တနင်္ဂနွေ ပရီးမီးယားလိဂ်ပြိုင်ပွဲ လောင်းကြေးများစွာ ဒိုင်စား

E-mail Print
ပရီးမီးယားလိဂ် ထိပ်သီးအသင်း နှစ်သင်းဖြစ်သည့် ချယ်လ်ဆီးနှင့် မန်ချက်စတာ ယူနိုက်တက် (မန်ယူ) အသင်းတို့၏ တနင်္ဂနွေနေ့က ပြိုင်ပွဲအပြီးတွင် ရန်ကုန်မြို့ မှ လောင်းကစား ဒိုင် များသည် မြန်မာကျပ်ငွေ သိန်းထောင်ပေါင်း များစွာကို သိမ်းပိုက် အနိုင်ရရှိသွားကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံတွင် လောင်းကစား ပြုလုပ်ခြင်းကို တရားဝင်ခွင့်ပြုထားခြင်း မရှိသော်လည်း နှစ်လုံးထီ သုံးလုံး ထီ(ချဲထီ)နှင့် ဘောလုံးလောင်းကစားခြင်းများသည် အလွန်တွင်ကျယ်သော လောင်းကစားများ ဖြစ်သည်ဟု ရန်ကုန်မြို့  ရန်ကင်း မြို့ နယ် ကံဘဲ့ရပ်ကွက်မှ ကိုသားငယ်က ဧရာဝတီသို့ ပြောသည်။  

“အလောင်းအစားကတော့ ကျနော်တို့ ရဲ့ ထွက်ပေါက်လို့ပဲ ပြောရမလားမသိဘူး၊ နှစ်လုံး သုံးလုံးနဲ့ ဘောလုံး က မိန်းမနဲ့ ကလေးကအစ ဘုန်းကြီးအဆုံး အားလုံး အနည်းနဲ့အများ ပတ်သက်ကြတာချည်းပဲ၊ ဘောလုံး လောင်း တာကလည်း ပွဲကြီးတွေဆို တဒိုင် တဒိုင်ကို သိန်းထောင်ချီတာ။ အဲဒီဒိုင်တွေက ညောင်ပင်လေးဈေး နဲ့ တရုတ်တန်းမှာရှိတယ်၊ သူတို့ က ရပ်ကွက်ထဲအထိ နယ်တွေအထိ ချုပ်ထားတာ”ဟု၎င်းကဆိုသည်။

မြန်မာနိုင်ငံမှ ဘောလုံးဝါသနာရှင်အများစုသည် မန်ယူအသင်းကို အားပေးကြသူများဖြစ်သည်။ ထို့ကြောင့် မန်ယူ အသင်းဘက်မှလောင်းကြ၍ ဒိုင်စားသွားကြောင်း ဗဟန်းမြို့ နယ် ဗိုလ်စိန်မှန်ရပ် ကွက်မှ ဘောလုံး လောင်းကစားသူ ကိုသန်းကျော်ကလည်း ပြောပြသည်။

“ချယ်လ်ဆီးက အပေါ်ပေါက်တယ်လေ၊ လယ်ဗယ် (LeveL) ချယ်လ်ဆီး ငါးမူးရှုံးဗျာ၊ တချို့  ဒိုင်တွေဆို သုံးမတ်ရှုံးတောင်ပေါက်တယ်၊ ဘာဖြစ်လို့ လဲဆိုတော့ ချယ်လ်ဆီးက အိမ်ကွင်းလေ၊ ပြီးတော့ သိတဲ့အတိုင်း မန်ယူနောက်တန်းက ဖာဒီနန်ရော ဗီဒစ်ရော နာနေတော့ ချယ်လ်ဆီး အထက်ကြေးပေါက်တာပေါ့၊ ချယ်လ် ဆီး နိုင်ရင် ထိုးသားစားပေါ့၊ ဒါပေမယ့် ကျနော်တို့  မြန်မာတွေက မန်ယူမှ မန်ယူဆိုတော့ မန်ယူဘက်က နေကြတာပေါ့၊ ဒါ ကြောင့် ကြေးက မန်ယူ အောက်ပေမယ့် မန်ယူဘက်ကပဲ နေကြတော့ ကွဲတာပေါ့ဗျာ” ဟု သူက ဆိုသည်၊။

