စာပေစိစစ်ရေး မူဝါဒ ပြောင်းလဲသွားပြီလား

E-mail Print
လတ်တလော ပြည်တွင်း သတင်းဂျာနယ်များတွင် ပါရှိနေသည့် သတင်းများ၊ ဆောင်းပါးများ၊ ဓာတ်ပုံများ အရ မြန်မာနိုင်ငံစာပေ စိစစ်ရေး၏ မူဝါဒ ပျော့ပြောင်းခြင်းလား ဆိုသည့် မေးခွန်း ကို ပြည်တွင်းပြည်ပ လေ့လာသူတို့ အကြား မေးမြန်းနေကြသည်။

မကြာသေးမီက ဖြန့်ချိခဲ့သည့် လျှပ်တပြက်ဂျာနယ်တွင် “စာပေစိစစ်ရေး မူဝါဒပြောင်းလဲပြီ၊ ယခင် ကန့်သတ်ထားသည့် အမည်များ ဖော်ပြခွင့်ပြု” ဆိုသည့် သတင်းဆောင်းပါးကို ဖော်ပြထားသကဲ့သို့ ယခင်က ကန့်သတ်ထားသည့် ကွယ်လွန်သူ ကဗျာဆရာကြီး ဦးတင်မိုး၏ဆောင်းပါး၊ ကွယ်လွန်သူ မင်းသားကြီး ဦးထွန်းဝေ၏ ဓာတ်ပုံများကိုဖော်ပြထားသည်။

ထို့ပြင် ယခင်တပတ်ထုတ် The Voice Weekly ဂျာနယ်တွင်လည်း Washington Post သတင်းစာတွင် ပါရှိသည့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်၏မြေးဖြစ်သူ ဦးသန့်မြင့်ဦး၏ ဆောင်းပါး ကို ကောက်နုတ် ဘာသာ ပြန်ထားသည့် ဆောင်းပါး ဖော်ပြခဲ့သည်။

ရန်ကုန်မြို့နေ စာဖတ်သူများက ယခုကဲ့သို့ အမေရိကန်နိုင်ငံ၏ ထိပ်တန်း သတင်းစာ တစောင်ဖြစ်သည့် Washington Post တွင် ဖော်ပြခံရသည့် မြန်မာတဦးရေးသားသော ဆောင်းပါးကို ပြည်တွင်းဂျာနယ် တစောင်တွင် ဖော်ပြခြင်းမျိုး ယခင်က မမြင်ဘူးခဲ့ဟု ဆိုသည်။

ဦးသန့်မြင့်ဦးရေးသားသော ဆောင်းပါး ကောက်နုတ် ချက်၏ အဓိက ဆိုလိုရင်းမှာ အမေရိကန်နှင့် အနောက်နိုင်ငံများက မြန်မာ စစ်အစိုးရအပေါ် စီးပွားရေး ပိတ်ဆို့အရေးယူခြင်းမှာ အောင်မြင်ခြင်းမရှိ ဟူ၍ ဖြစ်ပြီး ၎င်း စီးပွားရေးပိတ်ဆို့မှု ရုတ်သိမ်းရေးဖြစ်သည်။

ဝေဖန်သူတချို့ကလည်း The Voice Weekly ဂျာနယ်ဖြစ်သောကြောင့် မြန်မာနိုင်ငံစာပေစိစစ်ရေးက ခွင့်ပြုခဲ့ခြင်း ဖြစ်နိုင်သည်ဟု ပြောနေကြသည်။ The Voice Weekly ဂျာနယ်မှာ Living Color အဖွဲ့မှ ထုတ်ဝေဖြန့်ချိ ထားခြင်းဖြစ်ပြီး ၎င်းဂျာနယ်၏ အယ်ဒီတာချုပ် ဦးနေဝင်းမောင်သည် စစ်အစိုးရနှင့် နီးစပ်ပတ်သက်သူအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရသူဖြစ်သည်။

