ဈေးကွက်တွင်း တရုတ် ကုန်ပစ္စည်း အဝင်လျော့

E-mail Print
တရုတ်-မြန်မာနယ်စပ် ကိုးကန့်ဒေသတွင် မကြာသေးခင်က ဖြစ်ပွားသော တိုက်ပွဲအခြေအနေ များကြောင့် မြန်မာနိုင်ငံတွင်းသို့ တရုတ်ကုန်ပစ္စည်း တင်သွင်းနေသော ကုန်သည်များက ကုန်သွယ်မှု ရပ်ကျဆင်းသွားသည့် အတွက် ယခုအခါ ဈေးကွက်တွင်း တရုတ်ကုန်ပစ္စည်းများ ရှားပါးလာနေကြောင်း သိရှိရသည်။

ရန်ကုန်မြို့ ယုဇန ပလာဇာဈေးတွင် ယင်းတရုတ်ကုန်ပစ္စည်းများ ပြတ်လပ်နေပြီဖြစ်သောကြောင့် ဈေးမတက် ရန် ထိန်း၍ ရောင်းချနေရသည်ဟု တရုတ်နိုင်ငံထုတ် မုန့်မျိုးစုံရောင်းသော ကုန်သည်တဦးက ပြောသည်။
 
“ဈေးကွက်ထဲမှာက အရင်ပစ္စည်းတွေချည်းပဲ၊ လက်ကျန်တွေနဲ့ လှောင်ထားတဲ့ ဟာတွေ ထုတ်ရောင်းတဲ့သူ က ရောင်းတယ်၊ ပစ္စည်းသစ်ကတော့ ဘယ်သူမှ မရကြဘူး၊ဈေးမတက်အောင် ထိန်းရောင်းနေကြလို့ ဈေးက အရင်လက ဈေးနဲ့ပဲရနေတာ၊ ဒီလကုန်ပိုင်းထိ ပစ္စည်းဆက်မရနိုင်ဘူးဆိုရင်တော့ ဈေးတက်လာ တော့မှာပဲ” ဟု ၎င်းက ပြောဆိုသည်။

ရန်ကုန်မြို့ရှိ မင်္ဂလာဈေး၊ ယုဇန ပလာဇာဈေး၊ ညောင်ပင်လေးဈေး၊ သိမ်ကြီးဈေး စသည့် ဈေးများတွင် တရုတ် ကုန်ပစ္စည်းသစ်မ၀င်တော့သည်မှာ ၁၀ ရက်ကျော်ကျော် ကြာနေပြီဖြစ်ကြောင်း၊ လက်ရှိ ၀င်နေသော စားသောက်ကုန်၊ လူသုံးကုန်နှင့် ဆေးဝါးများ၊ လျှပ်စစ်ပစ္စည်များမှာလည်း ပုံမှန်ထက် ၃ ပုံ ၂ ပုံခန့်သာ ရှိကြောင်းလည်း သူက ဆိုသည်။

လက်ရှိဈေးကွက်အတွင်း၌ နို့မှုန့် ၊ ဘီစကစ်မုန့်နှင့် ခေါက်ဆွဲခြောက် တချို့မှာ ပစ္စည်းပြတ်နေကြောင်း၊ ယခု ရက်ပိုင်းအတွင်း ရွှေလီဘက်သို့ ပစ္စည်းသွားဝယ်မည့်ကုန်သည်များ ရှိသော်လည်းတိုက်ပွဲအခြေအနေကို  လေ့လာနေရကြောင်း ညောင်ပင်လေးဈေးရှိ တရုတ်ကုန်သည်ကြီးတဦးက ဆိုသည်။

မင်္ဂလာဈေးသို့ တရုတ် ကုန်ပစ္စည်းများ တင်သွင်းနေသော ကုန်သည်ကြီးတဦးကလည်း“နယ်စပ်ကို ဘယ်သူ မှ မသွားရဲဘူး၊ ဟိုမှာက အခြေအနေဆိုးနေတုန်းပဲလို့ ကြားတော့  ဒီဘက်က ဟိုဘက်ကို မသွားရဲဘူး ဆို တော့ ပစ္စည်းသစ်လည်း မ၀င်ဘူးပေါ့၊ မူဆယ်တို့ မန္တလေးတို့မှာရှိတဲ့ ကုန်သည်ကြီးတွေဆီကနေ ပြန်ယူနေရ တာပဲ ရှိတယ်၊ ဈေးကတော့ တက်တော့မှာပဲ”ဟု ဆိုသည်။

