စစ်အစိုးရက ပြည်တွင်းစီးပွားရေးလောကတွင် စီးပွားရေးနှင့် ကုန်စည်ကဏ္ဍအလိုက်အသင်းအဖွဲ့များ ဖွဲ့စည်းတည်ထောင်ခွင့်ပြုထားပြီး ၅၀၀၀ ကျပ်တန်ထွက်ရှိချိန် ဖြစ်ပေါ်လာမည့် ငွေကြေးဖောင်းပွမှုနှင့် ဈေးနှုန်းတက်ခြင်းကိုထိန်းချုပ်ရန် ကုန်စည်များအလိုက် ဈေးနှုန်းထိန်းသိမ်းရေး အစည်းအဝေးများ ကျင်းပစေခြင်းဖြစ်သည်ဟု သိရှိရသည်။
“ဆန်ဈေးထိန်းဖို့ ဆိုရင် မြန်မာနိုင်ငံဆန်ကုန်သည်အသင်းက တာဝန်ခံအစည်းအဝေးခေါ် ဈေးထိန်း ညှိရ တယ်။ ရွှေဈေးထိန်းဖို့ဆိုရင်မြန်မာနိုင်ငံရွှေအသင်းက ဦးစီးပြီး အာဏာပိုင်နဲ့ ကုန်ဈေးနှုန်းတည်ငြိမ်ရေး လုပ်ရတယ်။ အခြားကုန်စည်တွေလည်း သက်ဆိုင်ရာကုန်စည်အသင်းအဖွဲ့တွေက တာဝန်ခံဈေးထိန်းရ တယ်”ဟု ရန်ကုန် ဘုရင့်နောင် ပွဲရုံပိုင်ရှင် တဦး ကပြောသည်။
အာဏာပိုင်များနှင့် ကုန်စည်အသင်းအဖွဲ့များကပြုလုပ်သောဈေးနှုန်းတည်ငြိမ်ရေး အစည်းအဝေးများက ထုတ်ပြန်ချမှတ်လိုက်သောစည်းမျဉ်းစည်းကမ်းများကို ကုန်သည်များနှင့် စီးပွား ရေးသမားများ မဖြစ်မနေ
လိုက်နာဆောင်ရွက်ကြရဖွယ်ရှိသည်ဟု ပြည်တွင်းစီးပွားရေး သတင်းရပ်ကွက်မှ စုံစမ်းသိရှိရသည်။
၅၀၀၀ တန်ထွက်ရှိခြင်းကြောင့် ဆန်၊ဆီ နှင့် အခြားသော စားသောက်ကုန်များတက်ရိပ်သာ ပြပြီး အမှန် တကယ် ဈေးမတက်သေးသော်လည်း ရွှေဈေးနှင့် တရားမ၀င်ဒေါ်လာဈေးများ ကသောင်းကနင်း ဖြစ်နေ သောကြောင့် အာဏာပိုင်များက ရွှေဈေးငြိမ်ရန် အထူးအစည်းအဝေးများခေါ်ယူနေသည်ဟု ရွှေလောက သားတဦးက ပြောသည်။
“ရွှေနဲ့ ဒေါ်လာကဆက်စပ် နေတာဆိုတော့ ရွှေဈေးထိန်းတဲ့အစည်းအဝေးအပြင် ငွေဖြူ၊ ငွေမည်း ခ၀ါချတဲ့ ကိစ္စအတွက်လည်း ပြည်ထဲရေးနဲ့ သတ္တုတွင်းဝန်ကြီးဌာနက အစည်းအဝေး ခေါ်ဦးမယ်” ဟု မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်အသင်း ဒုတိယဥက္ကဋ္ဌ ဦးကျော်မြင့်နှင့်နီးစပ်သူ တဦးက ပြောသည်။
၅၀၀၀ တန်ထွက်ရှိမည်ဖြစ်ကြောင်း စတင်ကြေညာပြီးနောက် အကယ်ဒမီအခေါက်ရွှေ ဈေးသည် တကျပ် သားလျှင် ၅၉၉၀၀၀ ကျပ် နှုန်းဖြစ်သွားပြီး ယနေ့တွင်လည်း ၅၉၈၀၀၀ ဈေးဖြစ်ကြောင်း၊ ထို့ကြောင့် ကုန် သည် များ ရွှေမရောင်းကြကြောင်း၊ မကြာမီ ရွှေဈေး ၆ သိန်း ကျော်အထိ ဈေးတက်ရန် ရှိကြောင်း သတင်း ရရှိသည်။
