အိမ်ဖော်အလုပ်ဖြင့် အသက်မွေးသူ များပြားလာ

E-mail Print
အလုပ်အကိုင်ရှားပါး လာမှုကြောင့် နယ်ကျေးလက် ဒေသများမှ အမျိုးသမီးငယ် အများအပြားသည် ရန်ကုန်အပါအ၀င် မြို့ကြီးများတွင် အိမ်ဖော်အဖြစ် အသက်မွေးဝမ်းကျောင်းမှု များပြားလာကြောင်း သိရသည်။

အသက် ၁၂ နှစ်မှ ၃၅ နှစ်အတွင်းရှိ အမျိုးသမီးများသည် ရန်ကုန်မြို့သို့ လာရောက်၍ အိမ်ဖော်အလုပ်ကို လုပ်ကိုင်အသက်မွေး ၀မ်းကျောင်းလာကြကြောင်း ရန်ကုန်အခြေစိုက် အိမ်ဖော်ပွဲစား သတင်းရပ်ကွက်မှ သိရသည်။

“အိမ်ဖော်လုပ်ဖို့ ဆက်သွယ်တဲ့ နယ်က ကလေးမတွေ တော်တော်များလာတယ်။ အရင်က တလကို အိမ်ဖော်လုပ်ဖို့ဆက်သွယ်တာ အယောက် ၂၀ ကနေ ၃၀ ကြားပဲရှိတယ်။ အခုနောက်ပိုင်း အိမ်ဖော်လုပ်ဖို့ လာဆက်သွယ်တဲ့ မိန်းကလေးဦးရေ တလကို ၁၀၀ ကျော်အထိ ရှိလာတယ်။ အသက်အရွယ်မျိုးစုံပဲ” ဟု သင်္ဃန်းကျွန်းမြို့နယ်မှ အိမ်ဖော်ပွဲစား တဦးက ပြောသည်။

အိမ်ဖော် အလုပ်လုပ်ကိုင်ကြသည့် အမျိုးသမီးအများစုမှာ ဧရာဝတီတိုင်း၊ ပဲခူး၊ မကွေး၊ ကရင်ပြည်နယ်နှင့် အညာဒေသများမှ ဖြစ်ပြီး ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်ပျဉ်းမနား ဒေသများမှ အများဆုံး ခေါ်ယူခိုင်းစေသည်ဟု သိရသည်။

လသာမြို့နယ်မှ အိမ်ဖော်ပွဲစားတဦးကလည်း “ဧရာဝတီတိုင်းက လာတာအများဆုံးပဲ။ မြောင်းမြ၊ အိမ်မဲ၊ ပန်းတနော်၊ လပွတ္တာ၊ ကျိုက်လတ်၊ မော်ကျွန်း၊ ဓနုဖြူ၊ ဟင်္သာတ ဘက်က လာကြတယ်။ ပဲခူး၊ မကွေး၊ အညာဒေသတွေနဲ့ ကရင်ပြည်နယ်တွေ ဆီကလည်း လာတယ်” ဟု ဆိုသည်။

အိမ်ဖော် မိန်းကလေးများကို  မြို့ပြဒေသများမှ ငွေကြေးတတ်နိုင်သော မိသားစုများက ခေါ်ယူခိုင်းစေကြသကဲ့သို့ ထမင်းဆိုင်၊ လက်ဖက်ရည်ဆိုင်ကဲ့သို့သော စားသောက်ဆိုင်များ၊ ဈေးဆိုင်များကလည်း ခေါ်ယူခိုင်းစေသည်ဟု သိရှိရသည်။

အိမ်ဖော်အဖြစ် အလုပ်လုပ်သည့် နယ်ဒေသမှ မိန်းကလေးများ များပြားလာရခြင်းမှာ ကျေးလက်တောရွာများတွင် ကောက်စိုက်၊ ကောက်ရိတ်ကဲ့သို့သော အလုပ်ကြမ်းလုပ်၍ ရရှိသော ၀င်ငွေ နည်းပါးသောကြောင့် မိသားစု စားဝတ်နေရေးအဆင်မပြေခြင်း၊ ပုံမှန် အလုပ်အကိုင်မရှိခြင်း၊ ကုန်ဈေးနှုန်းကြီးမြင့်လာခြင်းတို့ကြောင့် ဖြစ်သည်ဟု ရန်ကုန်မြို့တွင် အိမ်ဖော်အဖြစ် လုပ်ကိုင်ကြသူ အမျိုးသမီးများက ပြောသည်။

