စီးပွားရေးနှင့်နိုင်ငံရေး ခွဲခြားမရဟု စီးပွားရေး နိုဗဲလ်ဆုရှင်ပြော

E-mail Print
စီးပွားရေး နိုဗဲလ်ဆုရှင် ဂျိုးဇက် စတစ်ဂ်လစ်ဇ် (Joseph Stigliz) က တိုင်းပြည်၏ သဘာဝ အရင်းအမြစ်များကို စနစ်တကျ အသုံးပြုရန်နှင့် စီးပွားရေးနှင့် နိုင်ငံရေးသည်ခွဲခြား မရနိုင်ကြောင်း ယမန်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲ တွင် စစ်အစိုးရအား ပြောဆိုလိုက်သည်။

လက်ရှိ မြန်မာနိုင်ငံတွင် ထွက်ရှိနေသည့် ရေနံနှင့် သဘာဝ ဓာတ်ငွေ့များ ရောင်းချမှုမှ ရရှိသည့် ဘဏ္ဍာငွေကို ကောင်းမွန်စွာ အသုံးချ နိုင်ခဲ့လျှင် တိုင်းပြည်မှာ ခေတ်သစ် တရပ် ပေါ်ပေါက်လာမည် ဖြစ်ကြောင်း၊ အသုံး မချတတ်လျှင် တန်ဖိုးမဖြတ်နိုင်သော အခွင့်အလမ်း ကောင်းများ အလဟဿ ဖြစ်သွားမည် ဖြစ်ကြောင်း စီးပွားရေး ပညာရှင် စတစ်ဂ်လစ်ဇ်က ပြောသည်။

အဆိုပါ ဆွေးနွေးပွဲတွင် ကျေးလက် စီးပွားရေး တိုးတက်စေရန် အတွက် လယ်ယာ ကဏ္ဍတွင် သင့်တင့်သည့် ငွေကြေး ထောက်ပံ့ခြင်း၊ မျိုးစေ့နှင့် မြေသြဇာများ စသည့် လယ်ယာ သုံးပစ္စည်းများကို တိုးမြှင့် ထောက်ပံ့ ပေးခြင်း၊ လူထု အတွက် ကျန်းမာရေးနှင့် ပညာရေး ကဏ္ဍတွင် ငွေကြေး တိုးမြှင့် သုံးစွဲခြင်း၊ကျေးလက် ပြည်သူများ၏ ၀င်ငွေနှင့် သုံးစွဲနိုင်အား တိုးတက်စေရန် အတွက် အလုပ်အကိုင် အခွင့်အလမ်းကောင်းများ ဖန်တီးပေးပြီး စီးပွားရေးအခြေခံ အဆောက်အအုံကောင်းများကို တည်ဆောက်ပေးရန်တို့ ကိုလည်း တိုက်တွန်းပြောဆိုခဲ့သည်။

ထို့အပြင် နိုင်ငံတကာတွင် မြန်မာနိုင်ငံ ၀င်ဆံ့နိုင်ရေး၊ တည်ငြိမ်မှုနှင့် လုံခြုံမှု အမှန်တကယ်ရရှိရေးတို့အတွက် အလွှာအသီးသီး၏ ပူးပေါင်းဆောင်ရွက်မှုများ ရှိရမည် ဖြစ်ပြီး ဤသို့ ပူးပေါင်းလုပ်ဆောင်သည့် နည်းဖြင့်သာ မြန်မာနိုင်ငံ တိုးတက်နိုင်မည်ဟု ၎င်းကဆို သည်။

သြစတြေးလျနိုင်ငံ မက်ကွိုင်းယား တက္ကသိုလ်မှ မြန်မာ့စီးပွားရေးကို စောင့်ကြည့် လေ့လာနေသည့် စီးပွားရေးပညာရှင် မစ္စတာ ရှောင်တာနဲ ( Sean Turnell)ကလည်း“စစ်အစိုးရက အခုလက်ရှိ မြန်မာပြည်မှာ ထွက်နေတဲ့ ဂက်စ်ရောင်းရငွေတွေကို အကြွေး စနစ် (Credit System ) သုံးပြီးတော့ လယ်သမားတွေကို ထောက်ပံ့ခြင်းဟာ အကောင်းဆုံးဖြစ်တယ်”ဟု ၎င်းက ဧရာဝတီကို ပြောသည်။

