အမေရိကန်က မြန်မာပြည်သို့ ကိုယ်စားလှယ်အဖွဲ့ လွှတ်မည်

E-mail Print
အမေရိကန် အစိုးရက ၎င်း၏ ထိပ်တန်း အရာရှိကြီး တဦးကို မြန်မာနိုင်ငံသို့ မကြာမီ စေလွှတ်ပြီး စစ်အစိုးရ၊ ဒီမိုကရေစီ အင်အားစုတို့နှင့် တွေ့ဆုံစေရန် စီစဉ်နေသည်။

ခရီးစဉ်အတွင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အပါအ၀င် နိုင်ငံရေး အဖွဲ့များ၊ တိုင်းရင်းသား အဖွဲ့များနှင့် တွေ့မည်ဟု ယမန်နေ့က အမေရိကန် ပြည်ထောင်စု အောက်လွှတ်တော်တွင် အရှေ့အာရှ နှင့် ပစိဖိတ်ဒေသဆိုင်ရာ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး Mr. Kurt Campbell က ပြောကြားလိုက်သည်။

ခရီးစဉ်တွင် ပါဝင်သူ အရာရှိများ၏ အမည်များကို ထုတ်ဖော်ခြင်း မရှိပေ။ စစ်အစိုးရက ကိုယ်စားလှယ်အဖွဲ့ကို ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ခွင့်ပေးမည် ဆိုပါက Mr. Campbell ကိုယ်တိုင် ယင်းအဖွဲ့ကို ဦးဆောင်၍ သွားရောက်ရန် မျှော်လင့်နေကြောင်း သံတမန် သတင်းရပ်ကွက်မှ သိရသည်။

“ရှေ့လာမယ့် အပတ်တွေမှာ အချက်အလက်တွေကို ရှာဖွေ စုဆောင်းဖို့ မြန်မာပြည်ကို သွားနိုင်အောင် ကျနော်တို့ စီစဉ်နေပါတယ်၊ စစ်အစိုးရနဲ့ တွေ့ဆုံ ဆွေးနွေးတာက တဆင့်ပြီး တဆင့်ဆိုတော့ အချိန် ကြာရှည်မယ်” ဟု Mr. Campbell က ပြောသည်။

သူက ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်အစိုးရ တွေ့ဆုံ ဆွေးနွေးကြရန်၊ NLD ခေါင်းဆောင်များ နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံခွင့် ပေးရန် တိုက်တွန်းလိုက်သည်။ ထို့ပြင် ဆက်ဆံရေး ၀န်ကြီး ဦးအောင်ကြည်၊ အနောက်တိုင်းသံတမန် ၃ ဦးတို့က ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံခဲ့ခြင်းကိုလည်း ကြိုဆိုလိုက်သည်။  

အမေရိကန် ထိပ်တန်းအရာရှိကြီးတဦး၏ ခရီးစဉ်သည် ထူးခြားသည့် အပြောင်းအလဲများ ဖြစ်လာမည်မဟုတ်ဟု ထိုင်းနိုင်ငံ အခြေစိုက် မြန်မာ့ အရေးလေ့လာနေသူ ဦးဝင်းမင်းက သုံးသပ်သည်။

“၀န်ကြီး ဦးသောင်းနဲ့ ကုလသမဂ္ဂမှာ တွေ့ခဲ့တာရဲ့ နောက်ဆက်တွဲလို့ ပြောလို့ရတယ်၊ နောက်ထပ် တိုးတက်မှု အနေနဲ့ ထပ်တွေ့တဲ့ သဘောဖြစ်မှာပေါ့၊ အမေရိကန် ပေါ်လစီ ပြောင်းပြီးနောက် တိုးတက်ဖို့ အလားအလာရှိတဲ့ အစပိုင်း အခြေအနေလို့ ပြောကောင်း ပြောနိုင်တာပေါ့၊ ထူးထူးခြားခြား သိပ်အများကြီး ပြောင်းလဲလာမယ် လို့တော့ မထင်ဘူး” ဟု ဦးဝင်းမင်းက ဧရာဝတီကို ပြောသည်။

ဦးဝင်းမင်းက ထိုသို့ ယူဆနေသော်လည်း NLD ခေါင်းဆောင် တဦးက ထိုခရီးစဉ်အတွက် အားတက်မိသည်ဟု ဆိုသည်။

