မြန်မာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ သီရိလင်္ကာ ခရီးစဉ်အတွင်း ဘုရားလည်းဖူး၊ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များကို နှိမ်နင်းနိုင်မည့် နည်းလမ်းများကိုလည်း ဆွေးနွေးနိုင်ဖွယ်ရှိကြောင်း လေ့လာသူ များက ဆိုသည်။
ယနေ့မှစတင်၍ နိုဝင်ဘာ ၁၅ ရက်နေ့အထိ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဇနီးတို့၏ သီရိလင်္ကာနိုင်ငံ ခရီးစဉ်ကို စတင်ကြောင်း သိရိလင်္ကာ နိုင်ငံခြားရေး ဌာနအရ သိရ သည်။
သီရိလင်္ကာ သမ္မတ မစ္စတာ မဟင်ဒါရာဂျာပတ်ခ်စာက ဗိုလ်ချုပ်မှူးကြီးကို အလည်အပတ် ဖိတ်ကြားခဲ့ခြင်းကြောင့် သွားရောက်ခြင်း ဖြစ်ကြောင်း အစိုးရပိုင် သတင်းစာများတွင် ယခင်ရက်ပိုင်းက ရေးသားဖော်ပြထားသည်။
သီရိလင်္ကာနိုင်ငံသို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ သွားရောက်လည်ပတ်ရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ ကန္ဒီရှိ ဗုဒ္ဓ စွယ်တော်ကို သွားရောက်ဖူးမြော်ရန်ဖြစ်ကြောင်း သိရသည်။
တရုတ်နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ဟောင်း သခင်ချန်ထွန်းက“စစ်အစိုးရက တိုင်းရင်းသား လက်နက်ကိုင် တွေကို ချေမှုန်းတဲ့နေရာမှာ ဘယ်လိုလုပ်ရမလဲဆိုတာ သိချင်တယ်၊ သီရိလင်္ကာ အစိုးရနဲ့ အတွေ့အကြုံတွေ ဖလှယ်မယ်၊ သီရိလင်္ကာ သမ္မတ ခရီးစဉ်ကို ပြန်တုံ့ပြန်တာလည်းပါတယ်၊ ၂ နိုင်ငံဆက်ဆံရေး ပိုခိုင်မြဲစေတဲ့ သဘောပေါ့” ဟု ပြောသည်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ၁၉၉၂ခုနှစ်တွင် ဗိုလ်ချုပ်ကြီး စောမောင်ထံမှ အာဏာကို လွှဲပြောင်းရယူပြီး နောက်ပိုင်း စင်္ကာပူ၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ် စသည့် ဒေသတွင်း နိုင်ငံများသို့ သွားရောက်ခဲ့ပြီး ယခု သီရိလင်္ကာသို့ ထပ်မံ သွားရောက်ခြင်း ဖြစ်သည်။
“Than Shwe: Unmasking Burma’s Tyrant” စာအုပ်ကို တွဲဖက် ရေးသားသူ Benedict Rogers က ပြည်ပခရီးစဉ်များသွားရောက်ခဲ့သည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ယခု ခရီးစဉ်ကို အံသြမိကြောင်းဆိုသည်။
“သီရိလင်္ကာ အစိုးရက တမီးလ်ကျား သူပုန်တွေနှိမ်နင်းတာကို လေ့လာဖို့ ဗိုလ်ချုပ်ကြီးသန်းရွှေက စိတ်အား ထက်သန်နေပုံရတယ်၊ အဲဒီကရတဲ့ သင်ခန်းစာနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကို တိုက်ရာမှာ ပြန်အသုံးချနိုင်တာပေါ့” ဟု Benedict Rogers ကဆိုသည်။
ဇွန်လက လာရောက်လည်ပတ်ခဲ့သည့် သီရီလင်္ကာ သမ္မတ၏ ခရီးစဉ်သည် ဘာသာရေး အကြောင်းပြချက် တခုတည်းသာ မဟုတ်ဘဲ စစ်အစိုးရက သီရိလင်္ကာ သမ္မတထံမှ စစ်ရေးဆိုင်ရာ ဆွေးနွေးမှုများ ရှိကြောင်း လေ့လာသူများက ဆိုသည်။
သီရိလင်္ကာရောက် မြန်မာကျောင်းသားရဟန်းတော်များ အဖွဲ့(MSMA)မှ ဥက္ကဋ္ဌ ဦးသြဘာသက “၂ ဘက် အကျိုး တရားကို ပြန်လှန်ပြီးတော့မှ ကြည့်မယ်ဆိုရင် မြန်မာအတွက် ရရှိ လာနိုင်တဲ့ အကျိုးတရား ကတော့ ဘာသာရေး နဲ့ စစ်ရေး ကလွဲလို့ ဘာမှ မရှိပါဘူး” ဟု ပြောသည်။
မြန်မာစစ်ခေါင်းဆောင်များ အနေဖြင့် သီရိလင်္ကာနိုင်ငံသို့ သွားရောက်ရာတွင် သံဃာတော်များကို အလှူအတန်း များ ပေးလေ့ရှိကြောင်း သိရသည်။
“စစ်အစိုးရက လှူမယ် မလှူဘူး မသေချာပေမယ့်၊ လှူတန်းလာခဲ့မယ်ဆိုရင်လည်း ဦးပဉ္ဇင်းတို့ အနေနဲ့ လက်မခံဘူး ဆိုတာ အတိအလင်း ပြောထားရပါ လိမ့်မယ်”ဟု ဦးသြဘာသက ဆိုသည်။