မြန်မာ လယ်သမားများ တနိုင်ငံလုံးအတိုင်းအတာဖြင့် အဓိကကြုံတွေ့နေရသည့် အခက်အခဲမှာ စစ်အစိုးရ၏ စစ်တပ်ရိက္ခာအတွက် ဈေးနှိမ်ဝယ်ယူနေခြင်း၊သတ်မှတ်ထားသည့် တာဝန်ကျေစပါးရောင်းချနေရခြင်း၊ စစ်တပ်မှလယ်ယာမြေများ ကိုအတင်းအဓမ္မ သိမ်း ယူနေခြင်း၊ပထ၀ီအနေအထားနှင့် မကိုက်ညီသည့် သီးနှံများကို စိုက်ပျိုးခိုင်းခြင်း၊လယ်ယာသုံးကျွဲ နွားမလုံ လောက်ခြင်း၊ စက်မှု လယ်ယာပြုလုပ်ရမည်ဟု ကြွေးကြော်နေသော်လည်း လောင်စာဆီမလုံလောက်ခြင်း၊ရေနှင့် ဓာတ်မြေသြဇာ ဖူလုံစွာမရခြင်းများကို ရင်ဆိုင်နေကြောင်း ထိုင်းနိုင်ငံ အခြေစိုက် မြန်မာစီးပွားရေးပညာရှင် တဦးကလည်း ပြောသည်။

“၂၀၀၄ ခုနှစ်လောက်တုန်းကတော့ တပ်ရိက္ခာ မ၀ယ်တော့ဘူးလို့ တရားဝင်ပြောတယ်၊ ဒါပေမယ့် အခုတော့ ပြန်ပြီးဝယ်နေတယ်၊ ဝေးလံတဲ့ နေရာတွေမှာ ပိုဆိုးတယ်”ဟု ၎င်းက ဆိုသည်

မြန်မာနိုင်ငံတွင် အဓိကလယ်ယာစိုက်ပျိုးရေးကို ဧရာဝတီတိုင်း၊ ပဲခူးတိုင်းနှင့် ရန်ကုန်တိုင်းတို့တွင်စိုက်ပျိုးပြီး၊ ၂၀၀၈ခုနှစ် မေလ တွင် တိုက်ခတ်ခဲ့သည့် နာဂစ်ဆိုင်ကလုန်းမုန်တိုင်းကြောင့် လယ်ယာမြေအမြောက်အများပျက်စီးခဲ့ရပြီး လယ်ယာထုတ်ကုန် ကဏ္ဍ ကျဆင်းခဲ့သည်။

ယခုအခါ လယ်ယာစိုက်ပျိုးရေး ကဏ္ဍတွင် ကုမ္ပဏီကြီးများကလည်း ၀င်ရောက်လုပ်ကိုင်လာကြကြောင်း၊ ယခင်ကစိုက်ပျိုးရေး လုပ်ငန်းသည် စီးပွားရေးပုံသဏ္ဍန်မဆောင်ကြောင်း၊ ထို့ကြောင့် ယနေ့ခေတ်တွင် စိုက်ပျိုးရေးလုပ်ငန်းကို စီးပွားရေးလုပ်ငန်း တခု အနေဖြင့် လုပ်ကိုင်သင့်ကြောင်း ရန်ကုန်မြို့ရှိ စီးပွားရေးပညာရှင် ခင်မောင်ညို (ဘောဂ)က ပြောသည်။

“လယ်ယာလုပ်ငန်းက လယ်သမားတွေပဲ လုပ်ရမယ့် လုပ်ငန်းတော့ မဟုတ်တော့ဘူး၊ လယ်သမားတွေအနေနဲ့ အရင်းအနှီးမှာ မတတ်နိုင်ဘူး၊ စိုက်ပျိုးနည်း အသစ်တွေ၊ မျိုးစေ့တွေ သူတို့မသုံးနိုင်ကြဘူး”ဟု ၎င်းက ဆိုသည်

