ရွှေဝါရောင်တော်လှန်ရေး အထိမ်းအမှတ် ဆန္ဒပြ

E-mail Print
စက်တင်ဘာ သံဃာ့လှုပ်ရှားမှု ၂ နှစ်ပြည့် နှစ်ပတ်လည်အထိမ်းအမှတ် ဆန္ဒပြပွဲကို အိန္ဒိယ နှင့် ထိုင်းနိုင်ငံ ရောက် သံဃာတော်များနှင့် မြန်မာ့ဒီမိုကရေစီအင်အားစုများက ယနေ့ကျင်းပကြသည်။

လွန်ခဲ့သည့် ၂၀၀၇ ခုနှစ် စက်တင်ဘာလက မြန်မာပြည် တဝန်းဖြစ်ပွားခဲ့သော သံဃာ့လှုပ်ရှားမှုအား အကြမ်းဖက်နှိမ်နင်းခဲ့ခြင်းကို မမေ့ပျောက်ကြရန်နှင့် စစ်အာဏာရှင်မှ သံဃာထုအား တောင်းပန်လာသည် အထိ ဆက်လက် သပိတ်မှောက်ကံဆောင်သွားရန်အတွက် တိုက်တွန်းနှိုးဆော်သည့်အနေဖြင့် ပြုလုပ်ခြင်း ဖြစ်ကြောင်း အိန္ဒိယနိုင်ငံ နယူးဒေလီ မြို့လယ်ရှိ ဂျန်တားမန်တားပန်းခြံတွင် ဆန္ဒပြပွဲကို ဦးဆောင်နေသည့် သာသနာ့ ဥသျှောင်အဖွဲ့အိန္ဒိယ ဌာနခွဲ ဥက္ကဌ ဦးပညာဇောတ ကမိန့်သည်။

“ရွှေဝါရောင် တော်လှန်ရေးမှာ ပြည်သူကိုယ်စား ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြတာကို သံဃာတွေကို အကြမ်းဖက် ရိုက်နှက် ဖမ်းဆီးခဲ့တာတွေကို မမေ့ဖို့ သံဃာတွေကို ဒီလိုကဲ့ရဲ့ စော်ကား ရှုတ်ချပြုမူတဲ့ စစ်အစိုးရကို ဗုဒ္ဓ ချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ညီညီညွတ်ညွတ် ပတ္တနိက္ကုဇ္ဇန ကံကို ဆက်လက်လုပ်ဆောင်သွားဖို့ မနှောင့် ယှက်ကြဖို့ တိုက်တွန်းပါတယ်” ဟု ဦးပညာဇောတ က မိန့်ဆိုသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုမှ ရဟန်းရှင်လူများ သွေးမြေကျခဲ့ရသည့် ရွှေဝါရောင်တော်လှန်ရေး ၂ နှစ်ပြည့်အချိန်တွင် ပြည်တွင်းပြည်ပရှိ သံဃာတော်များကို စစ်အစိုးရအား ဆက်လက်၍ သပိတ်မှောက် ကံဆောင်ရန် နှိုးဆော်ထားပြီး စစ်အစိုးရမှ သံဃာထုအား ၀န်ချတောင်းပန်ခြင်းမပြုပါက အောက်တိုဘာ ၃ ရက်နေ့မှ စ၍ တတိယအကြိမ် သံဃာ့လှုပ်ရှားမှု ပြုလုပ်မည်ဟု ကြေညာထားသည်။

အဆိုပါ ဆန္ဒပြပွဲတွင် သံဃာ့လှုပ်ရှားမှုကာလအတွင်းက ကျဆုံးသွားသူများ၊ ဖမ်းဆီးခံရသူ အာဇာနည်များကို ဂုဏ်ပြုသောအားဖြင့် တမိနစ် ငြိမ်သက်ခြင်း၊ အိန္ဒိယနိုင်ငံရောက် သံဃာတော်များက မေတ္တာသုတ် ရွတ်ဖတ် ခြင်းတိုကို ပြုလုပ်ကြပြီး ၆ပေခန့်ရှိသည့် 'Burma Devil Than Shwe' ဟု ရေးသားထားသော ကာတွန်း ရုပ်ပြောင်ကို မီးရှို့၍ 'စစ်အာဏာရှင် ကျဆုံးပါစေ' 'စစ်အစိုးရ အလိုမရှိ' ဟု ကြွေးကြော်ခဲ့ကြသည်။

