သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်း ရပ်ဆိုင်းပေးရန် တောင်းဆို

E-mail Print
ရခိုင်ကမ်းလွန်ပင်လယ်မှ ထွက်ရှိသော သဘာဝဓာတ်ငွေ့များကို တရုတ်နိုင်ငံသို့ရောင်းချရန် ပိုက်လိုင်းများ သွယ်တန်းမည့် ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းအား ရပ်ဆိုင်းပေးရန် တောင်းဆိုသည့်စာကို တရုတ်သမ္မတ ဟူကျင်းတောင်ထံသို့ နိုင်ငံ၂၀ မှ လူမှုလှုပ်ရှားရေးအဖွဲ့များက ယနေ့ ပေးပို့သည်ဟု သတင်းရရှိသည်။

ရခိုင်ပြည်နယ်ကျောက်ဖြူဒေသမှ တရုတ်နိုင်ငံ ယူနန်ပြည်နယ်အထိ သွယ်တန်းမည့် အဆိုပါ စီမံကိန်းသည် မြန်မာပြည်သူလူထုအတွက် အကျိုးတစုံတရာမရှိဘဲ စစ်အာဏာရှင်အစိုးရကိုသာ အကျိုးအမြတ်များစွာရရှိ စေမည့်အပြင် ပိုက်လိုင်းတလျှောက်ရှိ မြန်မာပြည်သူလူထုမှာ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများ၊ ဖိနှိပ်ခံရမှု များရှိလာမည်ဖြစ်သည့်အတွက် ပြုလုပ်ရခြင်းဖြစ်သည်ဟု ယခုလှုပ်ရှားမှု ဦးဆောင်သည့် ရွှေဂက်စ်လှုပ်ရှားမှု အဖွဲ့ က ဆိုသည်။

“ကျနော်တို့ စာထဲမှာတောင်းဆိုတာက မြန်မာပြည်သူတွေကိုယ်တိုင် ပါဝင်ဆုံးဖြတ်ခွင့် ပတ်သက်ခွင့်ရတဲ့ အချိန်အထိ အတိုင်းအတာတခုအနေနဲ့စောင့်ပေးပါ၊ ဒီမိုကရေစီရတဲ့အခါမှ လုပ်ပါဆိုတာကို တောင်းဆိုထား တာ ရှိတယ်”ဟု ရွှေဂက်စ်လှုပ်ရှားမှုအဖွဲ့ (အိန္ဒိယ) မှ ကိုကင်မ်က ဧရာဝတီသို့ပြောသည်။

စင်ပြိုင်အာဆီယံအဖွဲ့အပါအ၀င် နိုင်ငံတကာအဖွဲ့အစည်းများဖြစ်သည့် လူ့အခွင့်အရေးအဖွဲ့များ၊ မြန်မာ့အရေး လုပ်ဆောင်နေသည့်အဖွဲ့အစည်းများ၊ တိုင်းရင်းသား အဖွဲ့အစည်းများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ဖွံ့ဖြိုး ရေး အဖွဲ့အစည်းများ စုစုပေါင်း ၁၁၅ ဖွဲ့တို့က လက်မှတ်ရေးထိုးထားသည့် အဆိုပါ တောင်းဆိုစာကို နော်ဝေး၊ ဆွီဒင်၊ သြစတြေးလျ၊ ဂျပန်၊ တောင်ကိုးရီးယား၊ ဖိလစ်ပိုင်၊ မလေးရှား၊ အိန္ဒိယ၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ် စသည့် နိုင်ငံများရှိ တရုတ်သံရုံးများသို့ ကမ္ဘာလုံးဆိုင်ရာ ရွှေဂက်စ်လှုပ်ရှားမှုအနေဖြင့် ဆန္ဒပြမှုများပြုလုပ်ပြီး စာများ ကို တပြိုင်နက်ပေးပို့ခဲ့သည်ဟု သိရသည်။

ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းမှ ထွက်ရှိသော သဘာဝဓာတ်ငွေ့များကို တရုတ်နိုင်ငံသို့ ရောင်းချခြင်းမှ ရရှိလာ သောဝင်ငွေသည် စစ်အာဏာရှင် သက်ဆိုးရှည်ရန်သာဖြစ်၍ စီမံကိန်းကို ရပ်ဆိုင်းပေးရန်လည်း အဆိုပါစာ တွင် ရေးသားထားသည်။