Living Color မီဒီယာအဖွဲ့သည် ၁၉၉၆ ဝန်းကျင်ကတည်းက Living Color လစဉ်သတင်းမဂ္ဂဇင်းကို ထုတ်ဝေခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က စစ်ထောက်လှမ်းရေးခေါင်းဆောင် ဗိုလ်ချုပ်ကြီးခင်ညွန့်၏သား ဦးရဲနိုင်ဝင်း ပိုင်ဆိုင်ခဲ့သည့်အတွက် တခြား ဂျာနယ်၊ မဂ္ဂဇင်းများ မရသည့် အခွင့်အရေးများကို ရရှိခဲ့သည်ဟု သိရှိခဲ့ရသည်။

ရန်ကုန်စာနယ်ဇင်း အသိုင်းအဝန်းကမူ ယခုကဲ့သို့ စစ်အစိုးရကို စီးပွားရေးပိတ်ဆို့မှု ဆန့်ကျင်ရေး ဆောင်းပါး ထည့်သွင်းဖော်ပြခြင်းနှင့် ပတ်သက်၍ The Voice Weekly ဂျာနယ် အယ်ဒီတာချုပ် ဦးနေဝင်းမောင်ကို ဝေဖန်နေကြသည်။

“ဦးနေဝင်းမောင် လုပ်နေတဲ့ပုံက အစိုးရရဲ့လိုင်းကို တင်ပေးနေတဲ့ ပုံပေါက်တယ်။ တွန်းတင်ပေးနေတာ ပေါ်တင်ကြီးဖြစ်နေတယ်။ အဲဒါကို နိုင်ငံရေးအသိုင်းအဝန်းကြားမှာ ဝေဖန်နေကြတယ်” ဟု အမည်မဖော် လိုသူ ရန်ကုန်အခြေစိုက် သတင်းဂျာနယ် တာဝန်ခံအယ်ဒီတာက ပြောသည်။

ယခုတပတ်ထုတ် The Voice Weekly ဂျာနယ်တွင်လည်း မကြာသေးမီကမှ မြန်မာပြည် လာသွားသည့် အမေရိကန် အထက်လွှတ်တော်အမတ် မစ္စတာဂျင်မ်ဝက်ဘ် ၏ The New York Times သတင်းစာပါ ဆောင်းပါးကို ဘာသာပြန်ထားသည့် ကောက်နုတ်ချက် ဖော်ပြထားပြန်သည်။

မစ္စတာဂျင်မ်ဝက်ဘ်သည် အမေရိကန် အထက်လွှတ်တော် အမတ်များကြားတွင် စီးပွားရေးပိတ်ဆို့ အရေးယူမှု ကို ကန့်ကွက်သူဖြစ်ပြီး မြန်မာနိုင်ငံနှင့် အမေရိကန်နိုင်ငံတို့ ပြန်လည်ပူးပေါင်း ဆက်ဆံရေး၊ အမေရိကန် နိုင်ငံက မြန်မာနိုင်ငံကို အကူအညီပေးရေးတို့အတွက် အလေးပေး ပြောကြားသူ ဖြစ်သည်။ ထို့ပြင် မြန်မာ နိုင်ငံကို လည်ပတ်ခဲ့သော ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းပင် မရခဲ့သော အခွင့်အရေးတရပ်ဖြစ်သည့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့နှင့် တွေ့ဆုံခွင့် ရခဲ့သူ၊ စစ်အစိုးရက လက်ခံသူဖြစ်သည်။

၎င်း မြန်မာပြည်မှ ပြန်သွားပြီးနောက်တွင် အစိုးရပိုင် သတင်းစာများ၌ သူ့ကို ချီးကျူးရေးသားသော ဆောင်းပါးများ ဖော်ပြခဲ့ရုံမက စီးပွားရေးပိတ်ဆို့မှု မူဝါဒကို မစ္စတာ ဂျင်မ်ဝက်ဘ်က ပယ်ဖျက်တော့မည့် အနေအထား ရေးသားခဲ့သည်။