သို့သော်လည်း ရှေးယခင်က မိရိုးဖလာလယ်ယာ လုပ်ငန်းလုပ်ကိုင်ခဲ့သည့် လယ်သမားများနှင့် လုပ်ငန်းရှင်များ၊ ကုမ္ပဏီကြီးများ ကြားတွင် မည်မျှ အကျိုးဖြစ်ထွန်း၍ သဟဇာတ မည်မျှရှိသည်ကို ကြည့်ရန်လိုကြောင်း ခင်မောင်ညို (ဘောဂ) ကပြောသည်။

သို့သော် လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် ၀င်ရောက်လုပ်ကိုင်လာသည့် ကုမ္ပဏီကြီးများမှာ ထူးကုမ္ပဏီ၊ ဧရာရွှေဝါကုမ္ပဏီနှင့် ဧရာဟင်္သာကုမ္ပဏီ စသည့် စစ်အစိုးရနှင့် နီးစပ်သည့်လုပ်ငန်းရှင်ကြီးများဖြစ်သည်။

စီးပွားရေးနိုဗဲလ်ဆုရှင် ပါမောက္ခဂျိုးဇက် စတစ်ဂ်လစ်ဇ် (Joseph Stigliz) ၏ အကြံပေးချက်များမှာ ကောင်းမွန်သော်လည်း ကမ္ဘာ့ ငွေကြေး ရန်ပုံငွေအဖွဲ့ (IMF)၊ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) နှင့် အခြားသော စီးပွားရေးပညာရှင်များ၏ ယခင်က အကြံပေးချက်များ ကိုပင် ထပ်လောင်းအားဖြည့်ထားသည်ဟု ထင်မြင်ကြောင်း၊ ယခု စတစ်ဂ်လစ်ဇ် ၏ အကြံပေးချက်များကို အကောင် အထည်ဖော်မှ သာလျှင် အောင်မြင်သောခရီးစဉ်အဖြစ်ယူဆနိုင်ကြောင်း ခင်မောင်ညို(ဘောဂ) က သုံးသပ်သည်။

စီးပွားရေးပညာရှင် ပါမောက္ခဂျိုးဇက် စတစ်ဂ်လစ်ဇ်သည်  မြန်မာနိုင်ငံ၌ နေထိုင်စဉ်အတွင်း မြန်မာနိုင်ငံအထက်ပိုင်းဒေသများသို့ သွားရောက်ပြီး ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်ပြီး ပုဂံ သို့ သွားရောက်မည်ဟု အာရှပစိဖိတ် ဒေသဆိုင်ရာ စီးပွားရေး နှင့် လူမှုရေး ကော်မရှင် (ESCAP) မှ ပြန်ကြားရေးတာဝန်ခံ Bentley Jenson ကပြောသည်။

နေပြည်တော်တွင် ကျင်းပသော ထိုအစည်းအဝေးကို စစ်အစိုး၏ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ၀န်ကြီးဗိုလ်ချုပ် ဌေးဦး၊ အမှတ်(၂)စက်မှုဝန်ကြီးဌာန ဒုတိယ ၀န်ကြီး ဗိုလ်မှူးကြီး ခင်မောင်ကျော်၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံဖြိုးတိုးတက်မှု ၀န်ကြီး ဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးကြီး သူရိန်ဇော်၊စွမ်းအင်ဝန်ကြီးဌာန ဒုတိယ ၀န်ကြီး ဗိုလ်မှူးချုပ် သန်းဌေး၊ ကုလသမဂ္ဂ Under Secretary General နှင့် အာရှ နှင့် ESCAPအမှုဆောင်အတွင်းရေမှူး ချုပ် ဒေါက်တာနိုလန်ဟေဇာ (Dr.Noelen Heyzer) နှင့် ပြည်ထောင်စုမြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် ပြည်တွင်း ပြည်ပမှ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ တက်ရောက်ကြောင်းသိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်