မြောက်ကိုရီးယား၏ သဝဏ်လွှာ စာပေစိစစ်ရေးက ခွင့်ပြု

E-mail Print
အာဏာရှင် မြောက်ကိုရီးယား နိုင်ငံတည်ထောင်ခြင်း ၆၁ နှစ်မြောက် အထိမ်းအမှတ်အဖြစ် ထည့်သွင်းသည့် သ၀ဏ်လွှာတခုကို စာပေစိစစ်ရေးဌာနက ယခုတပတ်ထုတ် ပြည်တွင်းသတင်း ဂျာနယ်တခုတွင် ဖော်ပြခွင့် ပြုလိုက်သည်။

ရန်ကုန် ထိပ်တန်းသတင်းဂျာနယ်များထဲတွင် အပါအဝင်ဖြစ်သော The Voice ဂျာနယ်၏ ယခု တပတ် စနေနေ့ကဖြန့်ဝေသည့် သတင်းဂျာနယ်တွင် ထိုသ၀ဏ်လွှာကို ဖော်ပြထားခြင်းဖြစ်ပြီး အဖြူအမည်းဖြင့် စာမျက်နှာ တမျက်နှာပြည့် အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားကာ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအီးလ်၏ ဓာတ်ပုံကိုပါ ထိုသ၀ဏ်လွှာတွင် ပူးတွဲဖော်ပြထားသည်။

ထိုသ၀ဏ်လွှာကို မြန်မာနိုင်ငံဆိုင်ရာ မြောက်ကိုရီးယားသံရုံးက ကြော်ငြာအဖြစ် The Voice ဂျာနယ်တွင် ထည့်သွင်းခြင်းဖြစ်သည်ဟုလည်း စာပေစိစစ်ရေး ၀န်ထမ်းတဦးက ဆိုသည်။

ထိုသ၀ဏ်လွှာတွင် မြောက်ကိုရီးယားနိုင်ငံသည် ထာဝရသမ္မတကြီး ကင်အီဆွန်း (Kim IL Sung) ၏ Juche လမ်းစဉ်များအတိုင်း အခက်အခဲများကို အောင်မြင်စွာဖြတ်ကျော်ပြီး နိုင်ငံတကာတွင် အင်အား ကြီးမားသော ဆိုရှယ်လစ်နိုင်ငံကြီးအဖြစ် နယ်ချဲ့သမားများနှင့် ဗိုလ်ကျစိုးမိုးရေးဝါဒီ နိုင်ငံကြီးများ၏ ရန်ကို ကြံ့ကြံ့ခံ ရင်ဆိုင်ရင်း ၀င့်ကြွားစွာရပ်တည်နိုင်ပြီ ဖြစ်ကြောင်း ရေးသားထားသည်။

မြောက်ကိုရီးယားနိုင်ငံအပေါ် နယ်ချဲ့လာသူများ၊ ဗိုလ်ကျစိုးမိုးလာသူများကို ရင်ဆိုင်ပြီး နိုင်ငံကို တိုးတက် ခေတ်မီစေရန် တည်ဆောက် နိုင်ပြီ ဟူ၍လည်း ၎င်းသဝဏ်လွှာတွင် ဖော်ပြထားသည်။

“အာဏာရှင် နိုင်ငံတွေရဲ့ ထုံးစံအတိုင်းပဲ တခမ်းတနား ချီးမွမ်းခန်း ဖွင့်ထားတယ်။ ဒီက အစိုးရရဲ့ သတင်းစာ တွေထဲမှာ အမြဲဖတ်နေရတဲ့ပုံစံလိုပဲ” ဟု ဂျာနယ်ပါ သ၀ဏ်လွှာကို ဖတ်ရှုခဲ့သည့် ရန်ကုန် စာဖတ်ပရိသတ် တဦးက ပြောသည်။

