ချင်းမိုင်မီးမျှောပွဲ ကြက်ပျံမကျ စည်ကား

E-mail Print
တိမ်သားကင်းစင်သည့် ကောင်းကင်ယံသို့  မီးပုံးပေါင်းများစွာ တဖြည်းဖြည်းခြင်း မြင့်တက်နေသည်ကို ငေးမော ကြည့်နေမိရင်း မွေးရပ်ဇာတိမြေ ဖြစ်သော ရှမ်းပြည် တောင်ကြီးမြို့ တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို သတိတရရှိနေမိသည်။

ထိုစဉ် ရုတ်တရက် ကျယ်လောင်စွာ ပေါက်ကွဲ ထွက်လာသော ဗြောက်သံနှင့် အတူ ကောင်းကင်ပြင် တခုလုံး မီးပွား မီးစကလေးများ ဖွာတက်သွားသော မီးကျည်၊ မီးပန်းများကြောင့် ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့က “လွိုင်ကထုံ” ခေါ် မီးမျှော ပွဲတော်ကို ရောက်နေ ကြောင်းကို ပြန်သတိဝင်လာ ခဲ့ရသည်။

မြန်မာနိုင်ငံနှင့် အိမ်နီးချင်း ထိုင်းနိုင်ငံရှိ ထိုင်းလူမျိုး အများစုမှာ ဗုဒ္ဓဘာသာ ကိုးကွယ်၍ ရိုးရာ ၊ ယဉ်ကျေးမှုမှာလည်း ဆင်တူလှသည်။ ထိုင်း ရှေးလူကြီးများက မြန်မာနိုင်ငံက တန်ဆောင်တိုင် ပွဲတော်နှင့် ဆင်တူသော လွိုင်ကထုံပွဲကို ရာသီဥတု ကောင်းမွန်သည့် တန်ဆောင်မုန်း လပြည့်နေ့၌ ပျော်ပွဲရွှင်ပွဲ အဖြစ် ပြုလုပ်ခဲ့ခြင်း ဖြစ်သည် ဟုလည်း ဆိုသည်။ အင်္ဂလိပ် သက္ကရာဇ် အခေါ် နိုဝင်ဘာလတွင် ကျရောက်သည့် ယင်းလွိုင်ကထုံပွဲကို နှစ်စဉ် နှစ်တိုင်း ထိုင်းနိုင်ငံတဝန်းရှိ ထိုင်းလူမျိုးများက ကျင်းပကြသည်။

လွိုင်ကထုံပွဲတော်ကို အကြိုရက်၊ ကထုံသေး၊ ကထုံကြီး ဟူ၍ သုံးရက်ကြာ ဆင်နွှဲကြပြီး ကထုံကြီး နေ့တွင် ဘုန်းကြီးကျောင်းများသို့ အလှူအတန်း ပြုလုပ်ကြသည်။ ယခုနှစ် လွိုင်ကထုံပွဲတော်ကို နိုဝင်ဘာ ၁ ရက်နေ့မှ ၃ ရက်နေ့ အထိဆင်နွှဲသည်။

ချင်းမိုင်မြို့ရှိ ပင်းမြစ်ကမ်းဘေး တလျှောက်တွင် လပြည့်ဝန်းကြီးနှင့် လျှပ်စစ်မီးရောင်စုံတို့ အောက်၌ ထိုင်းလူမျိုးများသည် “လွိုင်ကထုံ” ပွဲတော်ကို ဆင်နွှဲနေကြသည်မှာ တိုး၍ မပေါက်အောင် စည်ကား သိုက်မြိုက်လှသည်။ ယင်းပွဲတော်တွင် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများလည်း ပါဝင်ဆင်နွှဲကြသည်။  

ပင်းမြစ်၏ တဖက်တချက်ကို ပေါင်းကူးထားသည့် နဝရတ်တံတားပေါ်၌ မီးပုံးပျံလွှတ်သူ၊ ဗြောက်အိုးဖောက် သူ၊ မီးရှူးမီးပန်း လွှတ်သူတို့ဖြင့် စည်းကား၍နေသည်။

