အနုပညာရှင်များ၏ လူမှုရေးသတင်းများ ပိုမိုပွင့်လင်းလာ

E-mail Print
ဆယ်စုနှစ် တခုအတွင်း မြန်မာနိုင်ငံရှိ အနုပညာ လောကသားများ၏ လူမှုရေးကိစ္စများကို ယခင်ထက် ပိုမို ပွင့်လင်းစွာ ထုတ်ဖော် ရေးသားလာ ကြကြောင်း တွေ့ရှိရသည်။

မြန်မာနိုင်ငံ၏ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း စသည့်တို့တွင် ရုပ်ရှင်သရုပ်ဆောင်များ၊ အဆိုတော်များ၏ အိမ်ထောင်ရေးကိစ္စများ၊ ကိုယ်ရေးကိုယ်တာ ကိစ္စများကို အနုပညာရှင်များ ကိုယ်တိုင်ကလည်း ပွင့်ပွင့်လင်းလင်း ထုတ်ဖော်လာကြပြီး မီဒီယာများကလည်း  ပွင့်လင်းစွာ ဖော်ပြလာခဲ့ကြသည်။

bridge“ဒါ သူတို့လွတ်လပ်ခွင့်နဲ့သူတို့ပဲ။ အခုဆိုရင် ဘယ်တော့ အိမ်ထောင်ပြုတော့မယ် ဆိုတာကအစ လွတ်လွတ်လပ်လပ်နဲ့ ကြိုတင် သတင်းပေး ဖွင့်ပြောလာကြတယ်” ဟု ပေါ့ပ်ဂျာနယ်တစောင်မှ အယ်ဒီတာချုပ် တဦးက ဧရာဝတီကိုပြောသည်။

၂၀၀၀ ပြည့်နှစ်မတိုင်ခင် ကာလများက အနုပညာရှင်များ၊ အထူးသဖြင့် ရုပ်ရှင်သရုပ်ဆောင်များ အနေဖြင့် ၎င်းတို့၏ အိမ်ထောင်ရေးနှင့် ပတ်သက်၍ လူသိမခံချင်ကြကြောင်း၊ တချို့က အိမ်ထောင်ရေး ကိစ္စကြောင့် ၎င်းတို့ကို ပရိသတ်အားပေးမှု လျော့နည်းကာ လုပ်ငန်းတွင် အဟန့်အတား ဖြစ်မည်စိုး၍ သိုဝှက်ခဲ့ကြကြောင်း သိရသည်။

“တချို့ကျတော့ အိမ်ထောင်ပြုလိုက်ရင် ရိုက်ကူးမှု ကျသွားမလား ဆိုတာမျိုး ရှိတဲ့သူကလည်း ရှိသလို၊ မရှိတဲ့သူလည်း မရှိကြပါဘူး။ ကိုယ့်ခံယူချက်နဲ့ကိုယ်ပါပဲ” ဟု သရုပ်ဆောင် အကယ်ဒမီ ဒေါ်မြင့်မြင့်ခိုင်က ဧရာဝတီကိုပြောသည်။

ယခုနောက်ပိုင်း ပရိသတ်များ အနေဖြင့် အနုပညာသမားများ၏ လူမှုရေး ကိစ္စရပ်များအပေါ် နားလည်မှု ရှိလာကြောင်း ၂၀၀၉ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်နေ့တွင် မိမိအိမ်ထောင်ဖြင့် ကွာရှင်းပြတ်စဲခဲ့သည့် သရုပ်ဆောင် ခိုင်နှင်းဝေက ဧရာဝတီကိုပြောသည်။

“အခု ပရိသတ်တွေက ကိုယ်ရေးကိုယ်တာနဲ့ မဆိုင်တော့ဘဲ အနုပညာကိုပဲ အားပေးလာကြတာ တွေ့ရတယ်။ ကျမ အိမ်ထောင် ကျပြီးတဲ့ အချိန်မှာလည်း ကားဆက်တိုက် ရိုက်နေရတယ်။ နောက် ကျမအိမ်ထောင်နဲ့ လမ်းခွဲလိုက်တော့လည်း အားငယ် နေတဲ့အပေါ် ကရုဏာသက်ကြတာ တွေ့ရပါတယ်” ဟု ၎င်းကဆက်ပြောသည်။

သရုပ်ဆောင် ခိုင်နှင်းဝေ အိမ်ထောင်ဖက်နှင့် လမ်းခွဲလိုက်ပြီ ဆိုသော သတင်းများကို ပြည်တွင်းထုတ် ဂျာနယ်၊ မဂ္ဂဇင်း တို့တွင် ပွင့်လင်းစွာ တင်ပြထားကြောင်း တွေ့ရသည်။

ယင်းကဲ့သို့ပင် အနုပညာအသိုင်းအ၀န်းမှ တခြားနာမည်ကျော် အနုပညာရှင်များသည်လည်း ၎င်းတို့၏ လူမှုရေးကိစ္စများ ဖြစ်သော အိမ်ထောင်ပြုခြင်း၊ အိမ်ထောင်ကွဲခြင်း စသည်တို့ကို လူသိရှင်ကြား သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း တို့ တွင် ပေါ်ပေါ်ထင်ထင် ဖော်ပြ လာခဲ့ကြကြောင်း သိရသည်။

