ကချင်ပါတီ အဖွဲ့ဝင် ၈၀၀ ရပြီဟုဆို

E-mail Print
ကချင် လွတ်လပ်ရေး အဖွဲ့ (KIO) မှ နှုတ်ထွက်ပြီး နိုင်ငံရေး ပါတီတခု ထူထောင်ထားရာ ပါတီဝင် ၈၀၀ ခန့် စည်းရုံးနိုင်ပြီ ဖြစ်ကြောင်း ထိုပါတီ၏ ခေါင်းဆောင်တဦးက ပြောသည်။

ကချင် ပြည်နယ် တိုးတက်ရေး ပါတီ (KSPP) ဟု အမည်ပေးထားသော ၎င်းတို့၏ ပါတီသည် တရားဝင် မှတ်ပုံတင်ရန် ရွေးကောက်ပွဲ ဥပဒေကို စောင့်ဆိုင်းနေသည်ဟု ပါတီ ခေါင်းဆောင်တဦးဖြစ်သူ ဒေါက်တာ မနန်တူးဂျာက ပြောသည်။

၂၀၀၈ ခုနှစ် ဇူလိုင်လက ဒေါက်တာ မနန် တူးဂျာ ခေါင်းဆောင်သောအဖွဲ့ ၊ နယ်ခြားစောင့်တပ် အဖြစ် လက်ခံထားသော ကချင် ဒီမိုကရေစီသစ် တပ်မတော် (NDA-K) နှင့် ကချင် အတိုင်ပင်ခံ ကောင်စီ (KCC) တို့က ကချင်ပြည်နယ် အသွင် ကူးပြောင်းရေး အမှုဆောင်အဖွဲ့ကို ဖွဲ့စည်းခဲ့သည်။  

ယင်းမှ တဆင့် ယခုနှစ် မတ်လတွင် ကချင်ပြည်နယ် ကိုယ်စားပြု နိုင်ငံရေးပါတီအဖြစ် KSPPကို ဖွဲ့စည်းခြင်းခဲ့ခြင်း ဖြစ်သည်။

ဒေါက်တာ မနန် တူးဂျာက သူ အပါအ၀င် ၅ ဦးသည် ကချင် လွတ်လပ်ရေး အဖွဲ့(KIO) ခေါင်းဆောင်အဖြစ်မှ နှုတ်ထွက်ခဲ့ကြောင်း၊ ၂၀၁၀ ရွေးကောက်ပွဲအတွက် နိုင်ငံရေး ပါတီ လုပ်ငန်းစဉ်များကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဧရာဝတီကို ပြောသည်။

“ နိုင်ငံရေး ပါတီ အရေးကို အာရုံစူးစိုက် လုပ်ဆောင် သွားရင် အကောင်းဆုံး ဖြစ်မယ် ဆိုတဲ့ သဘောထားနဲ့  KIO အဖွဲ့ဝင် ၅ ဦးက ဗဟိုအဖွဲ့ကနေ နှုတ်ထွက်ခွင့်တောင်းတယ်၊  KIO အနေနဲ့ကလည်း ၂၀၁၀ ရွေးကောက်ပွဲကို မဆန့်ကျင်ဘူး၊ ပြည်သူဘက်က ပါတီ ထူထောင်ပြီးတော့၂၀၁၀ ရွေးကောက်ပွဲကိုလည်း အားပေးတယ်” ဟု ဒေါက်တာ မနန် တူးဂျာက ရှင်းပြသည်။

သို့သော်လည်း ၎င်းတို့ ၅ ဦး KIO မှ နှုတ်ထွက်သွားခြင်း မဟုတ်ဘဲ တာဝန်မှ ဖယ်ရှားခံရခြင်းသာ ဖြစ်သည် ဟူသော သတင်းများလည်း ထွက်ပေါ်နေသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၅ ရက်နေ့ကလည်း ကချင် နိုင်ငံရေး၊ စစ်ရေး ခေါင်းဆောင်များနှင့် ကချင် လူထု ကိုယ်စားလှယ်များ အကြား ဆွေးနွေးပွဲ တရပ်ကို KIO ဌာနချုပ် ရှိရာ ကချင်ပြည်နယ် လိုင်ဇာမြို့တွင် ၂ ရက်ကြာ ကျင်းပခဲ့သည်။