မြစ်ကမ်းပါး နှစ်ဘက် ပေါ်တွင်လည်း “ကထုံ” ဈေးဆိုင်တန်းများ၊ မီးရှူး၊မီးပန်း၊ ဗြောက်အိုး၊ မီးပုံးပျံ အရောင်း ဆိုင်တန်းများ၊ အစားအသာက် ဆိုင်တန်းများလည်း ရှိသည်။ နားထဲတွင် ဗြောက်သံ၊ ထိုင်း ဘာသာဖြင့် စကား ပြောသံများကို အဆက်မပြတ် ကြားနေရပြီး ဗြောက်အိုး ဖောက်မှုကြောင့် ယမ်းငွေ့ လေကိုလည်း မပြတ်ရှုရှိုက် နေရသည်။

မြစ်အတွင်း မီးမျှောနိုင်ရန် ပြင်ဆင်ထားသည့် ငှက်ပျောအူ အောက်ခံ အဝိုင်းကို သစ်ခွပန်း အစရှိသော ပန်းရောင်စုံတို့ပေါ်တွင် ဖယောင်းတိုင်၊ အမွှေးတိုင်နှင့် မီးထွန်းနိုင်ရန် ပုံဖော်ထားသော နေကြပုံကို ထိုင်း အခေါ် အရ “ကထုံ” ဟု ခေါ်ဆိုကြောင်း ထိုင်းလူမျိုး တဦးက ပြောပြသည်။ ထို “ကထုံ” ကိုမမျှောခင် လိုရာ ဆန္ဒများကို ဆုတောင်းပြီးမှ ရေထဲသို့ မျှောခြင်းဖြစ်သည်။

“အရင်က လွိုင်ကထုံက လူကြီးတွေပေါ့၊ သူတို့ တနှစ်ပတ်လုံး မကောင်းတာ လုပ်ခဲ့တာမှန်သမျှ ရေနဲ့ မျှော ပစ်လိုက်တဲ့ သဘော၊ ဖက်ရွက် တွေပေါ်မှာ အမွှေးတိုင်၊ ဖယောင်းတိုင်၊ သူတို့ရဲ့ ဆံပင်တွေ၊ လက်သည်း၊ ခြေသည်းတွေ ထည့်ပြီး မျှောကြတယ်၊ အခု နောက်ပိုင်းကျတော့ လက်သည်း၊ ခြေသည်းထည့် မျှောတာ မရှိတော့ဘူး”ဟု လွိုင်ကထုံပွဲကို ၁၀ နှစ်တိုင် နွှဲခဲ့သည့် ချင်းမိုင်မြို့မှ ရှမ်းလူမျိုး ကိုစိုင်းက ပြောသည်။

အိမ်အပြင် မထွက်နိုင်သူ များကလည်း “ကထုံ” ကို ရေဇလုံထဲတွင်ပင် ထည့်မျှောကြသည် ဟုလည်း သိရသည်။

“လွိုင်ကထုံ” ပွဲတော်ကို ထိုင်းနိုင်ငံ အနှံ့အပြားတွင် ကျင်းပခြင်းဖြစ်ရာ ချင်းမိုင်၊ အယုဒ္ဓယ၊ ဆူခိုထိုင်း စသည့် မြို့များ၏ လွိုင်ကထုံ ပွဲများမှာ ပိုမိုကျော်ကြား သည်ဟု သိရသည်။ ကမ္ဘာ့လှည့် ခရီးသည်များ ကလည်း စိတ်ဝင်စားကြသည်။ ထိုင်းနိုင်ငံကလည်း နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း မြှင့်တင်သည့် အနေဖြင့် ရောင်စုံမီးများ ထွန်းချယ်ခြင်း၊ ယဉ်ကျေးမှုများ ဖော်ကျူးခြင်းတို့ဖြင့် အမျိုးမျိုး ဆွဲဆောင်ထားသည်မှာ ကြည့်မငြီးအောင်ပင် ဖြစ်သည်။   

ထိုင်းနိုင်ငံသည် ကမ္ဘာလှည့် ခရီးသွားဧည့်သည် အလာများရာ နိုင်ငံတခုဖြစ်သည်။ ယခင်နှစ်က ၁၅ သန်းနီးပါး လာရောက် လည်ပတ်ခဲ့ပြီး ယခုနှစ်တွင် ပြီးခဲ့သည့် နှစ်ထက် ၂၃ ရာခိုင်နှုန်း ခန့်ကျဆင်းသည် ဟုလည်း သိရသည်။  