ယခုတပတ်ထုတ် The Voice ဂျာနယ်၏ အယ်ဒီတာ့ အာဘော်တွင်လည်း နိုင်ငံရေးသမားဆိုသည်မှာ မစ္စတာဂျင်မ်ဝက်ဘ် ကဲ့သို့ လူကြီးလူကောင်းဆန်ဆန် ပုဂ္ဂိုလ်များ ဖြစ်သင့်သည် ဟု ရေးသားထားသည်။

ရန်ကုန်အခြေစိုက် သတင်းဂျာနယ် တာဝန်ခံအယ်ဒီတာက မြန်မာသတင်းဂျာနယ်လောကတွင် အခွင့်အရေးရသည့် ဂျာနယ်ကြီးများအဖြစ် The Voice Weekly ဂျာနယ်နှင့် Eleven ဂျာနယ်များကို မြင်မိသည်ဟု ဆိုသည်။

The Voice ဂျာနယ်တွင် ဦးသန့်မြင့်ဦးဆောင်းပါး၊ မစ္စတာ ဂျင်မ်ဝက်ဘ် ဆောင်းပါးများ ဖော်ပြခွင့်ရရှိခြင်းနှင့် ပတ်သက်၍ ရန်ကုန်အခြေစိုက် သတင်းဂျာနယ် တာဝန်ခံအယ်ဒီတာ တဦးက “ဒါကတော့ သူတို့ လိုချင်တဲ့ လိုင်းကို ဖော်ပြထားတာကိုး။ The Voice ဂျာနယ်မှမဟုတ်ဘူး၊ ဘယ်ဂျာနယ်ပဲ ဖြစ်ဖြစ် ပေးမှာပဲ” ဟု ဆိုသည်။

ဆက်လက်၍ ၎င်းက စာပေစိစစ်ရေး၏ မူဝါဒမှာ ပျော့ပြောင်းလာခြင်းမဟုတ်ဘဲ မြန်မာနိုင်ငံတွင်းရှိ ပုဂ္ဂလိက မီဒီယာများကို အသုံးချနေခြင်းသာဖြစ်ကြောင်း၊ ယခုလက်ရှိအနေအထားတွင် စစ်အစိုးရ ကျင်းပမည့် ရွေးကောက်ပွဲ နီးလာပြီဖြစ်သောကြောင့် မူဝါဒပြောင်းလဲသည့်ပုံစံ၊ ပျော့ပြောင်းလာသည့်ပုံစံကို ဖော်ဆောင် နေခြင်းသာ ဖြစ်ကြောင်း ပြောသည်။

မြန်မာပြည်တွင်းထုတ် သတင်းဂျာနယ်များကို ပုံမှန်ဖတ်ရှုနေသည့် စာဖတ်ပရိသတ်များကမူ စာပေစိစစ်ရေး၏ မူဝါဒ အနည်းငယ် ပြောင်းလဲလာသည်ဟု သုံးသပ်ကြသည်။

စာဖတ်သူတဦးက ဒေါ်အောင်ဆန်းစုကြည် နာမည်ရှေ့တွင် နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် ဟူသော အသုံး အနှုန်းမျိုး ထည့်ခွင့်ပြုခြင်းမှာ ထူးခြားချက်ဖြစ်သည်ဟု ဆိုသည်။ ယခင်က ဒေါ်အောင်ဆန်းစုကြည်အမည် ကိုပင် ဂျာနယ်၊ မဂ္ဂဇင်းများတွင် ဖော်ပြခွင့် မပြုခဲ့ပေ။