KIO အနေဖြင့် အသွင်ကူးပြောင်းရေးကို စစ်အစိုးရနှင့် ဆက်လက် ဆွေးနွေးသွားမည် ဖြစ်ကြောင်း၊ နိုင်ငံရေး အရ တွေ့ဆုံ ဆွေးနွေးရေး အဖြေရှာသွားရန် လိုကြောင်း၊ စစ်ရေးအရ အဖြေရှာခြင်းကို မထောက်ခံကြောင်း၊ တပ် နှင့် ပတ်သက်ပြီး နယ်ခြားစောင့်တပ် ဆိုခြင်းထက် ကချင်ဒေသ လုံခြုံရေးတပ် အဖြစ် ဖွဲ့စည်းရန် လိုလားကြောင်း လူထု အစည်းအဝေးပွဲ၌  တက်ရောက်သူ လူထုကိုယ်စားလှယ် စုစုပေါင်း ၃၂၄ ဦးက ဆုံးဖြတ်သည်ဟု KIO အထွေထွေ အတွင်းရေးမှူး ဒေါက်တာ လဂျာ က ဧရာဝတီကို ပြောသည်။

ကချင်ဒေသ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ အဖြစ်မှ နယ်ခြားစောင့်တပ် အဖြစ် အသွင်ပြောင်းရေးနှင့် ပတ်သက်၍ KIO နှင့် မြန်မာ့ တပ်မတော်တို့ ၇ ကြိမ်ခန့် တွေ့ဆုံ ညှိနှိုင်းခဲ့ပြီး ဖြစ်သည်။ ယခု ရက်ပိုင်းတွင်လည်း မြစ်ကြီးနားမြို့တွင် ထပ်မံဆွေးနွေးမည်ဖြစ်ကြောင်းသိရသည်။

နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရေးနှင့် ပတ်သက်ပြီး စစ်အစိုးရက အောက်တိုဘာလတွင် အပြီးသတ် ဆွေးနွေးရန် ပြောဆိုထားသော်လည်း KIO က လိုက်လျောရန် မဖြစ်နိုင်ကြောင်း ဒေါက်တာ မနန် တူးဂျာ က ပြောသည်။

“ ဒီဘက်က အဖွဲ့အစည်း(KIO) အနေနဲ့တော့ အဆင်သင့် ဖြစ်ဖို့ကတော့ အလားအလာ သိပ်မတွေ့ရဘူး၊ အချိန်ကတော့ တော်တော် များများ ယူရမယ့် သဘောရှိနေတယ်”  ဟု ဒေါက်တာ မနန် တူးဂျာက ပြောသည်။

မြန်မာ တပ်မတော်နှင့် အကြိမ်ကြိမ် ဆွေးနွေးခဲ့ပြီး ဖြစ်သော်လည်း KIO ၏ သဘောထားနှင့် ရပ်တည်ချက်ကို စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချူပ်မှူးကြီး သန်းရွှေထံမှ မည်သို့မျှ တုန့်ပြန်ခြင်း မရှိကြောင်း၊ ယခု နိုင်ငံရေးအရ ဆွေးနွေးရန် ပြီးဆုံးပြီဟု သုံးသပ်ကြောင်း ထိုင်းနိုင်ငံ အခြေစိုက် ကချင်သတင်းဌာန Kachin News Group အယ်ဒီတာ လဖိုင် နော်ဒင်းက ပြောသည်။

လဖိုင် နော်ဒင်းက “ KIOနဲ့ သက်ဆိုင်ရာ တိုင်းမှူးတွေနဲ့ အကြိမ်ကြိမ် ဆွေးနွေးတယ်၊ အထက်ကို မရောက်ဘူး၊ အခုအချိန်မှာ နိုင်ငံရေးအရ ပြီးသွားပြီလို့ ကျနော်မြင်တယ်၊ နအဖ ဘက်က နယ်ခြားစောင့်တပ် တောင်းတယ်၊ KIO ဖက်က သန်းရွှေနဲ့ တွေ့ပြီး KIO သဘောထား တင်ပြ တောင်းဆိုတဲ့ အပိုင်းတွေမှာ ဘာမှ အဖြေမရဘူး၊ အခြေအနေကတော့ နိုင်ငံရေးအရ ဆွေးနွေးဖို့က KIO ဘက်က ပြီးသွားပြီ၊ နအဖ ဘက်ကသာ ဘယ်လို ဖြစ်လာမလဲ၊ အဲဒီတော့ နအဖဘက်က ဖန်တီးနိုင်တဲ့ ပြည်သူ့စစ် (တပ်ဖွဲ့) ပဲ ဖြစ်လာနိုင်တယ်”  ဟုပြောသည်။
 
ကချင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ဖြစ်သည့် KIO အဖွဲ့သည် ၁၉၆၁ ခုနှစ်တွင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပြီး ၁၉၉၄ ခုနှစ်တွင် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး ပြုလုပ်ခဲ့သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်