ဘောလုံးလောင်းကစားခြင်းကို တကမ္ဘာလုံးအတိုင်းအတာအရ ပြုလုပ်ကြသည်။ နိုင်ငံအ များစုတွင် တရား ၀င်လောင်းကြေးများဖွင့်ကာ အစိုးရကို အခွန်ဆောင်၍ လုပ်ကြသည်ဟု သိရသည်။

အင်္ဂလန်နိုင်ငံမှ ဘွတ်ကီးဒိုင်သည် ထင်ရှားသော ဒိုင်ကြီးတခုဖြစ်သည်။ သို့သော် မြန်မာ နိုင်ငံမှ ဒိုင်များမှာမူ တရားဝင်လုပ်ဆောင်ခြင်းမဟုတ်ဘဲ အာဏာပိုင်များကို လာဘ်ထိုးကာ ပြုလုပ်ကြခြင်းဖြစ်သည်။  

အဆိုပါ ဒိုင်များသည် ဟောင်ကောင် ဘန်ကောက် စသောမြို့ကြီးများနှင့်ပါ ဆက်သွယ်၍ လောင်းကြေးထပ် ကာ အလျော်အစား ပြုလုပ်ကြသည်။

ထိုနေ့ကပွဲစဉ်နှင့် ပတ်သက်၍ ဘန်ကောက်မြို့ ကို အခြေပြုကာ လက်ခွဲဒိုင်ပြုလုပ်သူ ကိုမောင်က“အဲဒီနေ့ က ကျနော် ရန်ကုန်ကို ဒေါ်လာ လေးသောင်းလွှဲလိုက်ရတယ်၊ ဒီပွဲက ဒီနှစ်အတွက် လူတွေကို အာရုံအဖမ်း စားနိုင်ဆုံး ပရီမီယားလိဂ် ပွဲတပွဲလေ၊ ပရိသတ် အင်အားကလည်း သန်းနဲ့ ချီရှိတဲ့ ပွဲဆိုတော့ လောင်းကြေးက တော့ အရမ်းများတယ်။ ရန်ကုန်အခြေစိုက် ဒိုင်အားလုံးကို ပေါင်းလိုက်ရင် သိန်းပေါင်း သုံးလေးသောင်း အသာ လေးရှိမှာ” ဟုပြောသည်။

ချယ်လ်ဆီးနှင့် မန်ယူအသင်းတို့ သည် ယခုနှစ် ပရီးမီးယားလိဂ် ချန်ပီယံအတွက် အဓိက ပြိုင်ဘက်များအဖြစ် ယှဉ်ပြိုင်နေကြသဖြင့် အလွန်ပြင်းထန်သောပြိုင်ပွဲဖြစ်သလို အသင်းနှစ် သင်းသည်လည်း ခါးသီးသောပြိုင် ဘက်များဖြစ်ကြသည်။

အားကစား ၀ါသနာရှင် တဦးဖြစ်သူ ကိုဖိုးဇော်က“မနေ့ ကအနေအထားအရ မန်ယူက ကစားကွက်အသာ ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ချယ်လ်ဆီးကို ရင်ဆိုင်ခဲ့ပေမယ့် ရှေ့ တန်းမှာက ၀ိန်းရူနီတယောက်တည်း ဆိုတော့ ချယ်လ်ဆီး ဂိုးပေါက်ကို သိပ်ပြီးတော့ မခြိမ်းခြောက်နိုင်ဘူးလေ၊ ချယ်လ်ဆီးကတော့ အင်အားပြည့် ပဲ အဲဒီနေ့ ကထွက်လာတာ၊ မန်ယူဂိုးသမား ဗန်ဒါးဆား ကောင်းလွန်းလို့ သာပေါ့။ မဟုတ်ရင် ဂိုးပြတ်နဲ့ ကို ရှုံးမှာ”ဟုပြောသည်။