“ရွာမှာက ကောက်စိုက်၊ ကောက်ရိတ်၊ ထင်းခွေ အလုပ်ကြမ်းတွေပဲ ရှိတယ်။ အဲဒီအလုပ်တွေက ကိုယ့်ထမင်း ကိုယ်စား တနေ့ ၁၂၀၀ လောက်ပဲရတယ်။ လူဦးရေများတဲ့ မိသားစု ဆိုရင် ထမင်းတောင် နပ်မမှန်ဘူး၊ ငတ်တလှည့် ပြတ်တလှည့်ပဲ။ သမီးတို့ရွာက မိန်းကလေးတွေ အားလုံးနီးပါး ရန်ကုန်မှာ အိမ်ဖော်လာလုပ်ကြတယ်” ဟု ရန်ကုန်မြို့လယ်တွင် ဖွင့်ထားသော ထမင်းဆိုင် တဆိုင်၌ အိမ်ဖော်လုပ်နေသော အိမ်မဲမြို့နယ် ကျေးရွာတရွာမှ အသက် ၂၂ နှစ်အရွယ် အမျိုးသမီးတဦးက ရှင်းပြသည်။

အိမ်ဖော်အဖြစ် လုပ်ကိုင်ကြသူ အမျိုးသမီးများသည် တလလျှင် လစာ အနည်းဆုံး ၈၀၀၀ ကျပ်ခန့်ရရှိကြပြီး ၎င်းတို့ရရှိသော လစာများကို နယ်ရှိ မိသားစုများထံ ထောက်ပံ့ကြသည်ဟု အိမ်ဖော်ပွဲစားများက ဆိုသည်။

“အိမ်ဖော်အလုပ်လုပ်တဲ့ ကလေးမတွေက သူတို့လစာတွေကို ၂ လစာ၊ ၃ လစာ ကြိုထုတ်ပြီး နယ်က မိသားစုတွေဆီ ပြန်ပို့ကြတယ်။ သူတို့ဆီက ရတဲ့ ပိုက်ဆံနဲ့ မိသားစုက စားဝတ်နေရေး ပြဿနာကို ဖြေရှင်းကြရတယ်” ဟု ၁၂ နှစ်ခန့် အိမ်ဖော်ပွဲစားအလုပ် လုပ်ကိုင်နေသည့် လှိုင်မြို့နယ်မှ အသက် ၅၀ ကျော်အရွယ် အမျိုးသမီးတဦးက ရှင်းပြသည်။

အိမ်ဖော်အလုပ် လုပ်ကိုင်သူ များပြားလာခြင်းနှင့်အတူ အိမ်ဖော်ပွဲစားလုပ်ငန်း လုပ်ကိုင်သူလည်း များပြားလာကြောင်း သိရသည်။အိမ်ဖော်ပွဲစားများသည် အလုပ်လိုချင်သော အိမ်ဖော်မိန်းကလေးထံမှ အလုပ်ရှာပေးခ လခတလစာ ရယူသကဲ့သို့ အိမ်ဖော် လိုချင်သူ အိမ်ရှင်များထံမှလည်း ရှာပေးခအဖြစ် ပွဲစားခ ရရှိခြင်းကြောင့် အကျိုးအမြတ်များသည့် အတွက် လုပ်ကိုင်သူများပြား လာခြင်းဖြစ်သည်ဟု သိရသည်။

နယ်ဒေသများမှ အမျိုးသမီးများ အိမ်ဖော်အဖြစ် လုပ်ကိုင်ကြရာတွင် အိမ်ရှင်နှင့် အိမ်ဖော်အကြား ဥပဒေနှင့်အညီ မဟုတ်ဘဲ နားလည်မှုဖြင့်သာ ခိုင်းစေကြခြင်း ဖြစ်သောကြောင့်  အိမ်ဖော်အများစုသည် အလုပ်သမား အခွင့်အရေး မရရှိကြောင်း၊ ဥပဒေ၏ အကာအကွယ်လည်း မရရှိကြောင်း ရန်ကုန်မြို့နေ တရားရုံးချုပ် ရှေ့နေတဦးက ဆိုသည်။

“အမှန်တော့ ဒီအိမ်ဖော်အလုပ် အကိုင်တွေကို အလုပ်သမားဝန်ကြီးဌာနရဲ့ ကြီးကြပ်မှု အောက်မှာ ဥပဒေနဲ့အညီ တရားဝင် လုပ်ကိုင်ဖို့ စိစစ်ရမှာ။ ဒါပေမယ့် အလုပ်သမား ၀န်ကြီးဌာန ဆိုတာကလည်း အမည်ခံ ၀န်ကြီးဌာန သက်သက်ပဲ ဆိုတော့ အိမ်ဖော်တွေ၊ ကလေးအလုပ်သမားတွေနဲ့ အလုပ်သမားလူတန်းစားတွေ အားလုံး ဥပဒေရဲ့ အကာအကွယ်ရဖို့ ခက်ပါတယ်” ဟု  သူက ရှင်းပြသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်