အရေးယူ ပိတ်ဆို့မှုများ ရုပ်သိမ်းမည်မဟုတ်ဟု အမေရိကန်ဆို

E-mail Print
မြန်မာ့ ဒီမိုကရေစီရေးနှင့် ပတ်သက်၍ တိုးတက်မှု တစုံတရာ မရရှိဘဲ အရေးယူ ပိတ်ဆို့မှုများကို ရုပ်သိမ်းမည် ဆိုပါက အမှား တခုဖြစ်နိုင်ကြောင်း အမေရိကန် ပြည်ထောင်စု အရှေ့အာရှ နှင့် ပစိဖိတ် ဒေသဆိုင်ရာ ဒုတိယ နိုင်ငံခြားရေး ၀န်ကြီး မစ္စတာ ကာ့ကမ့်ဘဲလ်က သတိပေး ပြောကြားလိုက်သည်။

မစ္စတာ ကာ့ကမ့်ဘဲလ်က သိပ္ပံနှင့် နည်းပညာဝန်ကြီး ဦးသောင်း၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာ သံအမတ် ဦးသန်းဆွေတို့ ပါဝင်သော  မြန်မာကိုယ်စားလှယ် အဖွဲ့နှင့် တွေ့ဆုံခဲ့ပြီးနောက် ယင်းသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

မစ္စတာ ကာ့ကမ့်ဘဲလ်နှင့် လက်ထောက် စကော့ မာရှယ်တို့ မြန်မာကိုယ်စားလှယ် အဖွဲ့နှင့် နယူးယောက်မြို့တွင် ယမန်နေ့က အချိန် ၂ နာရီကျော် တွေ့ဆုံ ဆွေးနွေးခဲ့သည်။

မစ္စတာ ကာ့ကမ့်ဘဲလ်က“၂ ဘက် တိုက်ရိုက် တွေ့ဆုံ စကားပြောမှ မြန်မာ ခေါင်းဆောင်တွေရဲ့ ရည်ရွယ်ချက်ကို သိနိုင်မှာ ဖြစ်တယ်၊ ဒါပေမယ့် အခု ဆွေးနွေးပွဲက တစုံတရာ အောင်မြင်မှုတော့ မရခဲ့ပါဘူး” ဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ဖမ်းဆီးထားသော နိုင်ငံရေး အကျဉ်းသားများအားလုံးကို ပြန်လွှတ်ပေးရန်၊ အတိုက်အခံ ဒီမိုကရေစီ အင်အားစုများ အပါအ၀င် တိုင်းရင်းသား ခေါင်းဆောင်များနှင့် တွေ့ဆုံ ဆွေးနွေးရန် စစ်အစိုးရအား ၎င်းက တောင်းဆိုလိုက်သည်။

ရိုးသားမှု မရှိသော ကြိုးပမ်းချက်များကြောင့် နိုင်ငံတကာ၏ အသိအမှတ်ပြု ထောက်ခံချက်ကို မရရှိနိုင်ကြောင်း လည်း မစ္စတာ ကာ့ကမ့်ဘဲလ်က စစ်အစိုးရကို သတိပေးလိုက်သည်။

အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရ Philip J.Crowley က“ကျနော်တို့ ရပ်တည်ချက်တွေကို အပြန်အလှန် တုံ့ပြန်ဖလှယ်ဖို့ စတင်လိုက်တဲ့ ဆယ်စုနှစ် တခု အတွင်း ပထမဆုံး တွေ့ဆုံပွဲပါ၊ နောက်ထပ်  ဆွေးနွေးပွဲတွေ ထပ်ဖြစ်ဖို့ မျှော်လင့်ပါတယ်၊ မနေ့က ဆွေးနွေး တာတွေကို ကျနော်တို့ ပြန်လည် သုံးသပ်ဖို့ လိုပါတယ်၊ တစုံတရာ သဘောတူညီချက်တော့ မရရှိသေး ပါဘူး” ဟု ပြောသည်။

ယင်းဆွေးနွေးပွဲတွင် မြောက်ကိုရီးယား-မြန်မာ နျူကလီးယား အစီအစဉ်နှင့် ပတ်သက်၍ အမေရိကန်အစိုးရက စိုးရိမ်ပူပန် နေသည့် အကြောင်းကိုလည်း ဆွေးနွေးခဲ့ကြောင်း ၎င်းက ဆိုသည်။