ပြီးခဲ့သည့် သြဂုတ်လအတွင်းက ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်-မြန်မာ နယ်စပ် ကိုးကန့်ဒေသတွင် မြန်မာ စစ်အစိုးရတပ်နှင့် ကိုးကန့်တပ်ဖွဲ့ဝင်များအကြား တိုက်ပွဲများဖြစ်ပွားခဲ့ရာ ယခုအချိန်အထိ အေးချမ်းမှုမရှိသေး ကြောင်း၊ လုယက်မှုများ၊ ခိုးမှုများ၊လူသတ်မှုများနှင့် တခြားသော ရာဇ၀တ်မှုများဖြစ်ပွားနေသည့်အတွက်
တရုတ် ပစ္စည်းများ တင်သွင်းနေကြသော ကုန်သည်များမှာ ပစ္စည်းသစ် တင်သွင်းမှုကို ခေတ္တရပ်ဆိုင်းထားကြ ခြင်းဖြစ်ကြောင်းလည်း ၎င်းက ပြောဆိုသည်။

မန္တလေးမြို့မှ ကုန်သည်ကြီးတဦးကလည်း မန္တလေးသို့ အဓိကတင်သွင်းရောင်းချနေသည့် ကုန်ပစ္စည်းများ၏ ၇၀ ရာခိုင်နှုန်းမှာ တရုတ်ပစ္စည်းများသာဖြစ်ကြောင်း၊ စားသောက်ကုန်၊ လူသုံးကုန်၊ အိမ်ဆောက်ပစ္စည်း၊ လျှပ် စစ် ပစ္စည်း စသည့် ပစ္စည်းများမှာ တရုတ်-မြန်မာ နယ်စပ်ဘက်မှ  ၀င်ရောက်လာခြင်းဖြစ် ကြောင်း ပြောဆို သည်။

“ကျနော်တို့ဆီမှာ နှစ်လ သုံးလ ရောင်းမကုန်နိုင်တဲ့ပစ္စည်းတွေတော့ရှိသေးတယ်၊ ဒါပေမယ့် အသစ်ဘယ် အချိန် ၀င်မလဲဆိုတာ မသိနိုင်သေးတဲ့အတွက်တော့ ဂရုစိုက်ပြီး ရောင်းနေရတယ်”ဟု အဆိုပါ ကုန်သည်က ဆိုသည်။

လက်ရှိ ဈေးကွက်အတွင်း ၀င်ရောက်နေသော ပစ္စည်းများမှာ တရုတ်ကုန်သည်ကြီးများ၏ လက်ကျန်ပစ္စည်း များနှင့်စုဆောင်းထားသော ပစ္စည်းများ ဖြစ်ကြောင်း၊ ပစ္စည်းသစ် မသွင်းနိုင်သောကြောင့် ပစ္စည်းဝင်ရောက်မှု လျော့နည်းသွားခြင်းဖြစ်ကြောင်း၊ တရုတ်နိုင်ငံထုတ်ကုန်ပစ္စည်းများ ဈေးမြင့်တက်ခြင်း၊ ပစ္စည်းပြတ်လပ်ခြင်း များ ဖြစ်နိုင်ကြောင်း သူက သုံးသပ်ပြောဆိုသည်။

တခြားသောကုန်သည်ကြီးများကလည်း ကိုးကန့် ဒေသ တိုက်ပွဲသည် မြန်မာနိုင်ငံ၏ စီးပွားရေးကို အကြီး အကျယ်ထိခိုက်မှု မရှိသေးကြောင်း၊ ကုန်သွယ်ရေး ထိခိုက်မှုရှိလာကြောင်း၊ အခြေအနေအေးချမ်းရန် မဆောင်ရွက်နိုင်ပါက ပြည်တွင်းတွင် တရုတ်ပစ္စည်းများ ဈေးအဆမတန်မြင့်တက်ခြင်း၊ ပြတ်လပ်ခြင်းတို့နှင့် ရင်ဆိုင်ရဖွယ်ရှိကြောင်း ပြောဆိုကြသည်။

“ကိုးကန့်တိုက်ပွဲက ပြည်တွင်းစီးပွားရေးကို အတိုင်းအတာ တခုလောက်ထိတော့ ထိခိုက်ပါတယ်၊ ပြောရ လောက်အောင် မဖြစ်သေးပေပမယ့် ခုတောင်ပစ္စည်းသစ်မ၀င်တော့ဘူးလေ၊ ပြည်သူတွေ ဈေးတက်ပြီး ၀ယ်ကြရတော့မယ်”ဟု မန္တလေးမှ တရုတ်ကုန်သည်က ဆိုသည်။