ဆန္ဒပြပွဲ တက်ရောက်လာသည့် မြန်မာ့ဒီမိုကရေစီ အင်အားစု ၁၂၀ ကျော်တို့သည် သာသနာ့အလံများ၊ စက်တင်ဘာကာလအတွင်းက အဖြစ်အပျက်များကို ရိုက်ကူးထားသည့် ဓာတ်ပုံများ၊ ဖမ်းဆီးထိန်းသိမ်း ခံနေ ရသော အရှင်ဂမ္ဘီရ အပါအ၀င် သံဃာတော်များ၏ ပုံများ၊ စက်တင်ဘာအရေးခင်းကာလ အဖြစ်အပျက်များ ကို ထင်ဟပ်ရေးဆွဲထားသည့် ရုပ်ပြောင်ကာတွန်းများကိုလည်း ကိုင်ဆောင်ထားကြသည်။

ယနေ့ ဆန္ဒပြပွဲတက်ရောက်လာသည့် အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ) သဘာပတိအဖွဲ့ဝင် မသင်းသင်း အောင် ကလည်း“၈၈ က စလို့ စက်တင်ဘာ မှာပါ စစ်ခေါင်းဆောင်တွေရဲ့ ရက်စက်စွာ နှိမ်နင်းမှုအောက်မှာ နှိပ်စက် သတ်ဖြတ် ခဲ့တဲ့ လုပ်ရပ်တွေကို သတိ ရမယ်ဆိုရင် ကျမတို့ ဘယ်တော့မှ ကျေမှာ မဟုတ်ဘူး။ အဲဒီလိုမကျေတဲ့အတွက် ကျမတို့မှာ ဘာတွေတာဝန် ရှိ လာလဲ ဆိုတာလည်း အရေးကြီးပါတယ်။ မျိုးဆက် သစ်တွေကို ကျမတို့တွေ ဘာမှားခဲ့လဲ၊ ဘာကြောင့် တော်လှန်ရေး အခုထိ မအောင်မြင်သေးတာလဲ၊ ဘာကြောင့် စစ်အုပ်စုက နှိပ်စက်တာကို ခံနေရသေးလဲ ဆိုတာကို သတိပြုပြီး ဒီသင်ခန်းစာတွေကို လက်ဆင့် ကမ်းရမှာဖြစ်ပါတယ်”ဟု ပြောဆိုသွားသည်။

စက်တင်ဘာ တော်လှန်ရေးတွင် ပါဝင်ခဲ့သော သံဃာတော်တပါးကလည်း ကိုယ်တွေ့ကြုံခဲ့ရသည်များကို ပြန်လည်မိန့်ကြားခဲ့သည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ရှိ မြန်မာသံရုံးရှေ့တွင်လည်း၂နှစ်မြောက် ရွှေဝါရောင်တော်လှန်ရေး နေ့ အထိမ်း အမှတ်အဖြစ် ထိုင်းတက္ကသိုလ်များတွင် ပညာသင်ကြားနေသော ရဟန်းတော် ဆယ်ပါးခန့် ဦးဆောင်ကာ မြန်မာ့အရေးလှုပ်ရှားသူများ၊ ထိုင်းလူမျိုးများ၊ အနောက်နိုင်ငံသားများ စုစုပေါင်း(၅၀)ကျော်က ဆန္ဒပြခဲ့ကြ သည်။