မြန်မာ စစ်အစိုးရနှင့် မြောက်ကိုရီးယား အစိုးရတို့အကြား နျူကလီးယား လက်နက်ထုတ်လုပ်ရန်နှင့် စစ်လက်နက်ပစ္စည်းများ ရောင်းဝယ်ရန် ပူးပေါင်းဆောင်ရွက်လျက်ရှိသည် ဟု နိုင်ငံတကာက သံသယ ရှိနေချိန်တွင် မြန်မာနိုင်ငံ စာပေစိစစ်ရေးက ထိုမြောက်ကိုရီးယား သ၀ဏ်လွှာကို ဂျာနယ်တွင် ထည့်သွင်းခွင့် ပြုလိုက်သည်မှာ စစ်အစိုးရအနေနှင့် မြောက်ကိုရီးယားနှင့် ရင်းရင်းနှီးနှီး ဆက်ဆံနေဆဲ ဖြစ်သည်ကို နိုင်ငံတကာမြင်အောင် ပြသရာရောက်ကြောင်း ရန်ကုန်မြို့ခံများက သုံးသပ်သည်။

“ဂျာနယ်မှာ ဒီလို မြောက်ကိုရီးယားနိုင်ငံအကြောင်း ဟိမ၀န္တာချီးမွမ်းခန်း ဖွင့်ထားတဲ့ စာကို ဖော်ပြခွင့် ပြုတယ်ဆိုတာက မြောက်ကိုရီးယားကို နိုင်ငံတကာက ဘယ် လောက်ပဲ အသိအမှတ် မပြုပေမယ့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ သူ့အစိုးရက အသိအမှတ်ပြုတယ်ဆိုတဲ့ သဘောကို ပြတာ” ဟု ရန်ကုန် မြို့ခံ သတင်းစာဆရာကြီးတဦးက ပြောသည်။

အဆိုပါ သ၀ဏ်လွှာအောက်ဆုံးပိုဒ်တွင် ကင်ဂျုံအီးလ်သည် တောင်ကိုရီးယားနှင့် ပြန်လည် ပေါင်းစည်းရေး ဆောင်ရွက်ရန်လည်း စိတ်အားထက်သန်နေသည်ဟု ဖော်ပြပါရှိသည်။

ယခုနှစ်၊ ဖေဖော်ဝါရီလကလည်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအီးလ်အတွက် မွေးနေ့ ဆုတောင်းလွှာကို The Voice ဂျာနယ်တွင်ဖော်ပြခဲ့ပြီး မြန်မာနိုင်ငံ ဆိုင်ရာ မြောက်ကိုရီယားသံရုံးက ပြုလုပ်သော ကင်ဂျုံအီးလ်၏ မွေးနေ့ အခမ်းအနားသို့လည်း မြန်မာစစ်အစိုးရ အဆင့်မြင့် စစ်ဗိုလ်ချုပ်ကြီး တဦး တက်ရောက်သည်ကို မြန်မာ့အလင်းနှင့် ကြေးမုံ သတင်းစာများက တခမ်းတနား ဖော်ပြခဲ့ကြသည်။

မြန်မာနိုင်ငံ စာပေစိစစ်ရေးဌာနသည် မြောက်ကိုရီးယားနှင့် ပတ်သက်သော အပေါင်းလက္ခဏာ ဆောင်သည့် သတင်းများကို ပြည်တွင်းဂျာနယ်များတွင် ထည့်သွင်းခွင့် ပြုသော်လည်း မြောက်ကိုရီးယားနှင့် ပတ်သက် သည့် ဒုက္ခသည်သတင်း၊ စားနပ်ရိက္ခာ ပြတ်လပ်၍ မြောက်ကိုရီးယားပြည်သူများ အခက်အခဲ ဖြစ်နေသည့် သတင်း အပါအ၀င် အနုတ်လက္ခဏာ ဆောင်သော သတင်းများကိုမူ လုံးဝထည့်သွင်းခွင့်မပြုဘဲ ဖြုတ်ပယ် လေ့ရှိကြောင်း ရန်ကုန်စာနယ်ဇင်း အသိုင်းအ၀ိုင်းမှ စုံစမ်းသိရှိရသည်။

“မြန်မာနိုင်ငံကို စစ်လက်နက်ပစ္စည်းတွေတင်ပြီး ဦးတည်ခုတ်မောင်း လာတယ်ဆိုတဲ့ မြောက်ကိုရီးယား သင်္ဘောကို အမေရိကန်ရေတပ်က နောက်ယောင်ခံ လိုက်နေတယ်ဆိုတဲ့ သတင်းတွေကိုလည်း
စာပေစိစစ်ရေးက လုံးဝ ဖော်ပြခွင့်မပေးဘူး” ဟု ပြည်တွင်း သတင်းသမားတဦးက ပြောသည်။