၂၀၀၉ ခုနှစ် မတ်လ ၄ ရက်နေ့တွင် သရုပ်ဆောင် အကယ်ဒမီ စိုးမြတ်သူဇာသည် အမေရိကန်ပြည်ထောင်စုတွင်နေထိုင်သော ခင်ပွန်းဖြစ်သူနှင့် တရားဝင် ကွာရှင်းပြတ်စဲခဲ့ပြီဖြစ်ကြောင်း သတင်းစာများတွင် ဖော်ပြခဲ့သည်။

ထိုနည်းလည်းကောင်းပင် လွန်ခဲ့သည့် နှစ်နှစ်ခန့်က အဆိုတော် ဖြိုးကြီးနှင့် သရုပ်ဆောင် အကယ်ဒမီ စိုးမြတ်နန္ဒာတို့သည်လည်း ၎င်းတို့၏ ရှေ့နေများမှတဆင့် တရားဝင် ကွာရှင်းပြတ်စဲသည့် ကြော်ငြာများကို သတင်းစာများတွင် အပြန်အလှန် ထည့်သွင်း ခဲ့ခြင်းများ ရှိခဲ့သည်။

“ပရိသတ်က နားလည်လာတယ်။ အမြင် ကျယ်လာတယ်လို့လည်း ပြောလို့ရပါတယ်။ ကိုယ်ချင်းစာတတ်လာတယ်။ အနုပညာ သမားတွေလည်း တခြား သူတွေလိုပဲ အခက်အခဲတွေရှိတယ်။ အနုပညာသမားဖြစ်နေလို့၊ ပရိသတ်ရဲ့စိတ်ဝင်စားမှုကို ခံနေရလို့ ကိုယ်ဘာပဲ လုပ်လုပ် ထင်ပေါ်နေတဲ့အပေါ် နားလည်ပေးနိုင်လာတဲ့ သဘောပါ” ဟု သရုပ်ဆောင်ခိုင်နှင်းဝေက သုံးသပ်သည်။

ယခင်ကာလများက အနုပညာသမားများ၏ ကိုယ်ရေးကိုယ်တာ ကိစ္စရပ်များကို ၎င်းတို့ကိုယ်တိုင် မီဒီယာများသို့ ဖွင့်ချခဲ့ခြင်းမျိုး ရှားပါးခဲ့ပြီး မီဒီယာများကသာ နောက်ယောင်ခံလိုက်ကြရသည့် အနေအထားရှိခဲ့သည်ဟု ပေါ့ပ်ဂျာနယ် အယ်ဒီတာချုပ် က ပြောသည်။

အမျိုးသမီး စာနယ်ဇင်းသမား တဦးကလည်း “အရင်က ၀ါဝါ၀င်းရွှေ ဘယ်လို ယောက်ျားနောက် လိုက်ပြေးသွားတယ် ဆိုတာကို ဂျာနယ်တွေမှာတော့ ဖတ်ခဲ့ရဖူးပါတယ်။ ဒီလို အိမ်ထောင်ပြု သွားတယ်ဆိုတာကလည်း သူ့သဘာဝနဲ့သူ ဘာမှမဆန်းကျယ်ပါဘူး။ အဲဒီခေတ်က အဲဒီလိုမျိုး လောက်ပဲ ရှိခဲ့တယ်လို့ ထင်ပါတယ်” ဟု ဧရာဝတီကိုပြောသည်။

ထို့အပြင် ပရိသတ်များကလည်း  အနုပညာရှင်များ၏ ကိုယ်ရေးကိုယ်တာ ကိစ္စများကိုသာ စိတ်ဝင်တစား ရှာဖွေဖတ်ရှုကြသဖြင့် ဂျာနယ်၊ မဂ္ဂဇင်းများကလည်း အဆိုပါ သတင်းများကိုသာ လိုက်ကြခြင်းဖြစ်ကြောင်း သိရသည်။

“လူတွေကလည်း ဒါမျိုးတွေပဲ ရှာကြံဖတ်နေကြတော့ ဘယ်ဂျာနယ်က အရင်ထွက်မလဲ ဆိုတာမျိုးပေါ့။ အဲဒီတော့ ဦးရာလူက အရင် ရောင်းကောင်းမှာပေါ့” ဟု အဆိုပါ အမျိုးသမီး စာနယ်ဇင်းသမားက ဆိုသည်။

သို့ရာတွင် ပွင့်လင်းသည်ဆိုရာ၌ မြန်မာလူမျိုးတို့၏ ယဉ်ကျေးမှုအရ ဟိရိသြတ္တပတရား ကင်းမဲ့သည့် အနေအထားမျိုး၊ အခြေအနေမျိုး မဖြစ်သင့်ကြောင်း ၎င်းကသုံးသပ်သည်။

အနုပညာရှင် တဦးအနေဖြင့် မိမိအိမ်ထောင်ဖက်နှင့် လမ်းခွဲကြသည်ဆိုရာတွင်လည်း အကြောင်း အမျိုးမျိုးရှိနိုင်ကြောင်း၊ တချို့မှာ အိမ်ထောင်ဖက်နှင့် လမ်းခွဲရန်အတွက် အမျိုးမျိုး စဉ်းစားပြီးမှ မဖြစ်မနေ ပြုလုပ်လိုက်ရ သူများရှိကြောင်း ဒေါ်မြင့်မြင့်ခိုင်က ပြောသည်။

“အနုပညာရှင်တယောက်ဖြစ်ပေမယ့် ပေါ့ပေါ့တန်တန်မနေဘဲ ကိုယ့်ရဲ့ဂုဏ်သိက္ခာပိုင်းကို တန်ဖိုးထားပြီးနေကြရင် သိပ်ကောင်း မှာပါ” ဟု ၎င်းကသုံးသပ်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်