အမျိုးသမီး လူရွှင်တော်များဖြင့် ချိုးလင်းပြာ အငြိမ့်တင်ဆက်

E-mail Print

အမျိုးသမီးလူရွှင်တော်များ ပါဝင်ကပြသည့် ချိုးလင်းပြာ အငြိမ့်ကို မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) ၁၅ နှစ်ပြည့် အခမ်းအနားတွင် တင်ဆက်ခဲ့ရာ တက်ရောက်သူများ နှစ်ခြိုက်အားပေးကြသည်ကို တွေ့ရသည်။


ယင်းအစီအစဉ်ကို ယမန်နေ့ညက ထိုင်းနိုင်ငံ ချင်းမိုင်မြို့ Chiang Mai Grand View ဟိုတယ်တွင် ကျင်းပခဲ့ရာ လူ ၂၀၀ ကျော် တက်ရောက်ခဲ့သည်။

အတိုက်အခံ အင်အားစုများအတွင်း ဖြစ်ပျက်နေသော အကြောင်းအရာများ၊ စစ်အစိုးရနှင့် ပတ်သက်သည့် လွဲချော်မှုများကို အမျိုးသမီး လူရွှင်တော်များက အချက်အလက် ပိုင်နိုင်စွာ သရော်နိုင်ခြင်း၊ မျက်နှာသစ်များ အနေနှင့် ကြိုးစား တင်ဆက် ထားခြင်းတို့ကြောင့် ချိုးလင်းပြာ အငြိမ့်ကို ပရိသတ် အထူး အားပေးကြောင်း တွေ့ရသည်။

women_comedianချိုးလင်းပြာအငြိမ့်အတွက် BWU မသွယ်ဇင်တိုး (တိုးတိုး)၊ ဇင်မာဖြိုး (ဘုတ်ဘုတ်) နှင့် မူစဲ (စဲစဲ) တို့အပြင် သီးလေးသီးနှင့် ဆေးရောင်စုံ အငြိမ့်အဖွဲ့မှ မင်းသမီး မြစပယ်ငုံ (မီးသီး) တို့ကလူရွှင်တော်များအဖြစ် ပါဝင်ခဲ့ပြီး သီးလေးသီး ဆေးရောင်စုံအဖွဲ့၏ လူရွှင်တော် ဇီးသီးက မင်းသားအဖြစ် ကပြဖျော်ဖြေခဲ့သည်။ ဇီးသီးနှင့်အတူ BWU မှ မခင်စန်းထွေးနှင့် မဝင့်ဝါခိုင်တို့က မင်းသမီးများအဖြစ် ပံ့ပိုး ကပြကြသည်။

“အမျိုးသမီးတွေနဲ့ ဖွဲ့စည်းထားတဲ့ အမျိုးသမီးသမဂ္ဂကနေ မင်းသမီးတောင်းတော့ စုစုပေါင်း ၂ ယောက်ပဲ ရပါတယ်ခင်ဗျာ၊ ကျနော့်မှာ အမရာ၊ ကိန္နရီ၊ မဒီ၊ သမ္ဘူလ လေးယောက်နဲ့ ကရမလားလို့ ကြံထားတာ ခုတော့ အမရာ၊ ကိန္နရီနဲ့တင် ရပ်သွားတယ်” ဟု ဇီးသီးက ပြောလိုက်ရာ ပရိသတ်များ ပွဲကျသွားသည်။

ပြက်လုံးခွင်များထဲ၌ တိုးတိုးနှင့် ဘုတ်ဘုတ်တို့ နှစ်ယောက် ရှင်ဘုရင်နှင့် ဝန်ကြီးအဖြစ် သရုပ်ဆောင်ကာ မြန်မာနိုင်ငံ၏ လက်ရှိ အနေအထားကို သရော်သည့် ခွင်ကို လူအများ ပိုမိုအားပေးနှစ်ခြိုက်ကြကြောင်း တွေ့ရသည်။ ထိုခွင်ထဲ၌ အမျိုးသမီးများကိုပါ နောက်ပြောင်၍ ပြက်လုံးထုတ်ထားသည်။

“ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ နေရာတွေမှာ အမျိုးသမီးတွေကို ၃၀ ရာခိုင်နှုန်း ပေးရမယ်လို့ တောင်းဆိုနေကြတယ် ဘုရား”
“၃၀ ရာခိုင်နှုန်းတောင် ဘာလို့ တောင်းတာလဲကွဲ့ ဝန်မင်းရဲ့”
“လျှာရှည်လို့ပါဘုရား” ဟူ၍လည်း နောက်ပြောင်ထားသည်။

ယင်းပြက်လုံးခွင်သည် ဆုံးဖြတ်ပိုင်ခွင့်ရှိသော အစိုးရ နေရာများအတွက် အမျိုးသမီးများက ၃၀ ရာခိုင်နှုန်း ရသင့်သည်ဟု တောင်းဆိုသည်ကို အမျိုးသားများဖြစ်ကြသော ဘုရင်၊ ဝန်ကြီးနှင့် တာဝန်ရှိသူ အဆင့်ဆင့်က ပယ်ချပြီး နောက်ဆုံးတွင် ၁ ရာခိုင်နှုန်းပင် မပေးတော့ဟု ငြင်းဆန်သည်ကို နောက်ပြောင်ထားခြင်း ဖြစ်သည်။