 “အရေးယူ ပိတ်ဆို့မှုနဲ့ တိုက်ရိုက် ဆက်ဆံမယ်ဆိုတဲ့ အမေရိကန် မူဝါဒ ၂ မျိုးစလုံး စပြီး အလုပ် လုပ်နိုင်ပုံ ပေါ်တယ်။ NLD အပါအ၀င် ဒီမိုကရေစီ အင်အားစုတွေနဲ့လည်း တွေ့မယ် ဆိုတော့ ကျနော်ကတော့ ကောင်းတယ်လို့ ထင်တယ်၊ အများကြီးလည်း အားတက်တယ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့ တွေ့ဆုံဖို့ အတွက် ပထမဆုံး ခြေလှမ်းတခုပါ” ဟု NLD ခေါင်းဆောင် တဦးဖြစ်သူ ဦးဝင်းတင်က ပြောသည်။

စစ်အစိုးရက ထပ်မံ အချိန် ဆွဲထားမည်ကိုလည်း စိုးရိမ် ပူပန်ကြောင်း၊ အမေရိကန်အရာရှိများ လာရောက်သည့် အခါ  NLD နှင့် လွတ်လပ်စွာ ဆွေးနွေးနိုင်ရေးအတွက် အစိုးရ စီစဉ်ပေးသော နေရာထက် NLD ရုံးတွင် တွေ့ဆုံလိုကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး အပါအ၀င် NLD ခေါင်းဆောင်များ စုံညီစွာဖြင့် တွေ့ဆုံရန် ဆန္ဒရှိကြောင်း ဦးဝင်းတင်က ဆက်ပြောသည်။

NLD ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဉာဏ်ဝင်းကလည်း ဦးဝင်းတင်နည်းတူ ယူဆသည်။

“သူတို့ လာမယ်ဆိုတာ ဘယ်လို စေ့စပ်ဆွေးနွေးထားလဲ ကျနော်တို့ မသိဘူး၊ လာတာကတော့ ကောင်းတယ်၊ စကားပြောတာလည်း ကောင်းတယ်၊ မြန်မာ့နိုင်ငံရေး အပြောင်းအလဲအတွက် အရေးကြီးတဲ့ ခြေလှမ်းတခု အဖြစ်တော့ လက်ခံပါတယ်” ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် အတွင်းရေးမှူး ဦးအေးသာအောင်တွင် အမေရိကန်ကိုယ်စားလှယ်အဖွဲ့၏ ခရီးစဉ်နှင့် ပတ်သက်ပြီး မျှော်လင့်ချက်များ မရှိပေ။

“အမေရိကန်က စစ်အစိုးရနဲ့ ဆက်ဆံတယ်၊ NLD အပါအ၀င် တိုင်းရင်းသား အင်အားစုတွေနဲ့ တွေ့မယ် ဆိုရင်တော့ ကောင်းပါတယ်၊ ဒါပေမယ့် ၂၀၁၀ ရွေးကောက်ပွဲ၊ ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ဖို့၊ ဆွေးနွေးဖို့ လုံးဝ မပြောရသေးဘူး၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကလည်း ၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်ဖို့ လုံးဝ မရှိဘူးလို့ ပြောထားတဲ့ အတွက်ကြောင့် အခုလာမယ့် ဆွေးနွေးတာကလည်း ဒီလိုသဘောထားမျိုးနဲ့တော့ အပြောင်းအလဲ ဖြစ်ဖို့ မျှော်လင့်လို့ မရနိုင်ဘူး” ဟု ဦးအေးသာအောင်က ပြောသည်။

၂၀၁၀တွင် ကျင်းပမည့် ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်လာမည် ဆိုသည်ကိုမူ Mr. Campbell က သံသယရှိပြီး ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသား အားလုံး လွှတ်ပေးရန်၊ ဒီမိုကရေစီ အင်အားစုများ၊ တိုင်းရင်းသားအဖွဲ့များနှင့် တွေ့ဆုံ ဆွေးနွေးရန်၊ သတင်းလွတ်လပ်ခွင့် ပေးရန်၊ လွတ်လပ်စွာ မဲဆွယ် စည်းရုံးခွင့်ပေးရန် စစ်အစိုးရကို ဖိအားပေးမည်ဟု အောက်လွှတ်တော်တွင် ပြောကြားလိုက်သည်။

