ထိုင်းရောက် အလုပ်သမားများကို မဖမ်းဟု ဒုနိုင်ငံခြားရေး ၀န်ကြီး အာမခံ

E-mail Print
မြန်မာနိုင်ငံ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဦးမောင်မြင့်က နယ်စပ်များတွင် ယာယီနိုင်ငံကူး လက်မှတ် လာလုပ်သူ များကို မဖမ်းဆီး စေရန်အတွက် အာမခံကြောင်း ယမန်နေ့က ပြောကြား လိုက်သည်။

အောက်တိုဘာလ ၁၀ ရက်နေ့က စတင်၍ ထိုင်းနိုင်ငံ၌ ၃ ရက်ကြာ ကျင်းပခဲ့သည့် ထိုင်းနိုင်ငံတွင်ရောက်ရှိ နေသော မြန်မာ အလုပ်သမားများ ယာယီနိုင်ငံကူးလက်မှတ်ပြုလုပ်ရန် နိုင်ငံသားစိစစ်ရေးနှင့် ပတ်သက်ပြီး၂ နိုင်ငံ တာဝန်ရှိသူများ၏ (၇) ကြိမ်မြောက် ဆွေးနွေးပွဲသို့တက်ရောက်လာသော ဒု နိုင်ငံခြားရေးဝန်ကြီး ဦးမောင်မြင့် က သတင်း ထောက်များမှတဆင့် ထိုကဲ့သို့ ပြောကြားလိုက် ခြင်းဖြစ်သည်။

“အလုပ်သမားတွေ မြန်မာနိုင်ငံကို ပြန်လာတဲ့ အချိန်အတိုလေး အတွင်းမှာ ဖမ်းဆီးစရာအကြောင်းလည်း မရှိဘူး၊ သူတို့ရဲ့မိဘ ဆွေမျိုးတွေကို ဖမ်းဆီးစရာအကြောင်းလည်း မရှိဘူး၊ သူတို့အတွက် အခွန်မကောက်ဘူးဆိုတာကို လည်း ကျနော်ရောက်တဲ့ နေရာတိုင်းမှာ အာမခံပြီးသားဖြစ်ပါတယ်”ဟု ဦးမောင်မြင့်က ဆိုသည်။  

ထို့အပြင် ထိုင်းနိုင်ငံတွင် ရောက်ရှိနေသည့် တရားမ၀င် မြန်မာအလုပ်သမားများ၏ အကျိုးကို ကာကွယ် စောင့် ရှောက်ပေးပြီး ထိုင်းနိုင်ငံသား အလုပ်သမားများနှင့် တန်းတူ အခွင့်အရေးရရှိရန်အတွက် ဆောင်ရွက်နေကြောင်း၊ ယခုအချိန်အထိ နယ်စပ်စခန်း ၃ ခုတွင် တဦးယောက်ကိုမှ ဖမ်းဆီးထားခြင်း မရှိကြောင်းလည်း ၎င်းကပြောသည်။

အဆိုပါ ဦးမောင်မြင့်၏ ပြောကြားချက်သည် ထိုင်း-မြန်မာနယ်စပ်သို့ ယာယီနိုင်ငံကူး လက်မှတ်သွားလုပ်သည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများနှင့် ပတ်သက်၍ အဖမ်းအဆီး၊ ငွေကြေး အမြောက်မြားစွာတောင်းခံမှု စသည့် သတင်းများ အလုပ်သမားများကြားပျံ့နှံ့နေသော အချိန်နှင့် တိုက်ဆိုင်နေသည်။
 
မြန်မာ ရွှေ့ပြောင်းအလုပ်သမားများ တရားဝင် အလုပ်လုပ်ကိုင်နိုင်ရန်အတွက် ယင်း ယာယီ နိုင်ငံကူး လက်မှတ် ၁ သောင်း ထုတ်ပေးရေး အစီအစဉ်ကို နှစ်နိုင်ငံ အာဏာပိုင်များက လွန်ခဲ့သည့် ဇူလိုင်လ ဆန်းပိုင်းမှ စတင် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ထိုအစီအစဉ် အတွက် နိုင်ငံသားလက်မှတ် စိစစ်သည့် ဌာနများကို ထိုင်း-မြန်မာ နယ်စပ်မြို့များဖြစ်သည့် ကော့ သောင်း၊ မြဝတီနှင့် တာချီလိတ် တို့တွင် ဖွင့်လှစ်ထားသည်။

သို့သော် ထိုင်းနိုင်ငံသို့ ရောက်ရှိနေသော မြန်မာနိုင်ငံသား တချို့သည် နိုင်ငံသား မှတ်ပုံတင် မရှိကြ ကြောင်း လည်း သိရသည်။ မှတ်ပုံတင်မရှိသူ အများစုမှာ ကရင်တိုင်းရင်းသား၊ ရှမ်းနှင့် မွတ်စလင် လူမျိုးများ ပါဝင်သည်ဟု ဆိုကြသည်။

မြန်မာဘက်မှအာဏာပိုင်များက လျှောက်ထားသူ၏ နေရပ်ဒေသသို့ သွားရောက်၍ နိုင်ငံသားစိစစ်မှုအတွက် စစ် ဆေးပြီး သတ်မှတ်ထားသည့် အချက်အလက်ပြည့်စုံသူများကိုသာ ယာယီနိုင်ငံကူးလက်မှတ်များ ထုတ်ပေးမည် ဖြစ်ကြောင်း သိရသည်။