ဇွန်လက တမီးလ်ကျား သူပုန်များကို နှိမ်နင်းပြီးနောက် သီရိလင်္ကာ သမ္မတသည် နေပြည်တော်သို့ သွားရောက် လည်ပတ်ခဲ့သည်။ ယင်းခရီးစဉ်တွင် သီိရိလင်္ကာ သမ္မတက ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်တို့နှင့် ၂နိုင်ငံ အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်ဟု ဆိုသည်။
သီရိလင်္ကာ သမ္မတ၏ ဇွန်လ ခရီးစဉ်သည် မြန်မာနှင့် သီရိလင်္ကာနိုင်ငံတို့ သံတမန် ဆက်ဆံရေး နှစ် ၆၀ ပြည့်မြောက်သည့် အချိန်ကာလနှင့်လည်း တိုက်ဆိုင်နေသည်။
စစ်အစိုးရ ကာကွယ်ရေး ဝန်ကြီးဌာန ဒု ဝန်ကြီး ဗိုလ်ချုပ် အေးမြင့်က စင်္ကာပူနိုင်ငံတွင် ကျင်းပနေသော Shangri-La Dialogue ညီလာခံတွင် သီရိလင်္ကာက ပဋိပက္ခကို အောင်မြင်စွာရှင်းလင်းလိုက်သည်ကို ကမ္ဘာ တခုလုံး အသိဖြစ်ကြောင်း၊ သို့သော်လည်း မြန်မာ လူမျိုးစု လက်နက်ကိုင်များနှင့် ပတ်သက်၍ ကန့်သတ်ထားကြောင်း ပြောဆိုခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၄၅ ခုနှစ်တွင် ဒုတိယ ကမ္ဘာစစ်အပြီး လွတ်လပ်ရေး အကြို မြန်မာ့ တပ်မတော် ပြန်လည် ဖွဲ့စည်းရေးအတွက် အရှေ့တောင်အာရှ စစ်သေနာပတိ လောဒ့် မောင်ဘက်တန်နှင့် ကန္ဒီစာချုပ်ကို သီရိလင်္ကာနိုင်ငံ ကန္ဒီမြို့၌ လက်မှတ်ရေးထိုး ချုပ်ဆိုခဲ့ သည်။
၁၉၅၀ ခုနှစ်တွင် ၀န်ကြီးချုပ် ဦးနုနှင့် ၁၉၆၂ ခုနှစ်တွင် ဦးနေ၀င်း တို့လည်း သီရိလင်္ကာသို့ သွားရောက်ခဲ့သည်။
မြန်မာနှင့် သီရိလင်္ကာတို့သည် ထေရ၀ါဒ ဗုဒ္ဓဘာသာကို အခြေခံသည့် နိုင်ငံများ ဖြစ်သည်။ နှစ်နိုင်ငံစလုံးသည် လူ့အခွင့်အရေး အချိုးဖောက်ဆုံး နိုင်ငံများထဲတွင် ပါဝင်ကြောင်း လေ့လာသူများက ဆိုသည်။
သီရိလင်္ကာ အစိုးရသည် ပြည်တွင်းစစ်ကြောင့် ထွက်ပြေးနေရသည့် ဒုက္ခသည် ၂၅၀၀၀၀ တို့နှင့် ပတ်သက်၍ ဝေဖန် ရေးသား၊ ပြောဆိုခြင်း မပြုရန် မီဒီယာနှင့် လူ့အခွင့်အရေး အဖွဲ့များကို တားမြစ်ထားကြောင်း Human Rights Watch ဟု ခေါ်သည့် လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ မှ ညွှန်ကြားရေးမှူးတဦး ဖြစ်သူ မစ္စတာ James Ross က ဧရာဝတီမဂ္ဂဇင်းတွင် ရေးသားခဲ့ဖူးသည်။
ဒေသတခုအတွင်း တည်ရှိသော နိုင်ငံများဖြစ်သည့် မြန်မာနှင့် သီရိလင်္ကာတို့အကြား ထိတွေ့ ဆက်ဆံမှု တခါတရံရှိကြောင်း တွေ့ရသည်။
၁၉၈၈ ခုနှစ်တွင် သီရိလင်္ကာက မြန်မာနိုင်ငံတွင် အမေရိကန်ဒေါ်လာ ၁ သန်းဖိုး ရင်းနှီး မြှုပ်နှံခဲ့သည်။
ဇွန်လအတွင်းက စစ်အစိုးရသည် လက်နက်ကိုင် ပဋိပက္ခကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် သီရိလင်္ကာ နိုင်ငံသားများအတွက် ဒေါ်လာ ၅၀၀၀၀ ပေးအပ် လှူဒါန်းခဲ့သည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း သီရိလင်္ကာ ကိုယ်စားလှယ် အဖွဲ့တဖွဲ့ မြန်မာပြည်သို့ လာရောက်၍ ဆန် မက်ထရစ် တန်ချိန် ၅၀၀၀၀ ကို သီရိလင်္ကာသို့ တင်ပို့ရေး ဆွေးနွေးခဲ့သည်။
၂၀၀၆ နိုဝင်ဘာတွင် သီရိလင်္ကာက လေကြောင်း၊ ရေကြောင်း တိုက်ရိုက် ဆက်သွယ်၍ နှစ်နိုင်ငံ ကုန်သွယ်ရေးကို ပိုမို တိုးမြှင့်ရန် ကမ်းလှမ်းခဲ့ရာ မြန်မာဘက်က သဘောတူညီခဲ့သည်။
မြန်မာနှင့် သီရိလင်္ကာနိုင်ငံတို့သည် ဘင်္ဂလားပင်လယ်အော် စီးပွားရေးနှင့် နည်းပညာဆိုင်ရာ ဘက်စုံ ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ (BIMSTEC)၏ အဖွဲ့ဝင် နိုင်ငံများလည်း ဖြစ်သည်။
< Prev | Next > |
---|