“ရွှေဈေးတက်လွန်းပေမယ့် ရွှေသမားတွေက မရောင်းဘူး။ ဈေးကွက်ကိုလည်း မလာကြဘူး။ ဈေးနှုန်းပဲ ရှိ တယ်။ အမှန်တကယ် ၀ယ်ခြင်း၊ရောင်းခြင်း လုံးဝနေပျောက်တယ်”ဟု ရွှေပန်းထိမ်ပိုင်ရှင် တဦးက ဆိုသည်။
၅၀၀၀ တန်ထုတ်ဝေမည်ဟု ကြေညာချက်ထွက်ပြီး စက်တင်ဘာ၂၅ ရက်က တရားမ၀င်ငွေလဲဈေးကွက်တွင် အမေရိကန် တဒေါ်လာ ၁၁၅၀ ကျပ် မှ ၁၂၀၀ ကျပ်အထိ ဈေးအမျိုးမျိုး ပြောင်းလဲခဲ့ကြောင်း၊ ထို့နောက် တဒေါ်လာ ၁၁၀၀ ထိဈေး ပြန်ကျဆင်းကာ ယမန်နေ့တွင် ဒေါ်လာဝယ်မရသည်အထိ ဖြစ်သွားခဲ့ကြောင်း၊ ယခုအခါ တဒေါ်လာ ၁၁၂၀ ကျပ် ရှိပြီး ဒေါ်လာဝယ်ယူမရသော အခြေအနေတွင်ပင် ဆက်လက်ရှိနေ သည်ဟု သိရှိရသည်။
ငွေစက္ကူသစ်ထုတ်ဝေခြင်းကြောင့် ဖြစ်ပေါ်လာမည့် ဈေးနှုန်းတက်ခြင်းအတွက် အမိန့်အာဏာဖြင့် ကုန်သည် များကို ဖိအားပေးခိုင်းစေခြင်းသည် မှားယွင်းသော လုပ်ရပ်ဖြစ်ကြောင်း၊ ဈေးနှုန်း တက်ခြင်းများကို အခွန် နှုန်းထားလျှော့ချခြင်း၊ အလုပ်အကိုင်အသစ်များ ဖန်တီးပေးခြင်းနှင့် မှန်ကန်သော စီးပွားရေးဆိုင်ရာ မူဝါဒ များဖြင့်သာ ထိန်းကွပ်နိုင်ကြောင်း စီးပွားရေးပညာရှင် တဦးက သုံးသပ်သည်။
“အခွန်တွေလျှော့လိုက်ရင် ထုတ်လုပ်မှုစရိတ်သက်သာလာမယ်။ ထုတ်လုပ်မှု စရိတ် သက်သာလာရင် တက်မယ့်ဈေးက မတက်တော့ဘူး။ အခြား တဘက်မှာလည်း လူတွေအတွက် အလုပ်အကိုင်တွေ ဖန်တီးပေး ရမယ်။ ၀င်ငွေ ပုံမှန်ရှိနေရင် စားဝတ်နေရေးပြေလည်မယ်”ဟု ၎င်းက ဆိုသည်။
စီးပွားရေးကဏ္ဍသည် အမိန့်အာဏာဖြင့် မည်သို့မျှ ဖြေရှင်းမရနိုင်ကြောင်း၊ ငွေကြေးမူဝါဒမှားယွင်းလျှင် စားဝတ်နေရေးအလွန်အမင်း ကျပ်တည်းလာနိုင်သည့်အတွက် အစိုးရ၏ တိုင်းပြည်ဘဏ္ဍရေးနှင့် ငွေကြေး အပေါ် ကိုင်တွယ်မှုသည် အလွန်အရေးကြီးသည်ကြောင်းလည်း ပညာရှင်များက သုံးသပ်သည်။
အဆိုပါ ၅၀၀၀ တန်ထုတ်ဝေခြင်းကြောင့် ကြုံတွေ့ရမည့် စီးပွားရေးပြဿနာများ၊ ငွေဖောင်းပွမှုများ စသည်တို့ကို စာပေစိစစ်ရေးက ပြည်တွင်းမီဒီယာများတွင် ရေးသားဖော်ပြခွင့်မပြုဘဲ ငွေစက္ကူသစ်ကြောင့် ဖြစ်ပေါ်လာသည့် အကျိုးရလာဒ်များကိုသာ ရေးသားခွင့်ပြုသည်ဟု သတင်းရရှိသည်။
“၅၀၀၀ တန်ကြောင့် ပြဿနာဖြစ်လာနိုင်တာတွေကို ရေးထားတဲ့ စာမူတွေ စာပေစိစစ်ရေးက ပယ်တယ်။ အပြုသဘောဆိုရင်တော့ ဖော်ပြခွင့်ရတယ်”ဟု သတင်းဂျာနယ် အမျိုးသမီး အယ်ဒီတာတဦးက ဆိုသည်။
< Prev | Next > |
---|