ဆန် အမြောက်အမြား တင်ပို့ရန် စီးပွားရေးပညာရှင် တိုက်တွန်း

E-mail Print
နာဂစ် မုန်တိုင်းကြောင့် အထိနာခဲ့ပြီး နိုင်ငံတကာ အဖွဲ့များက ထောင်သောင်း ချီသော လယ်သမားများကို ကူညီနေရချိန်တွင်  မြန်မာ့ ထိပ်တန်း စီးပွားရေး ပညာရှင်တဦးက မြန်မာနိုင်ငံကို ဆန်အဓိက တင်ပို့သည့် နိုင်ငံအဖြစ်သို့ ပြန်လည် ရောက်ရှိရေး အတွက် ဆောင်ရွက်ကြရန် တိုက်တွန်း လိုက်သည်။ ထိုနည်းဖြင့် ဆင်းရဲမွဲတေမှုကို တိုက်ဖျက်ရမည်ဟု သူက ဆိုသည်။

“ဆန်စပါးကဏ္ဍမှာ အထွက်တိုး၊ ၀င်ငွေတိုး၊ အလုပ်အကိုင် တိုးပွားလာမယ် ဆိုရင် ကျေးလက်ဒေသ ဆင်းရဲမွဲတေမှုကို တိုက်ဖျက်နိုင်မှာဖြစ်ပါတယ်။ ပြီးတော့ ပြည်တွင်းမှာလည်း ရိက္ခာပေါများလာမှာပါ” ဟု အငြိမ်းစား ကုလသမဂ္ဂ အရာရှိ၊ ထွန်းဖောင်ဒေးရှင်း ဘဏ်၏ ဒါရိုက်တာတဦးဖြစ်သူ စီးပွားရေး ပညာရှင် ဦးမြင့်က စနေနေ့က ရန်ကုန်မြို့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်  ပြောလိုက်သည်။

မြန်မာနိုင်ငံသည် တချိန်က ကမ္ဘာတွင် ဆန်အများဆုံး တင်ပို့သည့် နိုင်ငံတခု ဖြစ်ခဲ့သည်။ ၁၉၃၈-၃၉ ခုနှစ် ဘဏ္ဍာရေးနှစ်တွင်  ဆန်တန်ချိန် ၃.၃ သန်း ပြည်ပပို့နိုင်ခဲ့သည်။ နိုင်ငံဝင်ငွေ၏ ၄၆.၇ ရာခိုင်နှုန်းကို ဆန်တင်ပို့မှုမှ ရရှိခဲ့သည်။

နှစ်ပေါင်း ၇၀ ကြာသောအခါ အခြေအနေများ ပြောင်းလဲသွားသည်။

၂၀၀၇-၂၀၀၈ ဘဏ္ဍာရေးနှစ်အတွင်းက ဆန်တန်ချိန် ၃၅၈ ၅၀၀ တန်ကိုသာ ပြည်ပသို့ ပို့နိုင်ခဲ့သည်။ ကမ္ဘာ့ဆန်တင်ပို့မှု၏ ၁.၂ ရာခိုင်နှုန်းသာ ရှိကြောင်း  ဦးမြင့်က ပြောသည်။

“ မြန်မာပြည်က ပို့တဲ့ဆန်က များသောအားဖြင့် အရည်အသွေး ညံ့တယ်။ ဒါကြောင့် တင်ပို့နှုန်း ပိုပြီး ကျလာစရာ ရှိတယ်” ဟု ဦးမြင့်က ဆိုသည်။

ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ မျိုးစပါး၊ စိုက်ပျိုးရေး လုပ်ငန်းတို့နှင့် ပတ်သက်သည့် နည်းပညာများကို ခေတ်နှင့်အညီ အသုံးပြုနိုင်ပါက ဆန်အထွက်တိုးနိုင်မည်ဟု ဦးမြင့်က ရှင်းပြသည်။

ထို့ပြင် ဈေးကောင်းရရေး၊ သယ်ယူပို့ဆောင်ရေး၊ သိုလှောင်ရေး၊ ဈေးကွက်၊ အခွန်၊ စိုက်ပျိုး ထုတ်လုပ်မှု ဆိုင်ရာ စီမံခန့်ခွဲရေး တို့နှင့် ပတ်သက်သည့် အခက်အခဲများ ရှိနေကြောင်း၊ လယ်သမားတို့အတွက် အကျိုးအမြတ် အနည်းငယ်သာ ရှိပြီး ပွဲစားနှင့်ကြားလူများကသာ မတရား အကျိုးအမြတ် ရနေကြကြောင်း ဦးမြင့်က ထောက်ပြသည်။

စီးပွားရေး ပညာရှင် မစ္စတာ ဂျိုးဇက် စတစ်ဂ်လစ် နေပြည်တော်သို့ သွားရောက်စဉ်ကလည်း  အရေးကြီးသည့် အချက်တခု ဖြစ်သည့် စိုက်ပျိုးစရိတ်ချေးငွေ အကြောင်းကို တင်ပြခဲ့သေးသည်။ နာဂစ်မုန်တိုင်းကြောင့် စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ပေးနိုင်သည့် အနေအထားများ ပျက်သွားရသည်ဟု သူက ဆိုသည်။

