အလှဖန်တီးရှင်များကို မြန်မာ့လူမှုဝန်းကျင်က လက်ခံလာပြီလား

E-mail Print
မြန်မာ့လူမှု အသိုင်းအဝန်းတွင် ယခုနောက်ပိုင်း အလှဖန်တီးရှင် (လိင်တူချစ်သူ) များ ပိုမို နေရာရလာပြီး လူအများကလည်း အသိအမှတ် ပြုလာကြောင်း လေ့လာသူများက သုံးသပ်ကြသည်။

အလှဖန်တီးရှင်များအနေနှင့် ယခုနှစ်မှစတင်၍ ပြိုင်ပွဲများကျင်းပကာ လူသိရှင်ကြား လှုပ်ရှားလာကြသည်ဟု ရန်ကုန်အခြေစိုက် အနုပညာသတင်း ဂျာနယ် အယ်ဒီတာချုပ်တဦးက ပြောသည်။

စာပေစိစစ်ရေးသည် မိန်းမအသွင် ၀တ်စားပြင်ဆင်ထားသော ယောက်ျားများ၏ ဓာတ်ပုံများကို မဂ္ဂဇင်း၊ ဂျာနယ်များ၏ ထင်သာ မြင်သာသည့် လူမြင်ကွင်းတို့၌ ထည့်သွင်းခွင့်မပေးခဲ့သော်လည်း ယခုနောက်ပိုင်း ဖော်ပြခွင့် ပြုလာသည်ဟု ၎င်းက ဆက်ပြောသည်။

“အခုနောက်ပိုင်း စာပေစိစစ်ရေးကလည်း သူတို့ရဲ့ ပုံတွေကို ခွင့်ပြုလာတယ်။ အလှပြိုင်ပွဲတွေပါ လုပ်ခွင့်ရလာပြီဆိုတော့ နိုင်ငံတော်ကပါ ခွင့်ပြုလာလို့ပေါ့။ ဒါကြောင့် သူတို့ရဲ့ အသိုင်းအ၀န်းကျယ်ပြန့်လာတယ်လို့ ပြောလို့ရတယ်”ဟုလည်း အထက်ပါ ဂျာနယ်အယ်ဒီတာချုပ်ကဆိုသည်။

ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်တွင် ပြုလုပ်ခဲ့သည့် အလှဖန်တီးရှင်များ၏ Miss Red Ribbon Beauty Contest ပွဲကို ရိုက်ကူးထား သည့် ဒီဗီဒီအခွေမှာ ခိုးကူးခွေအဖြစ်ထွက်ရှိလာပြီး ရောင်းအကောင်းဆုံး ဖြစ်နေကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် အလှမယ်ရွေးချယ်ပွဲများစွာ ကျင်းပလျက်ရှိသော်လည်း အလှဖန်တီးရှင်များယှဉ်ပြိုင်သည့် ပွဲများမှာ ရေပန်းအစား ဆုံး ဖြစ်နေကြောင်း ရန်ကုန်မြို့ခံများကဆိုသည်။

Miss Red Ribbon Beauty Contest ကဲ့သို့ပင် ဒီဇင်ဘာ ၄ ရက်နေ့တွင်လည်း ကန်တော်ကြီးမျှော်စင်ကျွန်း၌ ကမ္ဘာ့ HIV/AIDS ရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် အလှဖန်တီးရှင်များ၏ အလှဆုံးသူ ရွေးချယ်ပွဲကို ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲကို Miss Condom Contest 2009 ဟူ၍ အမည်ပေးထားကြောင်းလည်း သိရသည်။ ၎င်းပွဲမှာ မြန်မာနိုင်ငံတွင် အလှဆုံး အလှဖန်တီးရှင် ရွေးချယ်ပွဲများအနက် တတိယအကြိမ်မြောက်ကျင်းပမည့်ပွဲဖြစ်ပြီး ယင်းကဲ့သို့သော ပြိုင်ပွဲမျိုးကို ရန်ကုန်မြို့ ဆီဒိုးနား ဟိုတယ်တွင်တကြိမ်၊ မန္တလေးမြို့ Oriental House တွင် တကြိမ်ကျင်းပခဲ့ပြီးဖြစ်သည်။

မြန်မာနိုင်ငံတွင် ယခင်က အလှဖန်တီးရှင် များကို လူမှုပတ်ဝန်းကျင်တွင် နှိမ့်ချဆက်ဆံခဲ့ကြရာက ယခုကဲ့သို့ အသိအမှတ်ပြု အားပေးလာခြင်းအပေါ် ဂုဏ်ယူဝမ်းမြောက်မိကြောင်း သက်တမ်း ၄၂ နှစ်တိုင် အလှဖန်တီးရှင်များ၏ အကပဒေသာ “မိုးကြိုးငှက်ငယ်ကလေးများ” အဖွဲ့ကို ထူထောင်ခဲ့သည့် အဖွဲ့ခေါင်းဆောင် စောနန္ဒာက ဧရာဝတီကိုပြောသည်။

