နယ်စပ် တည်ငြိမ်မှုအတွက် မြန်မာက တရုတ်ကို အာမခံ

E-mail Print
မြန်မာ - တရုတ် နှစ်နိုင်ငံ နယ်စပ်တည်ငြိမ်မှု ရှိရေးအတွက် ဆောင်ရွက်မည်ဟု မြန်မာနိုင်ငံသို့ လာရောက်သည့် တရုတ် ဒုတိယ သမ္မတ မစ္စတာ ရှီကျင့်ဖျင် နှင့်  တနင်္ဂနွေနေ့က တွေ့ဆုံရာတွင် စစ်အစိုးရက ပြောကြားလိုက်သည်။

စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေးတို့က တရုတ် ဒုသမ္မတ နှင့် တွေ့ဆုံစဉ် လက်ရှိ နှစ်နိုင်ငံ ဆက်ဆံရေးအခြေအနေ တည်မြဲရေးကို ထိန်းသိမ်းသွားရန်၊ နှစ်နိုင်ငံ နယ်စပ်ဒေသ လုံခြုံရေးနှင့် တည်ငြိမ်ရေး ဆောင်ရွက်ရန်၊ ဒေသတွင်း နှင့် နိုင်ငံတကာအရေးများကို ပူးပေါင်း ဖြေရှင်းရန် သဘောတူညီခဲ့သည်ဟု တရုတ်အစိုးရ၏ ယနေ့ထုတ် ဆင်ဟွာသတင်း တပုဒ်တွင် ဖော်ပြထားသည်။

နိုင်ငံရေး တည်ငြိမ်စေရန်၊ စီးပွားရေး ဖွံဖြိုးတိုးတက်စေရန် နှင့် အမျိုးသား ပြန်လည်သင့်မြတ်စေရန် အတွက် မြန်မာအစိုးရက ဆောင်ရွက်မည်ဟု မျှော်လင့်ကြောင်း တရုတ်ဒုသမ္မတက ပြောကြားခဲ့သည်ဟု ဆိုသည်။

"တရုတ်မြန်မာ နယ်စပ်ဒေသ တည်ငြိမ်ရေး အတွက် အာမခံဖို့ ဆိုရင် မြန်မာနိုင်ငံဟာ ပြဿနာတွေကို တွေ့ဆုံ ဆွေးနွေးခြင်း၊ တိုင်ပင်ညှိနှိုင်းခြင်း တို့လိုမျိုး ငြိမ်းချမ်းတဲ့ နည်းလမ်းတွေနဲ့ ဖြေရှင်းနိုင်လိမ့်မယ်လို့ တရုတ်နိုင်ငံက ယူဆပါတယ်" ဟု ဒုသမ္မတ၏ ပြောကြားချက်ကို ဆင်ဟွာသတင်းတွင် ဖော်ပြထားသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေကလည်း မစ္စတာ ရှီကျင်ဖျင့်၏ ယခုခရီးစဉ်သည် နှစ်နိုင်ငံ ဆက်ဆံရေးအတွက် အရေးပါသော ခရီးစဉ် ဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း ဆင်ဟွာက ဆိုသည်။

ခရီးစဉ်အတွင်း စီးပွားရေး၊ ကုန်သွယ်ရေး၊ ပို့ဆောင်ရေး အခြေခံအဆောက်အအုံများ ဖွံဖြိုးရေး စသည့် ကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်ရေး၊ နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး၊ စက်ပစ္စည်း ကရိယာ ၀ယ်ယူရေး စသည့် သဘောတူညီချက် ၅ ခု၊ ဘဏ္ဍာရေးဆိုင်ရာ သဘောတူညီ ချက် ၇ ခု ရေအားလျှပ်စစ်ဆိုင်ရာ သဘောတူညီချက် ၃ ခု၊  ရေနံနှင့်သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း သဘောတူညီ ချက် ၁ ခု အပါအ၀င် စုစုပေါင်း သဘောတူစာချုပ် ၁၆ ခု လက်မှတ် ရေးထိုးခဲ့သည်ဟု  ယနေ့ထုတ် မြန်မာ သတင်းစာများတွင် ဖော်ပြထားသည်။