ထို့ပြင် “ပြီးခဲ့တဲ့ ဆီးဂိမ်းမှာ သေနတ်ပစ်ပြိုင်ပွဲလုပ်တော့ မြန်မာက ဒုတိယ ရသွားပါတယ်”
“ဘာလို့ ပထမ မရတာလဲ ဝန်မင်း”
“ဘုန်းကြီးကိုပစ်တာ ဂျပန်သွားထိလို့ပါ” ဆိုသော ပြက်လုံးများလည်း ပါဝင်သည်။

“သူတို့ ပြက်လုံးတွေက ရယ်လည်း ရယ်ရတယ်၊ အချင်းချင်းလည်း ပြန်နောက်ပြောင်ထားတာ တွေ့ရတော့ သဘောကျမိတယ်” ဟု ပရိသတ် တဦးက ပြောသည်။

ပြည်တွင်း၌သာမကဘဲ ပြည်ပ အတိုက်အခံ အဖွဲ့အစည်းများထဲ၌ပင် အမျိုးသမီးများကို ဟန်ပြအဖြစ်သာ တန်းတူသဘော ထားရှိ၍ အမှန်တကယ် ဆုံးဖြတ်ချက် ချရမည့် နေရာများတွင် အမျိုးသမီးများကို နေရာ မပေးကြောင်းလည်း ပြက်လုံးများ ထုတ်ကြသည်။“အစည်းအဝေးတွေမှာ အမျိုးသမီးတွေကို အပြသဘောပဲထားတယ် ဆိုတာ ပေါ်လွင်အောင်ပြက်တဲ့ ပြက်လုံးကို အကြိုက်ဆုံးပဲ” ဟု လူရွှင်တော် စဲစဲက ပြောသည်။

မြန်မာအမျိုးသမီးသည် တခြားသော နေရာများတွင်  ၎င်းတို့နှင့် သင့်လျော်သော လုပ်ငန်းတာဝန်များ ထမ်းဆောင်ခွင့်ရှိသော်လည်း  နိုင်ငံရေးနယ်ပယ် ကဲ့သို့သော ဆုံးဖြတ်ချက်ချနိုင်သည့် အ၀ိုင်းအ၀န်းထဲတွင်  နေရာရရှိရန် အများစုမှာ အခက်အခဲ များစွာ ရင်ဆိုင် နေရသည် ဟု သူက ဆိုသည်။

အမျိုးသမီး လူရွှင်တော်အဖြစ် သရုပ်ဆောင်ခဲ့သော ချိုးလင်းပြာ အမျိုးသမီး စာစောင်၏ လက်ထောက် အယ်ဒီတာ မဇင်မာဖြိုးက “မိန်းကလေးတွေက လူရွှင်ဝတ်စုံကြီးတွေနဲ့ စင်ပေါ်တက်လာကတည်းက ကိုယ်ဘာမှတောင် မလုပ်ရသေးဘူး လူတွေက ရယ်ကြ တော့ လုပ်ရတာ အားတက်သွားတာပေါ့။ ကိုယ်ပြောချင်တဲ့ အရာတွေကို ပြက်လုံးတွေအနေနဲ့ ပြောခွင့်ရတဲ့အတွက် အရမ်း ပျော်ပါတယ်” ဟု ပြောသည်။

“ကျမတို့ မြန်မာနိုင်ငံရဲ့ အစဉ်အလာအရ အမျိုးသမီးတွေက ကမယ်၊ အမျိုးသားတွေက လူရွှင်တော်လုပ်မယ်။ အဲဒီပုံစံကို  ပြောင်းပြန်လှန်ပြီး တင်ဆက်ချင်တဲ့ ဆန္ဒရှိတယ်။ အမျိုးသမီးတွေလည်း လူရွှင်တော် လုပ်လို့ရတယ် ဆိုတာကို ပြချင်တာပါ” ဟု BWU ၏ အထွေထွေ အတွင်းရေးမှူး မတင်တင်ညိုက ဆိုသည်။

၁၅ နှစ်ပြည့် အထိမ်းအမှတ် သတင်းစကားအဖြစ် BWUဥက္ကဋ္ဌ မိဆူးပွင့်က “ဒီမိုကရေစီ စနစ်တခုကို တည်ထောင်တဲ့ နေရာမှာ မျိုးဆက်တခုကနေ တခုကို လက်ဆင့်ကမ်းဖို့ တွန့်ဆုတ် မနေသင့်ဘူး။ နောက်ပြီး ဒီကိစ္စကို တကယ့် လုပ်ငန်းစဉ် တရပ်အဖြစ် ချမှတ် လုပ်ဆောင်သင့်တယ်” ဟု ပြောသည်။

BWU သည် မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေးနှင့် ကျား/ မ တန်းတူအခွင့်အရေး ရရှိရေးအတွက် ၁၅ နှစ် တိုင်အောင် တစိုက်မတ်မတ် လုပ်ဆောင်လာခဲ့သည့် မြန်မာနိုင်ငံသား အမျိုးသမီးများပါဝင်သော အဖွဲ့အစည်းတခုဖြစ်သည်။

“BWU လိုအဖွဲ့အစည်းတွေ ရှိစေချင်ပါတယ်။ ဘယ်လိုပုံစံနဲ့ပဲ ဖြစ်ဖြစ် ဘယ်လိုအခြေအနေမှာပဲ ဖြစ်ဖြစ် မိန်းကလေးတွေက တထောင့် တနေရာကနေ ပါဝင်သင့်တယ်” ဟု လူရွှင်တော် မီးသီးက ပြောသည်။

 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်