စစ်အစိုးရ ဗိုလ်ချုပ်ကြီးသူရရွှေမန်း မြောက်ကိုရီးယားသို့ လျှို့ဝှက်သွားရောက်ပြီး မြောက်ကိုရီးယား စစ်ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သည့် ခရီးစဉ်သတင်း၊ နေပြည်တော်တွင် လျှို့ဝှက်လိုဏ်ဂူကြီးများ တည်ဆောက်နေသည်ဆိုသော သတင်းများ ကမ္ဘာ့သတင်းမီဒီယာ များသို့ ပေါက်ကြားခဲ့ခြင်းကြောင့် မြန်မာနိုင်ငံနှင့် မြောက်ကိုရီးယားတို့၏ ဆက်ဆံရေးကို နိုင်ငံတကာက အထူးအာရုံစိုက်လာခဲ့သည်။

စစ်အစိုးရသည် စီးပွားရေးချွတ်ခြုံကျနေသော မြန်မာပြည်သူများ၏ စားဝတ်နေရေးကို လျစ်လျူရှုပြီး အာဏာတည်မြဲရေးအတွက် အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ ကုန်ကျနိုင်သော နျူကလီးယား လက်နက်ပိုင်ဆိုင်ရေးကိုသာ ကြိုးစားလုပ်ဆောင် လာခြင်းသည် နိုင်ငံတကာနှင့် မြန်မာပြည်သူများအတွက်
ရင်လေးဖွယ်ဖြစ်သည်ဟု ရန်ကုန် အခြေစိုက် လစဉ်ထုတ် မဂ္ဂဇင်းတစောင်မှ အမှုဆောင်အယ်ဒီတာ တဦးက သုံးသပ်သည်။

“လူတွေ ဘယ်လောက်ငတ်ငတ်၊ အစိုးရက အာဏာတည်မြဲဖို့၊ နျူကလီးယားလက်နက်ရဖို့ မြောက် ကိုရီယားလို ရုရှလို နိုင်ငံတွေနဲ့ ပေါင်းပြီး လုပ်နေတာ ထင်ရှားပါတယ်” ဟု ထိုအယ်ဒီတာက ပြောသည်။

ဦးနေ၀င်း အစိုးရလက်ထက် ၁၉၈၃ ခုနှစ်တွင် တောင်ကိုရီးယား သမ္မတချန်ဒူးဝမ် မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီး  လာရောက်လည်ပတ်ခဲ့စဉ် မြောက်ကိုရီးယားက လုပ်ကြံသဖြင့် လိုက်ပါလာသည့် တောင်ကိုရီးယား အစိုးရအရာရှိကြီးများ အပါအ၀င် လူ ၂၁ ဦးသေဆုံးခဲ့သည့်အတွက် မြန်မာနိုင်ငံက
မြောက်ကိုရီးယားနှင့် သံတမန် ဆက်ဆံရေးဖြတ်တောက်ခဲ့သည်။

၂၀၀၇ ခုနှစ်တွင် နအဖ စစ်အစိုးရက မြောက်ကိုရီးယားနှင့် သံတမန်ဆက်သွယ်ရေး ပြန်လည်စတင်ခဲ့ပြီး ၂၀၀၇ ခုနှစ် နိုဝင်ဘာလတွင် နှစ်နိုင်ငံ သံအမတ်ကြီးအဆင့် ထားရှိကာ ရန်ကုန်တွင် မြောက်ကိုရီးယား သံရုံးကို တရားဝင် ပြန်လည်ဖွင့်လှစ်ခွင့် ပေးခဲ့သည်။

၂၀၀၈ ခုနှစ်အတွင်းတွင် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး နှစ်ဦး အပြန်အလှန် ချစ်ကြည်ရေး ခရီးစဉ်များ ပြုလုပ်ခဲ့ပြီး ၂၀၀၈ ခုနှစ် နိုဝင်ဘာလတွင် နှစ်နိုင်ငံအစိုးရ အရာရှိများဖြစ်သည့် သံတမန်များနှင့် ၀န်ထမ်းများ ပြည်ဝင်ခွင့် ဗီဇာကင်းလွတ်ခွင့် စာချုပ်ကို တရားဝင်ချုပ်ဆိုခဲ့ ကြသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်