ရိုဟင်ဂျာများ ပြန်လက်ခံရန် ဘင်္ဂလားဒေ့ရှ် တိုက်တွန်းမည်

E-mail Print
ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်း ခိုလှုံ နေထိုင်လျက်ရှိသော ရိုဟင်ဂျာ ဒုက္ခသည်များအား မြန်မာနိုင်ငံမှ ပြန်လည် လက်ခံရန် အတွက် နအဖ စစ်အစိုးကို တိုက်တွန်းသွားမည်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Mr. Mijarul Quayesက ပြောသည်။

ယခုလ ၂၈ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ၀န်ကြီးအဆင့် တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်လာမည့် မြန်မာနိုင်ငံမှ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဦးမောင်မြင့်ကို တိုက်တွန်းသွားမည်ဟု ဆိုသည်။

၂ ရက်ခန့် အကြာ ပြုလုပ်မည့် ယင်းအစည်းအဝေးတွင် ရိုဟင်ဂျာ ဒုက္ခသည်များ အရေးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ အနေဖြင့် အဓိက ဆွေးနွေးသွားရန် စီစဉ်ထားကြောင်း သိရသည်။ 

“မြန်မာ နိုင်ငံဘက်က အစ္စလမ် ဘာသာဝင်တွေကို ကျနော်တို့ နိုင်ငံထဲ အတင်း မောင်းထုတ်နေတာ ရပ်တန့်ဖို့၊ လက်ရှိ ဒုက္ခသည် စခန်းထဲက လူတွေကိုလည်း ပြန်လည်လက်ခံဖို့ တိုက်တွန်းသွားမယ်”ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာန၌ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် Mr. Mijarul Quayes က ပြောကြားခဲ့ခြင်းဖြစ်သည်။   

ဒုက္ခသည် စခန်း ၂ ခုတွင် ရှိသော  မြန်မာနိုင်ငံမှ ရိုဟင်ဂျာ ဒုက္ခသည်များကို နအဖ စစ်အစိုးရက  ပြန်လည် လက်ခံရန် တိုက်တွန်း မည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox’s Bazar ခရိုင်ရှိ ဒုက္ခသည် စခန်း၂ ခုတွင် ရိုဟင်ဂျာ ဒုက္ခသည် အဖြစ် တရားဝင် အသိအမှတ် ပြုခံထား ရသူ စုစုပေါင်း ၂၀၀၀၀ ကျော် နေထိုင်လျက်ရှိကြောင်း သိရသည်။ 

မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေနှင့် ရိုဟင်ဂျာ အကျပ်အတည်းတို့အပေါ် ယခုနှစ်အတွင်း ပြုလုပ်ကျင်းပခဲ့သော ၁၄ ကြိမ်မြောက် အာဆီယံ စုံညီ အစည်းအဝေးတွင် ထည့်သွင်း ဆွေးနွေးသွားခဲ့သည်။ 

သို့သော် အစည်းအဝေးတွင် ရိုဟင်ဂျာ ဆိုသည်မှာ ဘင်္ဂါလီ လူမျိုးများသာ ဖြစ်၍ မြန်မာ တိုင်းရင်းသားထဲတွင် မပါဝင်ကြောင်း မြန်မာ စစ်အစိုးရ နိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်းက ငြင်းဆိုခဲ့သည်။

ကုလားတန်သတင်းဌာနမှ အယ်ဒီတာ ကိုတင်စိုးကမူ နောက်ဆုံး ပြန်ပို့ခံရသည့် ၁၉၉၅ ခုနှစ်တွင် ဘင်္ဂလားဒေ့ရှ် နှင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) နှင့်ပူးပေါင်း၍ ပြန်ပို့ခံရခြင်း ရှိခဲ့ပြီး ယခုကဲ့သို့ နောက်ထပ် ရိုဟင်ဂျာ လူမျိုးများကို ပြန်ပို့လိုက်မည် ဆိုပါက ပြန်လည် ထွက်ပြေးလာဦးမည်ဖြစ်ကြောင်း ပြောသည်။

ပြန်ပို့ခံရသည့် ရိုဟင်ဂျာ လူမျိုးများကို တောတောင်များကြားသို့ ပို့ဆောင်လျက်ရှိပြီး ၎င်းတို့မှာ တနေရာနှင့် တနေရာ သွားလာ၍ မရသည့်အပြင် အလုပ်အကိုင်များလည်း လုပ်ကိုင်၍ မရသောကြောင့် နောက်ဆုံး ပြန်လည် ထွက်ပြေးလာကြမည် ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။ 

ရိုဟင်ဂျာ အများအပြားသည် မလေးရှား၊ အင်ဒိုနီးရှား နိုင်ငံများသို့ သွားရောက်ရန် အတွက် မြန်မာနိုင်ငံမှ အလုံးအရင်းဖြင့် ထွက် ခွာလျက် ရှိသည်။ ၎င်း ရိုဟင်ဂျာများသည် အစ္စလမ် ဘာသာဝင်များဖြစ်ပြီး နိုင်ငံမဲ့နေသော လူနည်းစုဖြစ်ကာ ရခိုင်ပြည် နယ်၏ ပြင်ပသို့ သွားလာခွင့်မရစေရန် မြန်မာ အာဏာပိုင်များက ဖိနှိပ်ထားသည်။

ယခင် ၂၀၀၈ စက်တင်ဘာလက ရိုဟင်ဂျာ ၁ဝဝ ကျော်သည် အလုပ်အကိုင် ရရှိရေးအတွက် ရန်ကုန်သို့ သွားရောက်ရန် ကြိုး ပမ်းစဉ် ဖမ်းဆီးခံရသည်။ အာဏာပိုင်များက ထောင်ဒဏ် ၆ လ အသီးသီး ချမှတ်ခဲ့သည်။ 

မြန်မာနိုင်ငံတွင် ၎င်းတို့အပေါ် ထားရှိသည့် တင်းကျပ်သော စည်းကမ်းချက်များကြောင့် စားဝတ်နေရေး ပိုမို ကျပ်တည်းလာသည်။ ထို့ကြောင့် ရိုဟင်ဂျာ အများအပြားသည် ပွဲစားများ၏ အကူအညီဖြင့် ရခိုင်ပြည်နယ် ပြင်ပသို့ အရဲစွန့် ထွက်ခွာကြရကြောင်းလည်း သိရှိရသည်။

ထို့အပြင် တခြား နိုင်ငံများသို့ ရေလမ်းခရီးဖြင့် တရားမဝင် သွားရောက်ကြရာ အများစုမှာ ထိုင်းနိုင်ငံ ကမ်းရိုးတန်း ဒေသများ သို့မဟုတ် မုန်တိုင်းထန်သည့် ကပ္ပလီ ပင်လယ်ဘက်သို့ ရောက်ရှိသွားကြသည်ဟု သတင်းများအရ သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်