၂ဝ၁ဝ တွင်လည်း လူထုသတင်းသမားတို့ သတင်းပို့မည်

E-mail Print
၂ဝ၁ဝ ရွေးကောက်ပွဲ ကာလတွင် မြန်မာနိုင်ငံအတွင်းရှိ လူထုသတင်းသမားများထံမှ သတင်းအချက်အလက်၊ ဓာတ်ပုံ၊ ဗီဒီယိုရိုက်ချက်များ ပေါ်ပေါက်လာဖွယ်ရှိသည်ဟု ပြည်ပမှ သတင်းသမားများက ခန့်မှန်းနေကြသည်။

ဘလော့ဂါ ခေါ် လူထုသတင်းသမားများက ၂ဝဝ၇ ခုနှစ် ရဟန်းသံဃာတို့၏ ဆန္ဒပြပွဲ၊ ၂ဝဝ၈ ခုနှစ် နာဂစ်မုန်တိုင်းစသည့်  ဖြစ်ရပ်များကို အင်တာနက်စာမျက်နှာများမှတဆင့် ဖော်ပြခဲ့ကြသည်။

“လူထုသတင်းသမားတွေက အနာဂတ်မှာ အထူးသဖြင့် ၂ဝ၁ဝ မှာ အဓိက အခန်းကဏ္ဍကနေ ပါဝင်ကြပါလိမ့်မယ်။ စာနယ်ဇင်း မီဒီယာတွေကို သူတို့က သတင်းအချက်အလက်တွေ၊ ဓာတ်ပုံတွေ ပေးပို့မှာ ပါ ” ဟု ဧရာဝတီမဂ္ဂဇင်း စီမံခန့်ခွဲမှု အယ်ဒီတာ ကိုကျော်စွာမိုးက ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ပြီးခဲ့သည့် အပတ်က ပြုလုပ်သည့် မဲခေါင်မြစ်ဝှမ်းဒေသ စာနယ်ဇင်း သမားများ၏ နှီးနှောဖလှယ်ပွဲ (Mekong Media Forum - MMF) တွင် ပြောသည်။

၂ဝဝ၇ ခုနှစ် စက်တင်ဘာလက ရဟန်းသံဃာတို့ ဦးဆောင်သည့် ဆန္ဒပြပွဲများ ဖြစ်ပွားစဉ်  နိုင်ငံရေး လှုပ်ရှားသူများ၊ အစိုးရ ဝန်ထမ်းများ၊ ဘလော့ဂါများ အပါအဝင် လူထုသတင်းသမားများက သတင်းအချက်အလက်များကို အစိုးရ၏ တင်းကျပ်စွာ တားမြစ်ဟန့်တားထားသည့်ကြားမှ ဖွင့်ချခဲ့ကြသည်။

“၂ဝဝ၇ ဆန္ဒပြပွဲတွေ ဖြစ်တုန်းက ရန်ကုန်နဲ့ တခြား မြို့ကြီးတွေကနေ ဓာတ်ပုံတွေ၊ သတင်းတွေ အများကြီး ရတယ်၊ တခါတလေ ဒါတွေကို ဘယ်သူပို့တယ် ဆိုတာတောင် မသိရဘူး” ဟု ကိုကျော်စွာမိုးက ပြောသည်။

၂ဝဝ၇ ခုနှစ်တွင် မြန်မာပြည်မှ လူထုသတင်းသမား အများအပြား ပေါ်ပေါက်ခဲ့ကြောင်း၊ ကျောင်းသား၊ ဝန်ထမ်း၊ သံဃာ စသည့် အလွှာအသီးသီးမှ ပြည်သူများက ၎င်းတို့ သိရှိသမျှကို ထုတ်ဖော် ပြောကြားခဲ့ကြောင်း ကိုကျော်စွာမိုးက MMF နှီးနှောဖလှယ်ပွဲတွင် ပြောပြသည်။ ထိုနှီးနှောဖလှယ်ပွဲတွင် မြန်မာ၊ တရုတ်၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း၊ ဗီယက်နမ် တို့မှ စာနယ်ဇင်းသမားများ တက်ရောက်ကြသည်။

မြန်မာနိုင်ငံမှ လူပေါင်း တသိန်းကျော် အသေအပျောက် ရှိခဲ့သည့် ၂၀၀၈ ခုနှစ် နာဂစ် ဆိုင်ကလုန်း မုန်တိုင်း၏ နောက်ဆက်တွဲ ဖြစ်ရပ်များကို ဖော်ထုတ်ခဲ့သူများထဲတွင် လူထုသတင်းသမားများ ပါဝင်သည်။

