ပြည်တွင်း ဆန်ဈေးနှုန်းများ ကျဆင်းနေ

E-mail Print
အမေရိကန် ဒေါ်လာဈေးများ ကျဆင်း၍ ပြည်ပနိုင်ငံများသို့ ဆန်တင်ပို့မှုကို ယာယီရပ်ဆိုင်း ထားသောကြောင့် ပြည်တွင်း ဆန်ဈေးကွက် အတွင်း ဆန်ဈေးနှုန်းများ သိသိသာသာ ကျဆင်းလျက်ရှိကြောင်း သိရှိရသည်။

ပြည်တွင်း ဆန်ကြမ်းဈေးမှာ လွန်ခဲ့သော စက်တင်ဘာလကထက် တအိတ်လျှင် ကျပ် ၁၀၀၀ ကျော်အထိ ကျဆင်းလျက်ရှိပြီး ဆန်ချော ဈေးမှာလည်း တအိတ်လျှင် ကျပ် ၄၀၀၀ ခန့် အထိကျဆင်းနေကြောင်း ရန်ကုန်မြို့ ဘုရင့်နောင် ဆန်ပွဲရုံလုပ်ငန်းသမား များက ပြောသည်။

“အိတ်စ်ပို့ရပ်နေချိန်နဲ့ ဆန်သစ်ပေါ်ချိန်ဖြစ်နေလို့ ဆန်က ဈေးကျသွားတာပါ၊ အိတ်စပို့ရပ်နေပေမဲ့ အိတ်စ်ပို့ပို့နေတဲ့ ကုမ္ပဏီ ကြီးတွေကတော့ အ၀ယ်လိုက်နေတုန်းပဲ၊ လုပ်ငန်းသေးတွေသာ ရပ်သွားတာပါ၊ အိတ်စ်ပို့ ပြန်ကောင်းလာတာနဲ့ ဆန်ဈေးလည်း ပြန်တက်သွားနိုင်တယ်” ဟု ဘုရင့်နောင်မှ ဆန်ကုန်သည်တဦးက ပြောဆိုသည်။

တဒေါ်လာလျှင် မြန်မာကျပ်ငွေ ၁၂၀၀ ကျပ်နှုန်း ဈေးပေါက်နေရာမှ နိုဝင်ဘာ လလယ်ပိုင်းတွင် ၉၉၀ ကျပ်အထိ မြန်မာကျပ်ငွေက ဈေးခိုင်နေခဲ့ပြီး ယနေ့အထိ ဒေါ်လာဈေးများ ဆက်တိုက်ကျဆင်းနေသောကြောင့် ပြည်ပပို့ ကုန်လုပ်ငန်းများ ထိခိုက်မှုရှိလာကာ ကုန်သွယ်ရေးပါ ကျဆင်းလျက်ရှိကြောင်း သိရှိရသည်။ ယခုအခါ ပြင်ပတွင် မှောင်ခိုလဲလှယ်နေကြသည့် ငွေကြေးဈေးကွက် တွင် တဒေါ် လာလျှင် ၉ရ၀ ကျပ်နှုန်းနှင့် ရောင်းဝယ်နေကြကြောင်း ငွေကြေး လဲလှယ်သူများက ဆိုသည်။

“ဒေါ်လာဈေးကျနေတော့ ပို့ကုန်လုပ်ငန်းတွေကို ထိခိုက်စေတာပဲ၊ ပြီးတော့ ကိုယ့်မြန်မာငွေ မာလို့ ဒေါ်လာဈေးကျတာမျိုးလည်း   မဟုတ်ဘူး၊ ပိုဆိုးတာက ပို့ကုန်မကောင်းလို့ သွင်းကုန်ကောင်းနိုင်မလားဆိုတာ တဖက်လှည့်ကြည့်လို့ရပေမယ့် ပြည်တွင်းမှာလည်း  အရောင်းအ၀ယ်တွေကမဖြစ်ဘဲ ရောင်းအားတွေကလည်း ဆက်တိုက်ကျနေတော့ သွင်းကုန်လုပ်ငန်းတွေ ကောင်းလာနိုင်တယ် လို့ လည်း ပြောလို့မရဘူးဖြစ်နေတယ်”ဟု အငြိမ်းစား စီးပွားရေးပညာရှင်တဦးက ပြောဆိုသည်။

