စစ်တွေ ရထား စီးသူနည်းပါး

E-mail Print
ရခိုင်ပြည်နယ် စစ်တွေမြို့ ပြည်တော်သာဘူတာနှင့် ရေချမ်းပြင်ဘူတာကြား ဖောက်လုပ်ထားသော ရထား လမ်းပိုင်းသည် အန္တရာယ်ဖြစ်နိုင်သည့်အတွက် ရထားစီးသူ အလွန်နည်းပါးလျက်ရှိကြောင်း သတင်းရရှိသည်။

အဆိုပါ ရထားလမ်းပိုင်းကို ပြီးခဲ့သော မေလ (၁၉)ရက်နေ့က ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် ကိုယ်တိုင် ဖွင့်လှစ်ပေးခဲ့သော်လည်း သတ်မှတ်ကာလတွင်ပြီးဆုံးရန်ကိုသာ အဓိကထားသဖြင့် ဇလီဖားတုံးများ အရည် အသွေးညံ့ဖျင်းခြင်းနှင့် အောက်ခံမြေကြီး မကောင်းခြင်းစသည့် အရည်အသွေးဆိုင်ရာ လိုအပ်ချက်များ ကြောင့် ဇွန်လ(၁၂)ရက်နေ့က မြေကြီးနိမ့်ကျ ကျွံဝင်သွား၍ ရထားလမ်းတိမ်းစောင်းသွားကာ ရထားပြေးဆွဲ ခြင်းကိုပင် ခေတ္တရပ်ဆိုင်းခဲ့ရသည်ဟု စစ်တွေမြို့ခံ တဦးက ပြောပြသည်။

“ဒီရထားလမ်းကို သုံးလအတွင်း အပြီးဖောက်ရမယ်ဆိုပြီး ဖောက်တာ၊ ဇလီဖားတုံးတွေ ကလည်း သိပ် မကောင်းဘူး၊ အောက်ခံမြေကလည်း ပျော့တယ်လေ၊ အထက်အမိန့်အရ ဆိုပြီး အချိန်မီပြီးအောင် လုပ်တာ ဆိုတော့ အရည်အသွေးမမီလို့ ရထားလမ်းဖွင့်ပြီး တလလောက်ပဲကြာတယ်၊ ပိတ်လိုက်ရသေးတယ်၊ လမ်းမကောင်းလို့လေ”ဟု ၎င်းက ဧရာဝတီသို့ ပြောသည်။

ယင်း ရထားလမ်းခရီးသည် တနာရီခန့် မောင်းရမည့်ခရီးဖြစ်သော်လည်း အလွန်အန္တရာယ်များသည့်အတွက် ၃နာရီကြာ မောင်းနှင်နေရသောကြောင့် စစ်တွေဒေသခံများက “သေမင်းတမန်ရထားလမ်း”ဟု ပြောဆိုနေ ကြကြောင်းလည်း ၎င်းက ဆိုသည်။

ထို ပြည်တော်သာဘူတာနှင့် ရေချမ်းပြင်ဘူတာ ခရီးစဉ်အတွက် ရထားလက်မှတ်ခမှာ ကျပ် ၁၀၀ ဖြစ်သော် လည်း ပြည်သူနှင့် ကျောင်းသားများက ရထားမစီးဘဲ လိုင်းကားများ အငှားကားများကိုသာ ဆက်လက်အသုံး ပြုနေကြကြောင်း၊ လိုင်းကားဖြင့်သွားလျှင် ၁ နာရီခန့်သာကြာကြောင်း စစ်တွေ ဒေသခံက ဆက်လက်ပြော ဆိုသည်။

စစ်အစိုးရက ယခင် ရထားလမ်းမရှိခဲ့သော ရခိုင်ပြည်နယ်တွင်၂၀၀၉ ခုနှစ် နှစ်ဆန်းပိုင်းမှ စတင်ကာ စစ်တွေ- အမ်း-ရန်ကုန် ရထားလမ်းကို ဖောက်လုပ်ခဲ့ရာ ယင်း စစ်တွေမြို့ ပြည်တော်သာဘူတာနှင့် ရေချမ်းပြင်ဘူတာ ကြား လမ်းပိုင်းသည် ပထမ လမ်းပိုင်း ဖြစ်ကြောင်း သိရသည်။

ယခုရထားလမ်းဖောက်လုပ်ခြင်းသည် စစ်တွေ တက္ကသိုလ်ကျောင်းသားများနှင့် လိုင်းကားသမားများအကြား ခိုက်ရန်ဖြစ်ပွားသည့် ပြဿနာကြောင့် ကျောင်းသားများ မကျေနပ်မှု တိုးပွားလာမည့်အရေး ဖြေရှင်းသည့် အချက် တချက်လည်း ပါဝင်သည်ဟု စစ်တွေ တက္ကသိုလ် ကထိက တဦးက ပြောဆိုသည်။

“ကျောင်းနားမှာ ရေချမ်းပြင်ဘူတာရှိတယ်၊ စစ်တွေက အမြန်မောင်း မယ်ဆိုရင် တနာရီအလွန်ဆုံးပေါ့လေ ကျောင်းကိုရောက်ဖို့ ပေါ့၊ ဒါပေမယ့် အခုဟာက လမ်းမကောင်းတော့ ၃ နာရီလောက် သွားရတယ်၊ အစိုးရ တွက်လိုက်တာက ဒီရထားလမ်းကို ဖောက်ပေးလိုက်ရင် ကားသမားတွေနဲ့ ကျောင်းသားတွေ ပြဿနာ အေးမယ်၊ လမ်းလျှောက်တာမျိုး မပေါ်ပေါက်နိုင်ဘူးလို့ တွက်လိုက်တာ၊ ဒါပေမယ့် အန္တရာယ်များလို့ ကျောင်း သားတွေက အသုံးမပြုဘူး”ဟု ၎င်းက ပြောသည်။

စစ်အစိုးရက စစ်တွေ တက္ကသိုလ်ကို မြို့ နှင့် (၇) မိုင်ခန့်ဝေးသော ဘုမေရွာအနီးသို့ ပြောင်းရွှေ့ခဲ့သည်။ ထို့ကြောင့် ကားခများ ဈေးကြီးခြင်း သွားရေးလာရေး အခက်အခဲရှိခြင်းကြောင့် ကျောင်းသားများနှင့် ကားသမားများအကြား မကြာခဏ ခိုက်ရန်ဖြစ်ပွားကြခြင်းနှင့် ကျောင်းသားများ အုပ်စုလိုက် လမ်းလျှောက် ကြခြင်းများ ရှိသည်ဟုလည်း ၎င်းက ဆိုသည်။

စစ်အစိုးရက အဆိုပါ ရထားလမ်းဖောက်လုပ်ရာတွင် အဓမ္မမြေယာများ သိမ်းခြင်း၊ ရွာများကိုပြောင်းရွှေ့ပစ် ခြင်းနှင့် အဓမ္မ လုပ်အားပေးခိုင်းစေခြင်းများရှိခဲ့ပြီး စစ်တွေ-အမ်း-မင်းဘူး ရထားလမ်းစီမံကိန်းကိုလည်း ဆက်လက် အကောင်အထည်ဖော်ရန် စတင်နေပြီဖြစ်ကြောင်း သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်