အလုပ်သမားအရေး ဆောင်ရွက်နေသော ချင်းမိုင်မြို့အခြေစိုက် MAP ဖောင်ဒေးရှင်းမှ ထိုင်းအမျိုးသမီး Satita Norpo ကမှု ယခု နှစ်နှိင်ငံ ပူးပေါင်း၍ နိုင်ငံသား စိစစ်ပြုလုပ်ခြင်း အစီအစဉ် အောင်မြင်မှုမရှိပါက မြန်မာ အလုပ် သမားများ၏ အနာဂတ်သည် ထိုင်း အာဏာပိုင်များ၏ ဆုံးဖြတ်ချက်အပေါ်တွင် မူတည်တော့မည်ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။

“နိုင်ငံသား စိစစ်မှုတွေ မလုပ်ဘူးဆိုရင် အလုပ်သမား လက်မှတ်သက်တမ်းကို မတိုးပေးဘူးလို့ လက်ရှိ ထိုင်း အစိုးရက ဆုံးဖြတ်ထားတယ်၊ အစည်းအဝေးတွေ မကြာခဏ ပြုလုပ်လေ့ရှိတယ်၊ ဆုံးဖြတ်ချက်တွေကတော့ ပြောင်းနေမှာဖြစ်တယ်၊ မြန်မာ အလုပ်သမားအများစုက နိုင်ငံသား စိစစ်မှုတွေ မပြုလုပ်ကြရင် ဘာတွေဖြစ် မလဲဆိုတာ ကိုတော့ စောင့်ကြည့်ရဦးမယ်”ဟု Satita Norpo က ပြောဆိုသည်။

မြန်မာ ရွှေ့ပြောင်း လုပ်သားများအားလုံး၏ နိုင်ငံသား စိစစ်မှုကို ထိုင်းအစိုးရက လာမည့် ၂ဝ၁ဝ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နောက်ဆုံးထားပြုလုပ်ရန် တိုက်တွန်းထားသည်။

နိုင်ငံသား စိစစ်မှု ပြုလုပ်ရာတွင် အလုပ်သမားများက ထိုင်းအလုပ်ရှင်နှင့်အတူ သက်ဆိုင်ရာဒေသ အလုပ်သမား ရုံးသို့ တင်သွင်းရသည်။ သို့သော် နိုင်ငံကူးလက်မှတ် လျှောက် ထားသူများကမူ လျှောက်လွှာကို ထိုင်းအလုပ် သမားရုံးမှတဆင့် ဘန်ကောက်ရှိ မြန်မာသံရုံးသို့ ပေးပို့ကာ မြန်မာနိုင်ငံသို့ နိုင်ငံသားစိစစ်ရန် ထပ်မံပို့ဆောင်ပေး ခြင်းဖြစ်သည်ဟု သိရသည်။
 
မြန်မာပြည်သားတို့သည် ၂ နှစ် သက်တမ်းရှိသော အဆိုပါ ယာယီနိုင်ငံကူး လက်မှတ်ဖြင့် ထိုင်းနိုင်ငံတွင် အလုပ် လုပ်ကိုင်ခွင့်ရမည် ဖြစ်သည်။ ၂ နှစ် ပြည့်ပါက သက်တမ်း ထပ်မံတိုးနိုင်မည်ဖြစ်ကြောင်းသိရသည်။

ထိုင်းနိုင်ငံတွင် ရောက်ရှိနေသော သန်းနှင့်ချီသည့် မြန်မာပြည်သားများအတွက် ထိုအစီအစဉ်မှာ ထိရောက်နိုင် မည် မဟုတ်ကြောင်း မဲဆောက် အခြေစိုက် ရောင်ခြည်ဦး အလုပ်သမားအဖွဲ့မှ ဦးမိုးဆွေက ပြောသည်။  

“လက်ရှိဖြစ်နေတာက ဒီစနစ်ကို ထိုင်းနိုင်ငံမှာရှိနေတဲ့ မြန်မာတွေက အစိုးရကို မယုံဘူး၊ မယုံတဲ့ အတွက် သူတို့ နာမည်၊ နေရပ်လိပ်စာကို အမှန်မပေးရဲဘူး၊ မှတ်ပုံတင်နံပါတ်အရင်းကို မပေးရဲကြဘူး”ဟု ၎င်းကပြောသည်။

ယခုကဲ့သို့သော ယာယီ နိုင်ငံကူး လက်မှတ် ထုတ်လုပ်ပေးမှုကို လွန်ခဲ့သည့် ၂ဝဝ၆ ခုနှစ်ကလည်း မြန်မာ နှင့် ထိုင်း နှစ်နိုင်ငံ သဘောတူညီ မှုဖြင့် တကြိမ် ဆောင်ရွက်ခဲ့ရာ အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ခြင်း မရှိ ခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံအနှံ့တွင် မြန်မာပြည်သား စုစုပေါင်း ၂ သန်းမှ ၄ သန်း အထိ ရှိသည်ဟု သိရပြီး အလုပ်သမား အများစု မှာ အလုပ်သမားမှတ်ပုံတင်ဖြင့် တရားဝင်အလုပ်လုပ်နိုင်မည့် အခွင့်အရေးကို စောင့်ဆိုင်းနေကြကြောင်းလည်း သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်