ထို့ ပြင် သူက ဘောလုံးလောင်းကစားခြင်းနှင့် ပတ်သက်၍ “မောင်း” ဟုခေါ်သော လောင်းကစားနည်းတမျိုး လည်း ရှိသေးကြောင်းကို ပြောပြသည်။
 
“မောင်းဆိုတာက လေးပွဲ ငါးပွဲ ခြောက်ပွဲကို အတွဲလိုက်လောင်းကြတာလေ၊ ဥပမာ ချန်ပီယံလိဂ်ဆိုပါတော့ တနေ့ ကို ခြောက်ပွဲရှိရင် အဲဒီခြောက်ပွဲလုံးကို တပြိုင်နက် လောင်းတာ။ ကိုယ်က အဲဒီခြောက်ပွဲမှာ ဘယ် အသင်းကနိုင်မယ် ဘယ်ပွဲက သရေကျမယ် ဘယ် အသင်းကရှုံးမယ်ဆိုပြီး အတိအကျမှန်းပြီး လောင်းရတာ။ အားလုံးမှန်ရင် အဆအများ ကြီးရတယ်၊ အနည်းဆုံး ၁၂ဆရှိတယ်၊ တချို့ ၁၃ဆပေးတာလည်းရှိတယ်။ တပွဲ လောက် မှားသွားရင်တော့ ဒိုင်စားပေါ့၊ အားလုံးမှန်ဖို့ ခဲယဉ်းတော့ ဒါမျိုးက ဒိုင်ဘက်က ပိုသာ တယ်လေ” ဟု ၄င်းက ထပ်ဆင့်ရှင်းပြသည်။

မန်ချက်စတာ ယူနိုက်တက်အသင်းသည် လက်ရှိချန်ပီယံဖြစ်ပြီး ပရီမီးယားလိဂ်ကို သုံးနှစ် ဆက်တိုက် အနိုင် ရရှိထားသော အသင်းဖြစ်သည်။

ထိုနေ့က ယှဉ်ပြိုင်ကြသောပွဲစဉ်တွင် ချယ်လ်ဆီးအသင်းခေါင်းဆောင် ဂျွန်တယ်ရီ သွင်းယူသော ဂိုးတဂိုး ဖြင့် မန်ယူသည် ချယ်လ်ဆီးကို အရှုံးပေးလိုက်ရသည်။

ယခုအခါ ချယ်လ်ဆီးက အမှတ် (၃၀)ဖြင့် ဇယား ထိပ်ဆုံးတွင် ရပ်တည်နေပြီး ဒုတိယနေရာမှ အာဆင်နယ် အသင်းနှင့် တတိယနေရာမှ မန်ယူအသင်းတို့ ကို ၅ မှတ်အသာ ဖြင့် ဦးဆောင်လျှက်ရှိသည်။
 
မြန်မာနိုင်ငံမှ ဒိုင်များသည် လောင်းကြေးမှ တရာလျှင် ၅ ရာခိုင်နှုန်းကောက်ပြီး ဒိုင်အချင်းချင်း လောင်းကြေး တင်လျှင် ၃ ရာခိုင်နှုန်းယူသည်ဟု သိရသည်။ မြန်မာနိုင်ငံအနှံ့ အပြား တွင် အလောင်းအစားပြုလုပ်သော ဒိုင်များသည် အာဏာပိုင်များနှင့်ပေါင်းကာ တရားဝင် သဖွယ် ပြောင်ကျကျ ပြုလုပ်နေကြကြောင်း သတင်းရရှိ သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်