ပြည်တွင်းစီးပွားရေးအခြေအနေကို တွက်ဆရန်မှာ ခက်ခဲလျက်ရှိကြောင်း၊ ဒေါ်လာဈေးကစားသော လက်ကြီးသမားများရှိ သော ကြောင့် ဒေါ်လာဈေးမှာ ပြန်တက်နိုင်ကြောင်း၊ လက်ရှိအခြေအနေတွင် ပို့ကုန်ပမာဏအများဆုံးတင်ပို့နေရသော ပဲနှင့် ဆန်ဈေး မှာ ပြန်လည် ကျဆင်းနေသည်ကို တွေ့ရကြောင်း အဆိုပါ စီးပွားရေးပညာရှင်က သုံးသပ်သည်။

လတ်တလောပြည်တွင်း ဒေါ်လာဈေးကျဆင်းခြင်းနှင့် စပါးသစ်ပေါ်ချိန်တွင် စပါးဈေးမတည်ငြိမ်မှုများကြောင့် ပြည်ပနိုင်ငံများသို့
ဆန်တန်ချိန်အမြောက်အမြားတင်ပို့မှုကို လုပ်ငန်းရှင်များဘက်မှ ခဏရပ်ဆိုင်းထားရကြောင်း၊ သို့သော်လည်း အရောင်းအ၀ယ် စာချုပ် ချုပ်ဆိုထားပြီးဖြစ်သောကြောင့် စာချုပ်အတိုင်းပြည့်မီအောင် တင်ပို့ရမည် ဖြစ်ကြောင်း ပြည်ပသို့ တင်ပို့နေသူ လုပ်ငန်းရှင် တဦးက ပြောသည်။

“ဒေါ်လာဈေးကျတော့ မကိုက်ဘူး ဖြစ်နေတယ်၊ ဈေးပိုတောင်းလို့လည်း မရတော့ ခဏရပ်ထားတာပါ၊ စာချုပ် ချုပ်ပြီးသား ဆိုတော့ ပို့တော့ ပို့ရမှာပေါ့၊ ခုလောလောဆယ်သာ ခဏရပ်ထားတာပါ”ဟု အဆိုပါ လုပ်ငန်းရှင်က ပြောဆိုသည်။

လက်ရှိ ဆန်ကြမ်းဈေးမှာ ရန်ကုန်လက်ကားဈေးကွက်တွင် တအိတ်လျှင် ကျပ် ၁၃၀၀၀ ကျော် ဈေး ပေါက်လျက်ရှိပြီး လက်လီ ဈေးကွက်တွင် တအိတ်လျှင် ကျပ် ၁၄၀၀၀ နှုန်းရှိသည်။ ဆန်ချောဈေးမှာမူ အနိမ့်ဆုံး တအိတ်လျှင် ကျပ် ၁၅၀၀၀  ၀န်းကျင်ဈေးထိ ကျလျက်ရှိရာ၊ လက်လီဈေးကွက်တွင် ကျပ် ၁၈၀၀၀ ၀န်းကျင်မှ အမြင့်ဆုံး ကျပ် ၂၆၀၀၀ ကျော်ထိ ဈေးရှိကြောင်း သိရှိရသည်။

ယခုနှစ် အောက်တိုဘာလက ဆန်ကြမ်းတအိတ်လျှင် လက်လီဈေးကွက်တွင် ကျပ် ၁၅၀၀၀ ဈေး ပေါက်နေရာမှ ယခုအခါ တအိတ် လျှင် ကျပ် ၁၃၅၀၀ ဈေးအထိ ကျဆင်းသွားခဲ့ခြင်းဖြစ်ကြောင်း၊ ဆန်ချောဈေးမှာမူ တအိတ်လျှင် ကျပ်၂၃၀၀၀ နှုန်းမှ ယခု အခါ တအိတ်လျှင် ကျပ် ၁၉၀၀၀ အထိ ကျဆင်းသွားခြင်းဖြစ်ကြောင်း ဈေးကွက်တွင်းမှ စုံစမ်းသိရှိရသည်။