မြန်မာနှင့် မြောက်ကိုးရီးယား ၂ နိုင်ငံ ဆက်ဆံရေးနှင့် ပတ်သက်၍ စိုးရိမ်မိကြောင်း၊ မြန်မာ့နိုင်ငံရေး တစုံတရာ တိုးတက် ပြောင်းလဲခြင်း မရှိသေးသရွေ့ အရေးယူပိတ်ဆို့မှုကို လျှော့ပေါ့ပေးမည် မဟုတ်ကြောင်း၊ ပိတ်ဆို့မှုများသည် မြန်မာပြည်သူများကို ဦးတည်ခြင်း မရှိကြောင်း၊ စစ်အစိုးရ၏ ညံ့ဖျင်းသော စီမံခန့်ခွဲမှုကြောင့် မြန်မာပြည် စီးပွားရေး ကျဆင်းနေကြောင်းလည်း Mr. Campbell က ပြောလိုက်သည်။

ယခင်လက Mr. Campbell သည် တရုတ်နိုင်ငံသို့ သွားပြီး မြန်မာပြည် ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး၊ လူ့အခွင့်အရေး စသည့် အကြောင်းအရာများနှင့် ပတ်သက်၍ ပူးပေါင်း ဆောင်ရွက်ရန် ဆွေးနွေးခဲ့သည်။ ထို့ပြင် သူက အိန္ဒိယနိုင်ငံသို့လည်း သွားရောက်ရန် စီစဉ်နေကြောင်း သိရသည်။

Mr.Campbell သည် နိုင်ငံတကာ ပဋိပက္ခ လေ့လာရေး အဖွဲ့၏ အာရှဒေသ၊ နိုင်ငံတကာ လုံခြုံရေး၊ ကာကွယ်ရေး မူဝါဒရေးရာ အကြံပေးပုဂ္ဂိုလ်တဦး ဖြစ်သကဲ့သို့ အိုဘားမားအစိုးရ၏ မြန်မာနိုင်ငံအပေါ် ထားရှိသည့် မူဝါဒနှင့် ပတ်သက်၍ အရေးပါသောသူလည်း ဖြစ်သည်။ ယခင်က ပင်တဂွန် စစ်ဌာနချုပ်တွင် တာဝန် ထမ်းဆောင်ခဲ့ဖူးသည်။

ပြီးခဲ့သည့် သြဂုတ်လလယ်က မြန်မာစစ်အစိုးရနှင့် ပြန်လည် ချဉ်းကပ် ဆက်ဆံရေးအတွက် တိုက်တွန်း ပြောဆို နေသူ အမေရိကန် အထက်လွှတ်တော် အမတ် ဂျင်မ်ဝက်ဘ် နေပြည်တော်သို့ သွားခဲ့ပြီး နောက်ပိုင်းတွင် အမေရိကန် အစိုးရ နှင့် စစ်အစိုးရ ဆက်ဆံရေးမှာ ပြန်လည်ကောင်းမွန်လာခဲ့သည်။

သိပ္ပံနှင့် နည်းပညာဝန်ကြီး ဦးသောင်း နှင့် Mr. Kurt Campbell တို့ နယူးယောက်မြို့တွင် စက်တင်ဘာလ အတွင်းက တွေ့ဆုံ ဆွေးနွေးကြသည်။

ယခင်ကလည်း အမေရိကန်အစိုးရက မြန်မာဗိုလ်ချုပ်ကြီးများနှင့် ထိတွေ့ဆက်ဆံမှုတချို့ ရှိခဲ့သော်လည်း မြန်မာ့နိုင်ငံရေး အပြောင်းအလဲ တစုံတရာ ဖြစ်ထွန်းခြင်း မရှိခဲ့ပေ။

၁၉၉၅ ခုနှစ် စက်တင်ဘာလက အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး မက်ဒလင်း အောဘရိုက် (Madeline Albright) သည် မြန်မာပြည်သို့ သွားရောက်၍ စစ်အစိုးရနှင့်သာမက ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း ဆွေးနွေးခဲ့ဖူးသည်။

၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေး လှုပ်ရှားမှုကို စစ်အစိုးရက အကြမ်းဖက် ဖြိုခွင်းပြီးချိန်မှစ၍ အမေရိကန်က စစ်အစိုးရနှင့် သံတမန်ဆက်ဆံရေးကို အဆင့်လျှော့ချခဲ့သည်။ ရန်ကုန်ရှိ အမေရိကန် သံအဖွဲ့၏ ခေါင်းဆောင်အဖြစ် သံအမတ်ကြီးအဆင့် မဟုတ်ဘဲ သံရုံးယာယီတာဝန်ခံ အဆင့်သာ စေလွှတ်ထားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်