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်