အင်တာနက်အသုံးပြုမှုနှင့် ပတ်သက်ပြီး စစ်အစိုးရ၏ ကန့်သတ်ချက်များကြားမှ ထိုသို့ သတင်းများကို ဖွင့်ချကြခြင်း ဖြစ်သည်ဟု ကိုကျော်စွာမိုးက ဆိုသည်။ အစိုးရက ဖုံးအုပ်ထားလိုသည့် သတင်းများကို ဖော်ထုတ်သူများသည် အီလက်ထရွန်နစ် အက်ဥပဒေဖြင့် တရားစွဲခံရနိုင်သည်ဟု သိရသည်။

ပြီးခဲ့သည့် ၂ နှစ်အတွင်း စစ်အစိုးရက သံဃာ၊ နိုင်ငံရေးသမားများအပြင် စာနယ်ဇင်းသမား အများအပြားကို နှစ်ရှည် ထောင်ဒဏ်များ ချမှတ်ခဲ့သည်။ အားကစားဂျာနယ် အယ်ဒီတာတဦးဖြစ်သူ ကိုဇော်သက်ထွေးသည် မုန်တိုင်းဒဏ်ခံခဲ့ရသူ ဒုက္ခသည်များကို အကူအညီပေးပြီးနောက် ထောင်ဒဏ် ၁၉ နှစ် ချမှတ်ခံရသည်။ ရန်ကုန်မှ ဘလော့ဂါတဦးဖြစ်သူ ကိုနေဘုန်းလတ်သည် ထောင် ၁၅ နှစ် ချမှတ်ခံရသည်။

၂ဝ၁ဝ ရွေးကောက်ပွဲ ဖြစ်မြောက်ရေးကို ဦးစားပေး လုပ်ဆောင်နေသည့် စစ်အစိုးရက အင်တာနက် အသုံးပြုမှုကို ပိုမို ကန့်သတ်လာဖွယ်ရှိသည်ဟု အကဲခတ်များက ခန့်မှန်းကြသည်။ "ဆူပူအောင်လှုံ့ဆော်သူ” ဟု ၎င်းတို့ ယူဆပါက မည်သူ့ကိုမဆို ပြင်းပြင်းထန်ထန် ဒဏ်ခတ်ဖွယ်ရှိသည်ဟုလည်း ခန့်မှန်းကြသည်။

သို့သော်လည်း အာဏာပိုင်တို့က လူထုသတင်းသမားတို့၏ လှုပ်ရှားမှုကို လုံးဝ ပိတ်ပင်ရန် လုပ်ဆောင်နိုင်မည်မဟုတ်ဟု ပြည်ပမှ သတင်းသမားများက ဆိုသည်။ ယနေ့ခေတ် လူထုသတင်းသမားတို့က အဆင့်မြင့် နည်းပညာများနှင့် အကျွမ်းတဝင် ရှိသည်  ဆိုသည့် အချက်ကို ၎င်းတို့က ထောက်ပြကြသည်။

၂ဝဝ၉ ခုနှစ် နှစ်လယ်ပိုင်းတွင် မြန်မာ့တပ်မတော်မှ အရာရှိတချို့ကိုယ်တိုင် မြန်မာပြည်ရှိ လျှို့ဝှက်စီမံကိန်းများ၊ မြေအောက်လိုဏ်တူးဖော်မှု စီမံကိန်းများနှင့် ပတ်သက်သော အချက်အလက်များ၊ ဓာတ်ပုံများကို ပြည်ပအခြေစိုက် စာနယ်ဇင်းများသို့ ပေးပို့ခဲ့ကြသည်။

ထိုလျှို့ဝှက်ချက်များ ပေါက်ကြားမှုကြောင့် စစ်အရာရှိတချို့နှင့် အစိုးရဝန်ထမ်းတချို့ ဖမ်းဆီး စစ်ဆေး၊ တရားစွဲခံရသည်ဟူသော သတင်းများ မကြာသေးမီက ထွက်ပေါ်ခဲ့သည်။

မြန်မာပြည်မှ လူထု သတင်းသမားများသည် ၂ဝ၁ဝ တွင်လည်း ယခင်ကနည်းတူ ဆောင်ရွက်ကြမည်ဟု ယူဆကြောင်း သတင်းသမားတဦးက MMF နှီးနှောဖလှယ်ပွဲတွင် ပြောသည်။

“လူထု သတင်းသမားတွေ များလေလေ အစိုးရက သူတို့ကို စောင့်ကြည့်ဖို့၊ ထိန်းချုပ်ဖို့ ခက်ခဲလေပါပဲ” ဟု
ဘန်ကောက်အခြေစိုက် အရှေ့တောင်အာရှ သတင်းလွတ်လပ်ခွင့် ဆိုင်ရာ မဟာမိတ်အဖွဲ့ (Southeast Asia Press Alliance)၏ အမှုဆောင် ညွှန်ကြားရေးမှူး မစ္စတာ ရော်ဘီ အလမ်ပေက ဆိုသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်