အမေရိကန် အရီဇိုးနားပြည်နယ် အထက်လွှတ်တော် အမတ် ဂျွန်မက်ကိန်းက မြန်မာစစ်အစိုးအရ အနေဖြင့် အမေရိကန်နှင့် မဆွေးနွေးမီ လိုက်လျောမှု ပြုသင့်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထားပြီး မြန်မာ ပြည်သူလူထုကို ဖိနှိပ်နေသည့် ယုတ်မာကောက်ကျစ်သော စစ်အစိုးရ၏ သိက္ခာတရား ပိုမို ကောင်းမွန်လာခြင်း ကို စိုးရွံမိကြောင်း ယမန်နေ့က ဆိုသည်။

ထို့အပြင် မြန်မာပြည်သို့ မကြာသေးမီက လာရောက် လည်ပတ်ခဲ့ပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဒေါ်အောင်ဆန်း စုကြည်တို့နှင့် တွေ့ဆုံခဲ့သော အမေရိကန် အထက်လွှတ်တော် အမတ် မစ္စတာ ဂျင်မ်ဝက်ဘ်က နိုင်ငံခြား ဆက်ဆံရေး ကော်မတီ ကြားနာပွဲတွင် အမေရိကန် အစိုးရ၏ ပြောင်းလဲလိုက်သည့် မူဝါဒကို ချီးကျူးပြောဆိုလိုက် သည်။

မစ္စတာ ဂျင်မ်ဝက်ဘ်က“မြန်မာပြည်နဲ့ ပတ်သက်ပြီး ကျနော်တို့ ရင်ဆိုင်နေရတဲ့ အနေအထားက နိုင်ငံတနိုင်ငံကို ကမ္ဘာ့ အလယ်က ၀ိုင်းပြီး ပယ်လိုက်မယ်ဆိုရင် ဖြစ်လာနိုင်တဲ့ ဥပမာ တခုပါ” ဟုဆိုသည်။

မစ္စတာ ဂျင်မ်ဝက်ဘ်သည် မြန်မာ့ အရေးနှင့် ပတ်သက်၍ အရေးယူပိတ်ဆို့မှုကို ပြန်လည် ရုပ်သိမ်းပေးပြီး ဖွံ့ဖြိုး တိုးတက်လာသော ဗီယက်နမ်ကို ဥပမာထား ပြောဆိုလေ့ရှိသည်။

စစ်အစိုးရကို ဆန့်ကျင်သူများက “မြန်မာနိုင်ငံသည် ဗီယက်နမ် မဟုတ်” ဟူသော စာတမ်း ပါ အစိမ်းရောင် အကျီများကို ၀တ်ဆင၍် ယင်းကြားနာပွဲသို့ တက်ရောက်ခဲ့ကြသကဲ့သို့ သံဃာတော်များလည်း တက်ရောက်ခဲ့ ကြောင်း သိရသည်။

အဆိုပါကြားနာပွဲသို့ တက်ရောက်လာသော ဒေါက်တာ သန့်မြင့်ဦးက အရေးယူ ပိတ်ဆို့မှုများသည် ဒီမိုကရေစီ အပြောင်းအလဲ အတွက် အကောင်းထက် အဆိုးကိုသာ ဦးတည်စေသည်ဟု ပြောကြောင်း သိရသည်။

အင်ဒီယားနား တက္ကသိုလ် ပါမောက္ခ David Williams က မြန်မာပြည်တွင် တိုးတက်မှု တစုံတရာ မရှိဘဲ အရေးယူ ပိတ်ဆို့မှုများကို ရုပ်သိမ်းလိုက်ပါက အမှားအယွင်း တခု ဖြစ်ကြောင်း၊ စစ်အစိုးရ အပေါ် တရုတ်၏ လွှမ်းမိုးမှုနှင့် အမေရိကန်က နှိုင်းယှဉ်မည် ဆိုပါက တရုတ်ကဲ့သို့ လိုက်လံ မကျင့်သုံးနိုင်သဖြင့် ဆိုးကျိုးသာ ဖြစ်နိုင်ကြောင်း ပြောဆိုသည်။

အမေရိကန် အစိုးရက မြန်မာပြည်ဆိုင်ရာ မူဝါဒသစ်ကို တနလာင်္နေ့တွင် ကြေညာခဲ့သည်။ အမေရိကန်၏ မူဝါဒသစ်ကို ထုတ်ပြန် ကြေညာပြီး နောက်တနေ့တွင် မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံကြခြင်း ဖြစ်သည်။

မူဝါဒသစ်အရ မြန်မာ့ဒီမိုကရေစီအရေး တစုံတရာ ပြောင်းလဲတိုးတက်မှု မရှိသရွေ့ အရေးယူ ပိတ်ဆို့မှုများကို ဆက်လက် ထားရှိမည် ဖြစ်ပြီး မြန်မာအစိုးရနှင့်လည်း တိုက်ရိုက် ဆက်ဆံသွားမည် ဟု ဆိုသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်