မြန်မာ စစ်အစိုးရက တရုတ်-မြန်မာ နယ်စပ်ရှိ လူမျိုးစု လက်နက်ကိုင် တပ်ဖွဲ့များကို ယခုလကုန် နောက်ဆုံးထား၍ နယ်ခြားစောင့်တပ်များ အဖြစ် အသွင်ပြောင်း ဖွဲ့စည်းရန် တောင်းဆိုထားပြီး၊ ယခုကဲ့သို့ သတ်မှတ်ထားသည့် ရက် ကုန်ဆုံးခါနီး အချိန်တွင် တရုတ် ဒု သမ္မတ ရောက်ရှိလာခြင်းဖြစ်သည်။

တရုတ်နိုင်ငံသည် ငြိမ်းချမ်းရေးနှင့် ဖွံဖြိုးတိုးတက်ရေးကို အလေးထားသည့် အတွက် နယ်စပ် တိုင်းရင်းသားများ အရေးနှင့် ပတ်သက်၍ နှစ်ဘက်စလုံးအား ငြိမ်းချမ်းစွာဖြင့် ဖြေရှင်းရန် တိုက်တွန်းလိုသော ဆန္ဒရှိကြောင်း  ဗမာပြည်ကွန်မြူနစ်ပါတီမှ ဒေါက်တာလှကျော်ဇောက သုံးသပ်သည်။

“ကိုးကန့်တုန်းကလို တိုက်ပွဲကြီးတွေ ဖြစ်တာကို သူတို့ မလိုလားဘူးလေ၊ နောက်ပြီး ၀တွေက နှစ်နိုင်ငံစလုံးမှာ နေကြတာ” ဟု တရုတ်နိုင်ငံတွင် နေထိုင်နေသည့် ဒေါက်တာလှကျော်ဇောက ပြောသည်။

ဝလူမျိုးများသည် မြန်မာနိုင်ငံထဲတွင် နေထိုင်သကဲ့သို့ တရုတ်နိုင်ငံထဲတွင်လည်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ခရိုင်များ ရှိသောကြောင့် ၀လူမျိုးများ အပေါ်တွင် တရုတ် အစိုးရ နှင့် တရုတ်စီးပွားရေး၏ သြဇာသက်ရောက်မှု ရှိကြောင်း၊ နယ်ခြားစောင့် တပ်ဖွဲ့စည်းရေး နှင့် ပတ်သက်၍ စစ်အစိုးရနှင့် ၀ပြည်သွေးစည်း ညီညွတ်ရေးအဖွဲ့ (UWSA) တို့ ဆွေးနွေးညှိနှိုင်း အဖြေရှာလိမ့်မည်ဟု ယူဆကြောင်း ဒေါက်တာလှကျော်ဇောက ပြောသည်။

“စစ်ဆိုတာ တိုက်ရင်းသာ သွေးပူပြီး တိုက်တာ၊ အခု အခြေအနေမှာ နှစ်ဘက်စလုံး စစ်ပြန်တိုက်ဖို့ မလွယ်ဘူး၊ မလွှဲမရှောင်သာမှ ဖြစ်မယ်။ သူတို့ အပေးအယူ လုပ်ပါလိမ့်မယ်” ဟု ၎င်းက ဆိုသည်။

တရုတ်ဒုသမ္မတ၏ ခရီးစဉ်တွင် နယ်စပ်ဒေသ တည်ငြိမ်ရေးအတွက် လုပ်ဆောင်မည်ဟု စစ်အစိုးရက ပြောဆိုသော်လည်း လက်နက်ဖြင့် တည်ငြိမ်ရန် ဆောင်ရွက်မည်လော၊ ဆွေးနွေးအဖြေရှာသော နည်းကို အသုံးပြုမည်လောဟု မေးခွန်းထုတ်စရာ ဖြစ်နေကြောင်း ထိုင်းနိုင်ငံအခြေစိုက် သျှမ်းသံတော်ဆင့်သတင်းစဉ်မှ အယ်ဒီတာ ဦးခွန်ဆိုင်းက သုံးသပ်သည်။

UWSA အဖွဲ့သည် တပ် အသွင်ပြောင်းရေးကို ယခင်က လက်မခံကြောင်း၊ သို့သော် တရုတ်အစိုးရ၏ တိုက်တွန်းချက်အရ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို မူအားဖြင့် သဘောတူခဲ့ပြီး နှစ်ဦးနှစ်ဘက် အသေးစိတ် ညှိနှိုင်းဆွေးနွေးရန်  ပြန်လည် တင်ပြခဲ့သော်လည်း စစ်အစိုးရက လက်မခံခဲ့ကြောင်း တရုတ် မြန်မာ နယ်စပ် အရေး လေ့လာနေသည့် ဦးခွန်ဆိုင်းက ထောက်ပြသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်