နိုင်ငံတကာ သံဃာများက မြန်မာ ဒုက္ခသည်များအတွက် အလှူခံ

E-mail Print
နယ်စပ်ဒေသမှ ဒုက္ခသည်များအတွက် ရည်ရွယ်သည့် ဆွမ်းဆန်စိမ်း လောင်းလှူပွဲတခုကို ယနေ့နံနက်က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ကျင်းပရာ နိုင်ငံတကာမှ သံဃာ အပါး၂၀၀ ခန့် ပါဝင်ခဲ့ ကြသည်။

ဒုက္ခသည်များအတွက် ပထမဆုံးအကြိမ် ပြုလုပ်သော အလှူပွဲတွင် ပါဝင်သည့် သံဃာအများစုမှာ ထိုင်းနိုင်ငံမှ ဖြစ်ပြီး ဂျပန်၊ သီရိလင်္ကာ၊ မြန်မာနိုင်ငံတို့မှ သံဃာတချို့လည်း ပါဝင်သည်။ အလှူပွဲတွင် တက္ကသိုလ်ကျောင်းသားများ၊ ချင်းမိုင်မြို့ရောက် မြန်မာပြည်သား အလုပ်သမားများကလည်း ပါဝင် ကူညီကြသည်။

သံဃာများသည် နံနက် ၆နာရီခန့်မှ စတင်၍ ၀ပ်ဆွန်ထော့ ဘုန်းကြီးကျောင်း နှင့် ချင်းမိုင်တက္ကသိုလ်အထိ လမ်းတလျှောက်တွင် အလှူခံကြခြင်းဖြစ်သည်။

“ကိုယ့်နိုင်ငံက ဒုက္ခရောက်နေတဲ့သူတွေကို ကူညီဖို့အတွက် ချင်းမိုင်မှာနေတဲ့ မြန်မာနိုင်ငံသား အသိုင်း အ၀န်းကို တတ်နိုင် သမျှ ဒီအလှူကို သိအောင်၊ ပါဝင်လာအောင် လှုံဆော်ခဲ့ပါတယ်” ဟု Friends Of Burma (ထိုင်း မြန်မာ မိတ်ဆွေများအဖွဲ့) မှ မြန်မာ ကျောင်းသားတဦးက ဧရာဝတီသို့ ပြောသည်။

သံဃာများ အလှူခံ၍ ရရှိသည့် ဆေးဝါးနှင့် ပစ္စည်းများကို ဒုက္ခသည်စခန်းများသို့ သာမက နာဂစ်မုန်တိုင်းဒဏ်သင့် ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသများသို့လည်း ပေးပို့မည်ဟု သိရသည်။

အလှူပစ္စည်းများတွင် ထိုးဆေး၊ သောက်ဆေး၊ လိမ်းဆေး စသည့် ဆေးဝါးပစ္စည်း အများစု ပါဝင်ကြောင်း သိရသည်။

အလှူခံ သံဃာများထဲတွင် သာသနာ့ဥသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာ ရဟန်းတော်များအဖွဲ့ချုပ် မှ ဦးသြဘာသလည်း  ပါဝင်သည်။ မြန်မာနိုင်ငံသား ဒုက္ခသည်များ အတွက် နိုင်ငံတကာမှ ဗုဒ္ဓဘာသာ သံဃာတော်များ ယခုကဲ့သို့ ပါဝင် ဆောင်ရွက်သဖြင့် ၀မ်းမြောက်ကြောင်း ဦးသြဘာသက ဧရာဝတီသို့ မိန့်ကြားသည်။

မြို့သူ မြို့သားများက ကိုယ်ချင်းစာစိတ်၊ စာနာစိတ် အပြည့်ဖြင့် သဒ္ဒါတရား ထက်သန်စွာ လှူဒါန်းကြသည် ဟု ချင်းမိုင်မြို့ရှိ ကူညီ ကယ်ဆယ်ရေး အဖွဲ့ တခုတွင် လုပ်ကိုင်နေသည့် မြန်မာ လူငယ် တဦးက ပြောသည်။

ဒုက္ခသည်များအတွက် ရည်ရွယ်သည့် အလှူပွဲ ကို International Network of Engaged Buddhist (အပြည်ပြည် ဆိုင်ရာ ဗုဒ္ဓဘာသာဝင်များ စေ့စပ် ညှိနှိုင်းရေး အဖွဲ့) က ဦးဆောင်ခဲ့ခြင်း ဖြစ်သည်။

ထိုင်း-မြန်မာ နယ်စပ်ဒေသတွင် ဒုက္ခသည်စခန်းပေါင်း ၉ ခု ရှိနေသည်။ ကရင်ပြည်နယ် အနီးတွင် စခန်း ၆ ခု၊ ကယား ပြည်နယ် အနီးတွင် စခန်း ၂ ခု၊ ရှမ်းပြည်နယ် အနီးတွင် ၁ ခု တည်ရှိသည်။ ဒုက္ခသည် စုစုပေါင်း တသိန်း သုံးသောင်းကျော် ရှိနေသည်ဟု ပြီးခဲ့သည့်လ အတွင်း ထုတ်ပြန်ခဲ့သော ထိုင်း - မြန်မာနယ်စပ် တလျှောက် ကူညီ စောင့်ရှောက်ရေး ညွန့်ပေါင်းအသင်း (TBBC) ၏ အချက်အလက်များအရ သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်