တရုတ်ကုမ္ပဏီတခုဖြစ်သည့် CNPC ၏ အဆိုပါ စီမံကိန်းတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့များ တိုက်ရိုက်တင်ပို့ ရန် ပိုက်လိုင်းဆက်သွယ်မှုအတွက် လိုအပ်မည့်ပစ္စည်းများ ကျောက်ဖြူသို့ ရောက်ရှိနေပြီးဖြစ်ပြီး လာမည့် နိုဝင်ဘာလအတွင်း စတင်အကောင်အထည်ဖော်ရန် စီစဉ်လျက်ရှိသည်ဟု ကိုကင်မ်ကဆိုသည်။

သူကဆက်၍ “ဒီပိုက်လိုင်းလုပ်လိုက်လို့ရှိရင် တခုက နအဖ သက်ဆိုးရှည်မယ်၊ ဗမာပြည်မှာ နေထိုင်တဲ့ သူတွေအတွက် ပိုပြီးတော့ ဒုက္ခရောက်မယ်၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ လယ်မြေသိမ်းဆည်းမှုတွေ ဖြစ်လာမယ် အခုတောင် ဓာတ်ငွေ့ထုတ်တဲ့ ရေပိုင်နက်နေရာတ၀ိုက်မှာ တံငါတွေကို ငါးဖမ်းခွင့်ပိတ်တာ၊ ဖမ်းဆီးတာ လှေသိမ်းတာတွေ ရှိနေတယ်၊ ရခိုင်ဘက်က ပိုက်လိုင်းဖြတ်မယ့်နေရာက လယ်မြေတချို့ကို ပြောင်းပေးဖို့ စာပေးထားတာတွေရှိလာတယ်” ဟုပြောသည်။

ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းမှ စစ်အစိုးရအနေဖြင့် နှစ်စဉ် အမေရိကန်ဒေါ်လာ သန်းပေါင်း ၈၀ ခန့် ရရှိ မည်ဖြစ်ပြီး စီမံကိန်းစာချုပ်ချုပ်ဆိုထားသည့် နှစ် ၃၀ အတွက် အမေရိကန်ဒေါ်လာ ၂၉ ဘီလီယံ နီးပါးရရှိ မည်ဖြစ်ရာ ထိုအကျိုးအမြတ်များမှာ ပြည်သူလူထုထံသို့ရောက်ရှိမည်မဟုတ်ဟု သူကဆိုသည်။

မြန်မာနိုင်ငံမှထွက်ရှိသော ရေနံနှင့် သဘာဝဓာတ်ငွေ့များကို ပြည်ပနိုင်ငံအချို့သို့ တင်ပို့ရောင်းချလျက်ရှိရာ အိမ်နီးချင်းဖြစ်သော ထိုင်းနိုင်ငံမှာ အများဆုံးဝယ်ယူသောနိုင်ငံတခုဖြစ်သည်။

၁၉၉၀ ခုနှစ်များက ထိုင်းနိုင်ငံသို့ အဓိက တင်ပို့ရောင်းချမည့် ရတနာ သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းကို ပြုလုပ်ခဲ့ပြီး ထိုစဉ်က ပိုက်လိုင်းသွယ်တန်းရာတလျှောက်ရှိ ပြည်သူများကို စစ်အစိုးရမှ အဓမ္မလုပ်အားပေး ခိုင်းစေမှု၊ လယ်ယာမြေများ အဓမ္မ သိမ်းဆည်းမှုစသည့် လူ့အခွင့်ရေးချိုးဖောက်မှုများကြောင့် စီမံကိန်း လုပ်ဆောင်သည့် TOTAL နှင့် UNOCAL အဖွဲ့တို့ကို တရားစွဲဆိုခြင်းများ၊ လူ့အခွင့်အရေးချိုးဖောက်သည့် နာမည်ပျက်စာရင်းတွင် ထည့်သွင်းခြင်းများ ရှိခဲ့သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်