ထို့အပြင် မြန်မာနိုင်ငံတွင် နေထိုင်ကြီးပြင်းခဲ့ကြသော တရုတ်လူမျိုး၊ ကိုးကန့်လူမျိုး နှင့် ၀လူမျိုးများမှာ ကိုးကန့် တိုက်ပွဲနှင့်ပတ်သက်ပြီး စစ်အစိုးရ၏ သဘောထားအပေါ် စိတ်ပူပန်မှုများရှိနေကြကြောင်း သူက ဆက်လက်ပြောဆိုသည်။

“ကိုးကန့်အပြင် ၀ ပါလာရင်တော့ အခြေအနေက တမျိုးဖြစ်တော့မှာပဲ၊ လားရှိုးကကျနော့်အမျိုးတွေတောင် မြန်မာပြည်ထဲမှာ မနေရဲကြတော့ဘူး၊ ညဆိုရင် မြန်မာစစ်တပ်တွေက ပေါ်တာဝင်ဆွဲတာ တော်တော်ကြမ်း တယ်လို့ ပြောကြတယ်၊ လားရှိုးမြို့ရဲ့ တ၀က်လောက် က ကိုးကန့်နဲ့ ၀ လူမျိုးတွေ နေထိုင်ကြတာကိုး” ဟု
သူက ပြောသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)သို့ ရောက်လာသော မြန်မာစစ်တပ်များမှာ စစ်ပစ္စည်းထမ်းရန်အတွက် ပေါ်တာ သမားများအဖြစ် တရုတ်၊ ကိုးကန့်၊ ၀ စသည့် လူမျိုးများအား ရွေးချယ်ခိုင်းစေလျက်ရှိသည်ဟု ကြားရ ကြောင်းလည်း သူက ပြောဆိုသည်။

ရန်ကုန်မြို့တွင်းရှိ ကိုးကန့် စားသောက်ဆိုင်တဆိုင်ကလည်း ကိုးကန့် တိုက်ပွဲကြောင့် ပြည်တွင်းရှိ ကိုးကန့် လူမျိုးများကို အာဏာပိုင်များဘက်မှ စောင့်ကြည့်ခံနေရကြောင်း ပြောဆိုသည်။

ယနေ့ထုတ် စစ်အစိုးရ မြန်မာ့အလင်းသတင်းစာ၌ ယင်းကိုးကန့် ဒေသတွင် တည်ငြိမ်အေးချမ်းလာပြီဖြစ် သောကြောင့် ပြီးခဲ့သော သြဂုတ်လ ၂၉ ရက်ရက်နေ့မှ ယမန်နေ့အထိ တရုတ်နိုင်ငံဘက်သို့ ခိုလှုံသွားသည့် ဒေသခံ ဒုက္ခသည်များထဲမှ ၁၄၂၅၃ ဦး လောက်ကိုင်မြို့သို့ ပြန်လည်ဝင်ရောက်လာကြောင်း၊ ဒေသတခုလုံး ၏ အုပ်ချုပ်ရေး လုပ်ငန်းများ ပုံမှန်ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားသည်။

ယမန် နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင်လည်း ကိုးကန့်ဒေသရှိ ပြည်သူများ သက်သာ ချောင်ချိရေး အတွက် ဒေသအာဏာပိုင်များက လောက်ကိုင်မြို့တွင် ကြက်သားနှင့် ငါးများကို ဈေးနှုန်းချိုသာစွာနှင့် ကုန် တင်ယာဉ်များဖြင့် လှည့်လည် ဖြန့်ဖြူးရောင်းချပေးလျက် ရှိကြောင်း၊ ကုန်စုံဆိုင်များ၊ ဈေးဆိုင်များ၊ စတိုးဆိုင် များ ဖွင့်လှစ်ရောင်းချ ကာ ပုံမှန်အခြေ အနေ အတိုင်း စည်ကားလျက်ရှိကြောင်း၊ နယ်မြေခံတပ်မှလည်း ရေနုတ်မြောင်း တူးဖော် ခြင်း၊ သန့်ရှင်းရေး ပြုလုပ် ခြင်းများကို စုပေါင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရေးသားထားသည်။

 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်