မြန်မာပြည် ထောင်များတွင် ရေသန့်စက် တပ်ဆင်

E-mail Print
မြန်မာနိုင်ငံရှိ အကျဉ်းထောင်နှင့် ရဲဘက်စခန်းများ အားလုံးတွင် သောက်ရေသန့်စက်များ တပ်ဆင်ပေးသွားမည်ဟု အကျဉ်းဦးစီး ဌာနမှ တာဝန်ရှိသူ တဦးအား ကိုးကား၍ ယနေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ရေးသားထားသည်။

အကျဉ်းထောင်နှင့် ရဲဘက်စခန်း စုစုပေါင်း ၁၇ ခုတွင် ရေသန့်စက်များကို အလှူရှင်များ၏ အကူအညီဖြင့် တပ်ဆင်ထားပြီးဖြစ် သည်ဟု ဆိုသည်။

ရေသန့်စက် တပ်ဆင်ပြီးသည့် အကျဉ်းထောင်များတွင် သောက်ရေသန့် အသုံးပြုနိုင်ပြီ ဖြစ်သောကြောင့် ၀မ်းပျက် ၀မ်းလျှော၊ အသည်းရောင် စသည့် ရောဂါများ ဖြစ်ပွားမှု သိသိ သာသာ လျော့နည်းသွားသည်ကြောင်းလည်း ဂျာနယ်တွင် ပါရှိသည်။

မြန်မာနိုင်ငံတဝန်းရှိ ထောင်နှင့် ရဲဘက် စခန်းများတွင် ရေသန့်စက် တပ်ဆင်လှူဒါန်းလိုပါက အကျဉ်းဦးစီးဌာနသို့ ဆက်သွယ် နိုင် သည်ဟု ၎င်းဂျာနယ်တွင် ရေးသားဖော်ပြထားသည်။

ရေသန့်စက် ဆက်လက် တပ်ဆင်မည့် နေရာများမှာ တောင်ကြီးထောင်၊ ကျောက်ထုတ်လုပ်ရေး အလုပ်ကြမ်း စခန်းများ ဖြစ်သည့် ကျောက်ဆည်မြို့အနီးရှိ ဘဲလင် အမျိုးသမီး ရဲဘက် စခန်း၊ ကျိုက်ထိုမြို့အနီးရှိ မုပ္ပလင် အမျိုးသား ရဲဘက် စခန်း စသည့် ၃ နေရာဖြစ်သည်ဟု ဆိုသည်။

နာမည်ကျော် အင်းစိန်အကျဉ်းထောင်တွင် တပ်ဆင်ထားသော ရေသန့်စက်မှ တနေ့လျှင် သောက်ရေသန့် ဂါလံ တသောင်းကျော် ဖြန့်ဝေနိုင်သည်ဟု သိရသည်။

ထိုရေသန့်စက်ကို ငွေကြေး တတ်နိုင်သည့် အကျဉ်းသားတဦး၏ မိသားစုက လှူဒါန်းခဲ့ခင်းဖြစ်သည်ဟု အကျဉ်းဦးစီးဌာနနှင့် နီးစပ်သူတဦးက ဧရာဝတီသို့ ပြောသည်။

“အမှန်တကယ်က အစိုးရက တပ်ဆင်တာ တခုမှ မရှိဘူး၊ အကျဉ်းချခံထားရတဲ့ လူတွေက တီဗွီတို့ ဘာတို့ကအစ ဒီလိုမျိုးပဲလေ ပိုက်ဆံရှိတဲ့ လူတွေက နေရေး စားရေးအတွက် လှူတာ။ ရေသန့်စက်တွေကလည်း ဒီလိုပဲ။ တခါတလေ ကုမ္ပဏီကလူတွေ ထောင်ကျတာတွေ ရှိတယ်၊ အဲဒီကနေ လာလှူတာတွေ ရှိတယ်” ဟု ၎င်းက ဆိုသည်။

အကျဉ်းထောင်များတွင် ရေသန့်စက်များ တည်ဆောက်ပေးခြင်းကို ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) က ကြိုဆိုလိုက်သည်။

“ရေသန့်စက်ရုံတို့ ဘာတို့ ထောင်တယ်ဆိုတာက ကောင်းတယ်လို့ ဆိုလို့ရပါတယ်” ဟု AAPP ၏ တွဲဖက်အတွင်းရေးမှူး ကိုဘိုကြည်က ပြောသည်။ သို့သော်လည်း ရေသန့်ရရှိရေးအတွက် အကျဉ်းသားများက ကိုယ်ထူကိုယ်ထ လုပ်နေကြရသည်ဟု သူက ထောက်ပြသည်။

“ပြဿနာက အစိုးရ ဘက်ဂျက်တွေ၊ အကျဉ်းထောင် ဘက်ဂျက်တွေနဲ့ သုံးမှာ မဟုတ်ဘူး၊ အကျဉ်းသားတွေကိုပဲ မိုက်ကြေး ခွဲပြီးတော့၊ ဖိနှိပ်ပြီးတော့ စုခိုင်းမယ့်ဟာ တွေပဲ။ ရေသန့်စက် ဖြစ်မြောက်ရေး အတွက် အကျဉ်းသားတွေရဲ့ မိသားစုတွေကပဲ လုပ်ရမယ်၊ အဲဒါကတော့ မကောင်းဘူး” ကိုဘိုကြည်က ဆိုသည်။

မြန်မာနိုင်ငံတွင် အကျဉ်းထောင် ၃၉ ခု နှင့် ရဲဘက်စခန်း  ၃၂ ခု ရှိကြောင်း AAPP ၏ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။

၁၉၉၉ မှ ၂ဝဝ၅ ခုနှစ်အတွင်းအပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ အဖွဲ့ (International Committee of the Red Cross - ICRC) သည် ထိုနေရာများသို့ သွားရောက်ပြီး လွတ်လပ်စွာ စစ်ဆေးခွင့် ရခဲ့သည်။ ထို့အပြင် အကျဉ်းသားများ အခွင့်အရေး ရရှိရန် အာဏာပိုင်တို့နှင့် ညှိနှိုင်းပြီးစီစဉ် ဆောင်ရွက်ပေးခဲ့သည်။

၂ဝဝ၆ ခုနှစ်တွင် ICRC၏ အကျဉ်းသားများထံသို့ သွားရောက်မှုများ ရပ်ဆိုင်းသွားသည်။ အာဏာပိုင်များက ၎င်းတို့၏ လူမှုရေးအဖွဲ့ တခုဖြစ်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းနှင့် ပူးပေါင်းပြီး အကျဉ်းထောင်များသို့ သွားရောက်ရန် ညွှန်ကြားခဲ့ သောကြောင့် ဖြစ်သည်။ သို့သော် ICRCက သီးခြား လွတ်လပ်စွာ ဆောင်ရွက်လိုသော်လည်း အစိုးရက ခွင့်မပြုခဲ့ကြောင်း သိရ သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်