ယခင်နှစ် ဆန်သစ်ပေါ်ချိန်တွင် တအိတ်လျှင် ကျပ် ၅၀၀ ၊ ၁၀၀၀ ခန့်သာ ဈေးနှုန်းကျဆင်းခဲ့သော်လည်း ယခုနှစ်တွင်မူ တအိတ် လျှင် ကျပ် ၁၀၀၀ ကျော်မှ ကျပ် ၄၀၀၀ အထိ အများဆုံး ကျဆင်းခဲ့သည်ဟု ဆန်ကုန်သည်များက ဆိုသည်။

“ဆန်ကြမ်းဈေးက အိတ်စ်ပို့ရှိနေလို့ သိပ်မကျဘူးဖြစ်နေတာ၊ ဆန်ချောဈေးကတော့ ဆန်သစ်ပေါ်ချိန်လည်းဖြစ်တယ်၊ ပေါ်ဆန်း မွှေးစိုက်တဲ့သူလည်း များလာတော့ ဆန်လည်းပေါလာပါတယ်၊ သူက ပြည်တွင်း ရောင်းအားလည်း မကောင်းတော့ သိသိသာ သာကို ထိုးကျသွားတာပဲ”ဟု ဘုရင့်နောင်ပွဲရုံမှ ဆန်လုပ်ငန်းရှင်တဦးက ပြောသည်။

ယခုနှစ်အတွင်း ဆန်တန်ချိန်သန်းပေါင်း ၃ သန်းကျော် ပြည်ပနိုင်ငံသို့ တင်ပို့ရောင်းချရန် ရည်ရွယ်ထားကြောင်း၊ ယခု အခါ ပြည် တွင်းစားသုံးမှုများသည့် ဧည့်မထ၊ ငစိန်၊ မီးဒုံး ဆန်သာမက လုံးသွယ်မွှေးနှင့်ပေါ်ဆန်းမွှေးပါ စင်ကာပူ၊ မလေးရှားနှင့် ဥရောပ နိုင်ငံ များတွင် ဈေးကွက်ရှိလာပြီဖြစ်ကြောင်း မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း(UMFCCI) မှ တာဝန်ရှိ သူတဦးက ဆိုသည်။

မြန်မာ့ဆန်တင်ပို့ ရောင်းချနေကြသော နိုင်ငံများမှာ ဘင်္ဂလားဒေ့ရှ်၊ စင်ကာပူ၊ အိန္ဒိယ၊ မလေးရှား၊ သီရိလင်္ကာ၊ တရုတ်၊ ယူအေအီး၊ ဆော်ဒီအာရေးဗီးယား၊ အီဂျစ်၊ တောင်အာဖရိက၊ ကင်မရွှန်း၊ အိုင်ဗရီကို့စ်၊ ဘူဂေးရီးယား နိုင်ငံတို့ ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန် စက်လုပ်ငန်းရှင်များ အသင်းမှ ထုတ်ပြန်ချက်အရ သိရှိရသည်။

ဧည့်မထ ၂၅ မှတ် ဆန်ကို အာဖရိက၊ ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ မြောက်ကိုရီးယား၊ သီရိလင်္ကာ၊ မာဒါဂတ်စကာတို့က ၀ယ်ယူလျက်ရှိပြီး ငစိန် ၂၅ မှတ် ဆန်ကို အာဖရိက၊ ဘင်္ဂလားဒေ့ရှ်၊ စင်ကာပူ၊တရုတ်နှင့်အရှေ့ ဥရောပ နိုင်ငံများကလည်း ကောင်း၊ မီးဒုံး ၂၅ မှတ်ဆန်ကို အာဖရိကနှင့် ဘင်္ဂလားဒေ့ရှ်တို့က လည်းကောင်း၊ လုံးသွယ်မွှေးနှင့်ပေါ်ဆန်းမွှေးတို့ကို မလေးရှား နှင့် စင်ကာပူနိုင်ငံများက လည်းကောင်း ၀ယ်ယူလျက်ရှိကြောင်း မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်းမှ တရားဝင် ထုတ် ပြန်ထားသည်။