“ပတ်ဝန်းကျင်မှာကြုံဖူးပါတယ်။ တွေ့တာနဲ့ ဂျီပုန်းကြီးလို့ ခေါ်တာမျိုး၊ တင်ပါးကို ခြေထောက်နဲ့ ကန်တာမျိုး၊ နောက် အဖွဲ့လိုက် နှောင့်ယှက်တာ၊ ခေါ်သွားပြီးနှိပ်စက်တာမျိုးတွေ ခံခဲ့ရတယ်၊ အနှိမ်ခံပေါ့”ဟု ၎င်းကဆိုသည်။

၎င်းတို့အဖွဲ့၏ ကပြဖျော်ဖြေမှုတွင် လူမှုအသိုင်းအ၀န်းအတွင်း အခက်အခဲများစွာ တွေ့ကြုံရခြင်းများရှိခဲ့ကာ အနုပညာကို အနုပညာ အမြင်ဖြင့် မကြည့်ဘဲ အထင်သေးသည့်အမြင်ဖြင့် ဝေဖန်ခြင်းကိုခံခဲ့ရကြောင်း၊ နောက်ပိုင်းတွင်မှ ဂျာနယ်၊ မဂ္ဂဇင်းများ၏ ၀ိုင်းဝန်း ပံ့ပိုးမှုကြောင့် ပရိသတ်အားပေးမှု ရရှိလာခဲ့ကြောင်း သူကဆက်ပြောသည်။

စောနန္ဒာက “နဂိုဗီဇ ပါလာတဲ့သူကို မိဘဆွေမျိုးမောင်နှမတွေက ပိုပြီး ဖိနှိပ်ချုပ်ချယ်တာတွေ လုပ်လာရင် ပိုပြီး ဆိုးရွား သွားနိုင် တယ်။ အဲဒါကြောင့် သူတို့ရဲ့ ဖြစ်ချင်တဲ့ ဆန္ဒအလျောက် လုပ်ဆောင်ခွင့်ပေးသင့်ပါတယ်” ဟု ဆိုသည်။

ရန်ကုန်မြို့နေ အလှဖန်တီးရှင် တဦးကလည်း မိတ်ကပ် ဒီဇိုင်းနှင့်ပတ်သက်လာလျှင် အလှဖန်တီးရှင်များက သာမာန်ထက်ပို၍ အမြင်ရှိကြောင်း၊ အလှအပအပေါ်တွင် ယောက်ျား၊ မိန်းမ အမြင်နှစ်မျိုးဖြင့် မြင်နိုင်ခြင်းက ၎င်းတို့၏ အဓိက အားသာချက် ဖြစ်ကြောင်း ဧရာဝတီကိုပြောသည်။

အနုပညာနယ်ပယ်တွင်လည်း တက်သစ်စမင်းသားမှအစ မင်းသားဟောင်းများပါ အလှဖန်တီးရှင်ဇာတ်ရုပ်၊ နတ်ကတော် ဇာတ်ရုပ်၊ မိန်းမအဖြစ် ဟန်ဆောင်ထားသည့် ဇာတ်ရုပ်များကို သရုပ်မဆောင်ဘူးသူ မရှိသလောက်နည်းပါးပြီး ပရိသတ်များကလည်း အဆိုပါ ဇာတ်ရုပ်မျိုးကို နှစ်ခြိုက်အားပေးကြကြောင်း ကြားသိရသည်။

“ပရိသတ်မျက်စိထဲမှာ သူတို့နှစ်သက်တဲ့ မင်းသားတလက်က မိန်းမလိုဝတ်ပြီး သရုပ်ဆောင်တယ်ဆိုတော့ သူတို့အတွက် ရယ်စရာ တခုလိုဖြစ်နေတယ်။ ပရိသတ်ကြိုက်တယ်ဆိုတော့လည်း အနုပညာသမားတွေက လိုက်လုပ်ကြတာပေါ့” ဟု ဒါရိုက်တာ ညိုမင်းလွင်က ဧရာဝတီကိုပြောသည်။

၎င်းအခြေအနေများကြောင့် မင်းသားအဖြစ် ရုပ်ရှင်လောကသို့ စတင်ဝင်ရောက်လာသည်နှင့် မဖြစ်မနေ မိန်းမကဲ့သို့ ၀တ်စားကာ  ရိုက်ကူးရသည့် ထုံးစံများပင် ရှိလာကြောင်းလည်း ၎င်းကဆိုသည်။

ယခုနောက်ပိုင်းတွင် ရန်ကုန် ရွှေဂုံတိုင်ဟိုတယ်၌ ထိုင်းနိုင်ငံ ပတ္တရားမြို့မှ အလှဖန်တီးရှင်တချို့ကိုခေါ်ယူကာ ညစဉ်ညတိုင်း ဖျော်ဖြေ တင်ဆက်မှုများရှိနေပြီး ကြည့်ရှုအားပေးသူ ပရိသတ်များပြားလှကြောင်း အနုပညာဂျာနယ် အယ်ဒီတာချုပ်ကပြောသည်။

“လူတွေက ဒီလိုပွဲမျိုးတွေကအစ တကူးတက သွားကြည့်နေကြတယ်ဆိုတော့ လူ့အသိုင်းအ၀န်းက လက်ခံလာကြပြီဆိုတာ သေ ချာသွားပြီပေါ့” ဟု အဆိုပါ အယ်ဒီတာချုပ်က သုံးသပ်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်