ကမ္ဘာအရပ်ရပ်မှ လာရောက် လည်ပတ်ကြသော ခရီးသွား ဧည့်သည် များကလည်း ၎င်းတို့ ယဉ်ကျေးမှုနှင့် မတူညီသော လွိုင်ကထုံပွဲမှ စိတ်ဝင်စား ဖွယ်ရာများကို ဗွီဒီယို၊ ဓာတ်ပုံ ကင်မရာများနှင့် မှတ်တမ်းတင် ရိုက်ယူ နေကြသည်။

ပင်းမြစ်ထဲ လှေစင်းလုံး ငှားပြီး လည်ပတ်နေသော ဂျပန်ခရီးသွား တစုက ကင်မရာ ကိုယ်စီကိုင်၍ ကမ်းနဖူး ပေါ်မှ မီးပုံးလွှတ် တင်နေသူများ၊ မြစ်ထဲတွင် ပန်းချီပန်းပုရုပ်များဖြင့် ဆင်ယင် ထားသော ကထုံ ဖောင်ကြီးများကို တဖြတ်ဖြတ် ရိုက်ယူနေကြသည်ကို တွေ့ရသည်။ အနောက်တိုင်းသား တချို့ကလည်း မီးပုံးပျံဝယ်ယူ လွှတ်တင်ကြပြီး ကွစ်တီယို အစရှိသော ထိုင်း အစား အသောက်များကို မြည်းစမ်းစား နေကြသည်။

ထို့အတူ ရပ်ကွက်အလိုက်၊ အစိုးရဌာနဆိုင်ရာ အလိုက် အလှပြယာဉ် များကိုလည်း တမြို့လုံး လှည့်ပတ် ပြသသည်။ ထို အလှပြယာဉ် များပေါ်တွင် အလှမယ်များ တင်ဆောင် ပြသခြင်းကိုလည်း မြင်တွေ့ရပြီး ပြိုင်ပွဲ အနေ ဖြင့် ပြုလုပ်ကြောင်းလည်း သိရသည်။

တချို့နေရာများရှိ စတိတ်ရှိုးစင်များ ရှေ့တွင် ပျော်ရွှင်နေသော ထိုင်းလူငယ်များဖြင့် စည်းကားနေသည်ကို တွေ့ရှိရပြီး ထိုင်းရိုးရာ ဝတ်စုံများဖြင့် ထိုင်းပြဇာတ် အကများ ဖျော်ဖြေပွဲ များလည်း တွေ့ရသည်။

ထိုင်းနိုင်ငံတွင် ပြီးခဲ့သည့် ၂၀၀၈ ခုနှစ် လွိုင်ကထုံ ပွဲကာလအတွင်း အပျော်လွှတ်သည့် မီးပုံးပျံများက လျှပ်စစ် ဓာတ်မီးကြိုးများကို ဝင်တိုက်မိရာမှ ဘတ်ငွေသန်းနှင့်ချီ ဆုံးရှုံးခဲ့သဖြင့် ယခုနှစ်တွင် ထိုင်းအာဏာ ပိုင်များက ယခင်နှစ် များထက် စည်းကမ်း တင်းကျပ်မှုများ ရှိကြောင်းလည်း သိရသည်။

လွိုင်ကထုံပွဲတွင် ပါဝင်ဆင်နွှဲနေသည့် ကိုစိုင်းက “ဗမာပြည်က တန်ဆောင်တိုင်ကို သတိရတယ်၊ ဒီထိုင်းမှာ ကျတော့ ပွဲလုပ်ရင် ဘာမှ ထူးထူး ခြားခြား မရှိဘူး၊ တောင်ကြီး တန်ဆောင်တိုင်က မီးပုံပျံ လွှတ်ပြိုင်ပွဲဆို ထူးခြား တယ်လေ၊ ဗမာပြည်မှာဆို ပွဲကို မပြီးစေချင်ဘူး၊ နောက်တခုက ကိုယ့်နိုင်ငံလို လွတ်လွတ် လပ်လပ် မလည်ရဘူးလေ”ဟု ပြောဆိုသည်။

ယခုလွိုင်ကထုံပွဲကို ရောက်ရှိနေကြသော မြန်မာနိုင်ငံသား များထဲမှ တချို့သော သူများကလည်း တောင်ကြီး မြို့၏ မီးပုံးပျံပွဲ တော်ကို တမ်းတ သတိရမိ ကြလိမ့်မည်ဟု ထင်မိပါသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်