နိုဝင်ဘာလမှ စပြီး အာရှဆန်ဈေးကွက်တွင် အာရှ ၂၅ မှတ်ဆန်ပေါက်ဈေးမှာ အမေရိကန်ဒေါ်လာ ၄၅၀၊ ၄၃၀၊ ၃၅၀ ပေါက် ဈေးရှိပြီး တန်းမြင့်ဆန်ပေါက်ဈေးမှာ အမေရိကန်ဒေါ်လာ ၅၆၅၊ ၄၈၀၊ ၄၄၀နှုန်းရှိကြောင်း သိရှိရသည်။

ဧည့်မထ၊ ငစိန်၊မီဒုံးဆိုသည်မှာ အခြေခံလူတန်းစား အများဆုံး စားသုံးသည့် ဆန်ကြမ်းမျိုးများဖြစ်ပြီး လုံးသွယ်မွှေးနှင့် ပေါ်ဆန်းမွှေး တို့မှာလည်း ဆန်ချောအဖြစ် မြန်မာလူမျိုးများ အများဆုံး စားသုံးသော ဆန်မျိုးများဖြစ်သည်။

ပြည်တွင်းမှ ဆန်များအား ပြည်ပနိုင်ငံများသို့ တရားဝင်လမ်းကြောင်း၊ တရားမ၀င်လမ်းကြောင်းများမှ ဆန်တန်ချိန် အမြောက် အမြား တင်ပို့နေသောကြောင့် ပြည်တွင်းဆန်ဈေးကွက်တွင် ဆန်ကြမ်းများ ရှားပါးကာ ဆန်ဈေးများ တက်ရခြင်းဖြစ်ကြောင်း၊ ဆန်ချောများကိုလည်း စမ်းသပ်တင်ပို့လျက်ရှိသောကြောင့် ဈေးမြင့်လာခြင်းဖြစ်ကြောင်း ဘုရင့်နောင်ပွဲရုံမှ ဆန်ကုန်သည်ကြီး တဦးက ပြောဆိုသည်။

“အိတ်စ်ပို့နဲ့ ပြည်တွင်း ဆန်ဈေးကတွဲနေတာ၊ အိတ်စ်ပို့ရပ်လိုက်တာနဲ့ ဆန်ဈေးက ချက်ခြင်းကျလာတယ်၊ အိတ်စ်ပို့ ကောင်းနေရင် ဆန်ဈေးတွေတက်လာတာပဲ”ဟု သူက ဆိုသည်။

ပြည်ပနိုင်ငံများသို့ နှစ်စဉ် ဆန်တင်ပို့ရောင်းချနေမှုကို လေ့လာကြည့်ပါက ၂၀၀၃ ခုနှစ်တွင် ဆန် မတ်ထရစ်တန် ၁၀ရ.၉၀၀၊ ၂၀၀၄ ခုနှစ်တွင် မတ်ထရစ်တန် ၁၅၂.၅၂၃၊ ၂၀၀၅ ခုနှစ်တွင် မတ်ထရစ်တန် ၁၇၅၊  ၂၀၀၆ ခုနှစ်တွင် မတ်ထရစ်တန် ၁၄. ၅၁၄ ၊ ၂၀၀၇ ခုနှစ်တွင် မတ်ထရစ်တန် ၃၅၈.၃၀၊ ၂၀၀၈ ခုနှစ်တွင် မတ်ထရစ်တန် ၆၇၄.၃၄၊ ၂၀၀၉ ခုနှစ်(သြဂုတ်လအထိ) မတ်ထရစ် တန် ၆၇၃.၆၀၃ ပေါင်းတင်ပို့ ခဲ့ကြောင်း စာရင်းထုတ်ပြန်ချက်များအရ သိရှိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်