“ဒေါ်အောင်ဆန်းစုကြည် နာမည်ရှေ့မှာ နိုဘဲလ် ငြိမ်းချမ်းရေးဆုရှင်လို့ တပ်လိုက်တာနဲ့ ပျော့ပြောင်းတယ်လို့ ယူဆလို့မရပါဘူး။ ဒီအချိန်မှာ စစ်အစိုးရက နာမည်ယူနေတဲ့အချိန်ဆိုတော့ ဒါလောက်တော့ ခွင့်ပြုမှာပါ။ ဒါလေး ခွင့်ပြုရုံနဲ့ သူတို့အတွက်လည်း ဘာမှမထိခိုက်တဲ့အပြင် ချီးကျူးတောင် ခံရနိုင်သေးတယ်” ဟု ရန်ကုန် အခြေစိုက်အယ်ဒီတာ တဦးက ဆိုသည်။

မြန်မာပြည်တွင်း၌ သတင်းဂျာနယ် အုပ်စုကြီးများအနေနှင့် ထင်ရှားသည်မှာ မြန်မာတိုင်းမ်စ်၊ Eleven မီဒီယာ၊ Living Color၊ ရန်ကုန်မီဒီယာ၊ 7days News ဟူ၍ ၅ ခုခန့်သာရှိပြီး ၎င်းတို့အားလုံးမှာ စီးပွားရေး အရ အောင်မြင်သော ဂျာနယ်အုပ်စုကြီးများ ဖြစ်ကြသည်။

မြန်မာနိုင်ငံစာပေစိစစ်နှင့် မှတ်ပုံတင်ဌာနသည် ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်တွင် ရှိပြီး ယခုအခါ ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်၌ ရှိနေပြီဖြစ်သည်။

လက်ရှိ မြန်မာပြည်တွင် စစ်အစိုးရထိန်းချုပ်ထားသော စာပေစိစစ်ရေး၏ ဖြတ်တောက် အရေးမှုများကြားမှ ပုဂ္ဂလိကပိုင် အပတ်စဉ်ထုတ်နှင့် လစဉ်ထုတ် ဂျာနယ်မဂ္ဂဇင်းပေါင်း ၂၀၀ ကျော် ပုံမှန် ထုတ်ဝေဆဲဖြစ်သည်။

တချို့သော စာနယ်ဇင်းသမားများက ယခင် ထောက်လှမ်းရေးခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်ကြီးခင်ညွန့် လက်ထက်က စာပေစိစစ်ရေးညွှန်ကြားရေးမှူး ဗိုလ်မှူးအေးထွန်းထက် ယခု ဗိုလ်မှူးတင့်ဆွေ လက်ထက်တွင် အနည်းငယ် လွတ်လပ်မှုရှိပြီး အသက်ရှုချောင်သည်ဟု သုံးသပ်ကြသည်။

သို့ရာတွင် ပြည်တွင်းအခြေစိုက် သတင်းဂျာနယ်များအနေနှင့် အလုပ်လုပ်ရသည့်အနေအထားမှာ ယခင်က ကဲ့သို့ စိစစ်ဖြတ်တောက်ခံနေရဆဲသာဖြစ်ပြီး ထိုအကျပ်အတည်းကြားမှ ပြည်သူလူထု သိစေချင်သည့် အချက်များကို ကြိုးစား တင်ပြပေးနေရကြောင်း နာမည်ကြီး သတင်းဂျာနယ် တစောင်၏ အယ်ဒီတာချုပ် တဦးက ရှင်းပြသည်။

“တခါတလေကျတော့လည်း ပရိသတ်ကို ကိုယ်ပေးချင်တာ ပေးနိုင်ဖို့ သွယ်ဝိုက်ပြီး စိစစ်ရေးကလည်း ခွင့်ပြုအောင် ကြိုးစားပေးနေရတယ်။ ဒါပေမယ့် အဲဒီလို ပေးရင်းကကို ကိုယ်ပစ်တာကတခြား ထိတာက တလွဲ ဆိုတာမျိုးလည်း ခဏ ခဏ ကြုံရတယ်” ဟု ၎င်းကဆိုသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်