ရှေးဦးစွာ သံဃာတော်များက ရွှေဝါရောင်တော်လှန်ရေးကာလတွင် ရွတ်ဆိုခဲ့ကြသော မင်းကွန်းဆရာတော် ဘုရားကြီး၏ အရပ်ဆယ်မျက်နှာ မေတ္တာပို့ကို ရွတ်ဆိုကြသည်။ ထို့နောက် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့ တပ်ပေါင်းစုကြီး၏ ထုတ်ပြန်ကြေညာချက်ကို ပြည်ပရောက် သံဃာ့တပ်ပေါင်းစုအဖွဲ့(ဘန်ကောက်)မှ အတွင်းရေးမှူး ဆရာတော် ဦး ကုဏ္ဍလက ဖတ်ကြားသည်။

ဦးကုဏ္ဍလက ယနေ့ ပြုလုပ်သော ဆန္ဒပြပွဲနှင့် ပတ်သက်ပြီး“ဦးပဉ္ဇင်းတို့ အခု ဒီသံရုံး ရှေ့မှာ လာပြီး ရွှေဝါရောင်တော်လှန်ရေး ၂နှစ်ပြည့်အထိမ်းအမှတ်လုပ်တာဟာ သာမန်သဘော အထိမ်းအမှတ်လာလုပ် တာမဟုတ်ပါဘူး၊့ အမှန်တရားအတွက် လုပ်ခဲ့တယ်ဆိုတာနဲ့ အမှန်တရားအတွက် ဆက်လုပ်မယ်ဆိုတာကို သစ္စာလာဆိုတာ ဖြစ်တယ်၊ နအဖ စွပ်စွဲသလိုမျိုး ဦးပဉ္ဇင်းတို့ ဟာ သံဃာအတုအယောင် မဟုတ်ဘူး၊ နောက်ပြီး သံဃာ့ကံဆောင်ပွဲဆိုတာ ဘုရားရှင်ခွင့်ပြုတဲ့ အလုပ်ဖြစ်တယ်၊ ဒါကို ဦးပဉ္ဇင်းတို့ မြန်မာပြည် သားအားလုံးနဲ့ ဆိုင်တဲ့ ဟောဒီ မြန်မာသံရုံးရှေ့ မှာ သစ္စာလာဆိုတာ”ဟု မိန့် ကြားသည်၊

ယနေ့တွင် ရန်ကုန်မြို့တွင်း၌လည်း တက်ကြွလှုပ်ရှားသူ လူငယ်များက ၂၀၀၇ ကာလတွင်းက သံဃာတော်များ ကြွချီခဲ့သည့် လမ်းများအတိုင်း ဆေးနီများကို ယနေ့မနက်ပိုင်းက ပက်ဖြန်းခဲ့ကြသည်ဟု အဆိုပါ လှုပ်ရှားမှု တွင် ပါဝင်သူ လူငယ်တဦးကဆိုသည်။

အဆိုပါ ဆေးနီများကို ယနေ့နေ့လယ်ခင်းတွင် စည်ပင်ဝန်ထမ်းများက လိုက်လံဖျက်နေသည်ကို တွေ့ရ ကြောင်းနှင့်  မြို့ တွင်း လူစည်ကားရာ နေရာများတွင် လုံခြုံရေးများ တင်းကြပ်စွာချထားပြီး ကင်းလှည့် ရဲကားများလည်း တွေ့ရသည်ဟု မြို့ခံများကဆိုသည်။

ရွှေဝါရောင်တော်လှန်ရေး စတင်ဖြစ်ပွားရာ ပခုက္ကူမြို့နှင့် အခြားမြို့များဖြစ်သည့် မန္တလေး၊ မြင်းခြံ၊ ညောင်ဦး တို့တွင်လည်း လုံခြုံရေးများ တင်းကျပ်နေပြီး ဘုန်းတော်ကြီးကျောင်းများတွင် သံဃာများကို မျက်ခြည်မပြတ် စောင့်ကြည့်နေမှုများရှိသည်ဟု ဒေသခံများက ပြောပြသည်။

ဤသတင်းအား ထိုင်းနိုင်ငံ ဘန်ကောက်မြို့ အခြေစိုက် ဧရာဝတီ သတင်းထောက် ဘစောတင် ပူးပေါင်း ရေးသားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်