“စိုက်စရိတ်ချေးငွေ ပြဿနာ နိုင်ငံအနှံ့မှာ ဖြစ်နေတာပဲ။ ဒေသတခုနဲ့တခု မတူဘူး။ တမြို့နဲ့ တမြို့ မတူဘူး။ မြို့တမြို့တည်းမှာတောင် တနေရာနဲ့တနေရာ မတူဘူး” ဟု သူက ပြောသည်။

ကျေးလက်ဒေသ စိုက်စရိတ်ချေးငွေနှင့် ပတ်သက်ပြီး အစိုးရ၊ ပုဂ္ဂလိက၊ အကူအညီပေးရေးအဖွဲ့များအကြားရှိ ပူးတွဲဆောင်ရွက်မှုများကို ဆက်လက် အကောင်အထည် ဖော်သင့်သည်ဟု ဦးမြင့်က အကြံပြုသည်။

နေပြည်တော်တွင် ပြုလုပ်မည့် တတိယအကြိမ်မြောက် ဖွံ့ဖြိုးရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲသို့ ဘင်္ဂလားဒေ့ရှ်မှ စီးပွားရေး နိုဗဲလ်ဆုရှင် မစ္စတာ မိုဟာမက် ယူနွတ် တက်ရောက်ရေးအတွက် ဖိတ်ကြားရန် ကုလသမဂ္ဂ လက်ထောက် အထွေထွေ အတွင်းရေးမှူးချုပ်၊ ဘန်ကောက် အခြေစိုက် ကုလသမဂ္ဂ၏  အာရှပစိဖိတ်ဒေသဆိုင်ရာ စီးပွားရေးနှင့် လူမှုရေး ကော်မရှင် (ESCAP)၏ အကြီးအကဲ ဒေါက်တာ နိုလန်ဟေဇာကို တောင်းဆိုထားသည်ဟု သူက ပြောသည်။

ဒီဇင်ဘာတွင် ပြုလုပ်ခဲ့သည့် ဒုတိယအကြိမ်မြောက် ဖွံ့ဖြိုးရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲတွင် မစ္စတာ စတစ်ဂ်လစ်က “မြန်မာနိုင်ငံအား အာရှ၏စပါးကျီအဖြစ် ပြန်လည် တည်ထောင်ရေး” နှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့သည်။

ထိုနှီးနှောဖလှယ်ပွဲကို လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာန၊ အမျိုးသား စီမံကိန်းနှင့် ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာနတို့က ESCAP နှင့် ပူးတွဲ စီစဉ်ခဲ့ခြင်းဖြစ်သည်။

မစ္စတာ စတစ်ဂ်လစ်က အစိုးရကို စိုက်ပျိုးရေး ကဏ္ဍတွင် ပိုမို ရင်းနှီးမြှုပ်နှံရန် တိုက်တွန်းခဲ့သည်။ မျိုးစပါး၊ ဓာတ်မြေသြဇာတို့ ပိုမို ဖြန့်ဝေနိုင်ရေးအတွက်လည်း ဆောင်ရွက်ရန် တိုက်တွန်းခဲ့သည်။ ဖွံ့ဖြိုးတိုးတက်ရေး၊ ၀င်ငွေ နှင့် ငွေကြေးသုံးစွဲနိုင်မှု တိုးတက် များပြားရေးတို့ အတွက် ပညာရေး နှင့် ကျန်းမာရေးအတွက် အသုံးစရိတ် အများအပြား တိုးချဲ့ခြင်း၊ ၀င်ငွေကောင်းသည့်အလုပ်အကိုင်များ ဖန်တီးခြင်းတို့ကို ဆောင်ရွက်ရန်လည်း အကြံပြုခဲ့သည်။

ထိုနှီးနှောဖလှယ်ပွဲများသည် ဒေါက်တာ ဟေဇာ၏ ၂၀၀၉ ခုနှစ် ဇူလိုင်လ မြန်မာပြည်ခရီးစဉ်၏ ရလဒ်အဖြစ် ပေါက်ပေါက်လာခြင်း ဖြစ်သည်။ ယခင်က သွားရောက်ခဲ့သည့် သူ၏ခရီးစဉ်နှင့် ပတ်သက်ပြီး  ESCAPက “မြန်မာအစိုးရ၏ စိုက်ပျိုးရေးကို အခြေခံသည့်စီးပွားရေးနှင့် မူဝါဒများကို ဆွေးနွေးရေးအတွက် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်နိုင်မှု၏ ပထမခြေလှမ်း” ဟု ကြေညာခဲ့သည်။

ဒီဇင်ဘာလက နေပြည်တော်မှ အပြန်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် “အောက်ခြေမှာ ဘာတွေဖြစ်နေတယ် ဆိုတာကို နားလည်တဲ့သူတွေ၊ ဒေသခံ ပညာရှင်တွေနဲ့ အဆင်ပြေပြေ စေ့စပ်လုပ်ကိုင်နိုင်မှပဲ ဖွံ့ဖြိုးရေးဆိုင်ရာ ရည်ရွယ်ချက်တွေ အောင်မြင်နိုင်မှာ ဖြစ်ပါတယ်” ဟု  ဒေါက်တာ ဟေဇာက ပြောခဲ့သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်