NLD ဗဟို ဦးစီးအဖွဲ့ဝင် ရွေးချယ်နိုင်ခြင်း မရှိသေး

E-mail Print
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ဗဟို ဦးစီး အဖွဲ့ဝင် ရွေးချယ်ရေး လုပ်ငန်းကို ယနေ့ စတင် ဆောင်ရွက် သော်လည်း တဦး တယောက်မှ ရွေးချယ်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

ကယားပြည်နယ်မှ အပ ကျန် ပြည်နယ် ၆ ခုနှင့် မန္တလေးတိုင်း၊ တနင်္သာရီတိုင်း၊ စစ်ကိုင်းတိုင်းတို့မှ ကိုယ်စားလှယ်များက ရွေးချယ် ထားသော ကိုယ်စားလှယ်များ စာရင်းနှင့် ရွေးချယ်တင်မြှောက်သည့် နည်းလမ်းများကို နေ့လယ် ၁ နာရီမှ ၃ နာရီအထိ  ဗဟို ကော်မတီ အဖွဲ့ဝင် (CEC) များ ထံသို့ တင်ပြသော်လည်း ယနေ့ ရွေးချယ်နိုင်ခြင်း မရှိသေးကြောင်း ပြန်ကြားရေးအဖွဲ့ဝင် ဦးအုန်းကြိုင်က ပြောသည်။

“မနက်ဖြန်မှာ ကျန်တဲ့တိုင်းနဲ့ ပြည်နယ်တွေက ဆက်ပြီးတော့ တင်ပြပါလိမ့်မယ်၊ ပြီးတော့ CECက ပြန်လည်သုံးသပ်ပြီး ရွေးချယ်မှာ ဖြစ်ပါတယ်။ ပြည်နယ်နဲ့တိုင်းက ကိုယ်စားလှယ်တွေကို ဦးတင်ဦးက လိုအပ်ချက်အရ လုပ်ရတာဖြစ်တဲ့ အကြောင်း၊ တက်တက် ကြွကြွ လုပ်တဲ့အတွက်လည်း ၀မ်းသာကြောင်း ပြောပါတယ်” ဟု ဦးအုန်းကြိုင်က ဆိုသည်။

ဗဟို ဦးစီး အဖွဲ့ကို ပြန်လည်ဖွဲ့စည်းရန်အတွက် ကိုယ်စားလှယ် ၉၀ ကို NLD က ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်နယ်နှင့် တိုင်းအဆင့် ကိုယ်စားလှယ် ရွေးချယ်မှုနှင့် ပတ်သက်၍ မြို့နယ်အဆင့် NLD အဖွဲ့ဝင်များအကြား မကျေနပ်မှုနှင့် ကွဲလွဲမှုများ ရှိနေကြောင်းလည်း သိရသည်။

ဒီမိုကရေစီပါတီ တခုအနေဖြင့် ဒီမိုကရေစီစနစ် ကျင့်သုံးရန် အထူးလိုအပ်သော်လည်း NLD သည် နှစ်ပေါင်း ၂၀ တိုင်တိုင် ဒီမိုကရေစီ ကျင့်စဉ်နှင့် အလှမ်းကွာကာ ဗျူရိုကရေစီ သက်သက်ဖြစ်ခဲ့သည်ကို အများအပြားတွေ့ရကြောင်း မန္တလေးတိုင်း မိတ္ထီလာမြို့နယ် NLD အဖွဲ့ဝင်  ဒေါ်မြင့်မြင့်အေးက ပြောသည်။

“ဒီရွေးချယ်မှုကတော့ ဗဟိုဦးစီး စနစ်ပါပဲ။ ဗဟို ဦးစီးစနစ်နဲ့သွားတဲ့ လမ်းကြောင်းကတော့ ဘယ်နည်းနဲ့မှလည်း မမှန်ကန်နိုင်ဘူး” ဟု ၎င်းက ဆိုသည်။

ရန်ကုန်တိုင်း၌ တိုင်းအဆင့် ကိုယ်စားလှယ်များရွေးချယ်မှုနှင့် ပတ်သက်၍ ဒီမိုကရေစီ နည်းလမ်းဖြင့် ရွေးချယ်ကြသော်လည်း ပဲခူးတိုင်းတွင် ယင်းသို့ ဆောင်ရွက်ခြင်းမရှိသဖြင့် အဖွဲ့ဝင်များအကြား ကျေနပ်မှုမရှိကြကြောင်း၊ ပဲခူးတိုင်း NLD ဥက္ကဋ္ဌ ဦးညွန့်ဝေ စိတ်တိုင်းကျ ရွေးချယ် တင်မြှောက်သဖြင့် ကန့်ကွက်ပြောဆို၍ မရကြောင်း ပဲခူးမြို့နယ် NLD ဥက္ကဋ္ဌ ဦးမြတ်လှက ဆိုသည်။

“ကြားတယ်၊ ကျနော်တို့ ဘာမှမသိရသေးဘူး၊ NLD အင်အားတွေ ထပ်တိုးချဲ့တာတော့ ကောင်းတဲ့သဘောပေါ့၊ သို့သော်ငြားလည်း ရွေးချယ်တဲ့နေရာမှာ ဒီမိုကရေစီ ကျကျရွေးချယ်သလား ဆိုတာက အရေးကြီးဆုံးပဲ” ဟု သူက ပြောသည်။

NLD အနေဖြင့် ဗဟိုကော်မတီရွေးချယ်ရာ၌ ထားရှိသည့်မူများတွင် နိုင်ငံရေး အရည်အချင်းရှိရမည်၊ ပါတီအပေါ်တွင် သစ္စာ ရှိရမည်၊ အဖွဲ့ချုပ်၏ နိုင်ငံရေးလုပ်ငန်းများနှင့် မကင်းကွာဘဲ တဆက်တစပ်တည်း ရှိနေသူဖြစ်ရမည်၊ အဖွဲ့ချုပ်က ကိုင်စွဲထားသည့် နိုင်ငံရေး ရပ်တည်ချက်များနှင့် သဘောတူညီသည့် ပုဂ္ဂိုလ်ဖြစ်ရမည်၊ အဖွဲ့ချုပ် စည်းမျဉ်း စည်းကမ်းအရ အပြစ်ပေးအရေးယူခံ ထားရသည့် သူများ မဖြစ်ရဟု ပါရှိကြောင်း၊ သို့သော် အကျဉ်းကျနေသည့် အဖွဲ့ဝင်များကိုလည်း ရွေးချယ်မည်ဖြစ်ကြောင်း သိရသည်။

ယနေ့ ကျင်းပသည့် အစည်းအဝေးသို့ တက်ရောက်လာသည့် NLD ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦးသည် ရွှေဂုံတိုင် ကြေညာချက်အတိုင်း ဆက်လက်ရပ်တည်သွားမည်ဖြစ်ပြီး ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုလည်းရှိကြောင်း၊ မျက်စိတဘက် မကောင်းတော့သော်လည်း မျက်စိကွယ်သွားသည့်တိုင်အောင် နိုင်ငံရေး လှုပ်ရှားမှုများကို ဆက်လက် ဆောင်ရွက်မည်ဟု ဆိုကြောင်း NLD ပြန်ကြားရေး တာဝန်ခံ ဦးခင်မောင်ဆွေက ရှင်းပြသည်။

ဦးတင်ဦးက နေအိမ်တွင် တယ်လီဖုန်းလိုင်း ပြန်လည် တပ်ဆင်ရန်အတွက် အာဏာပိုင်များကို တင်ပြထားသော်လည်း ယခုအချိန်အထိ ဆောင်ရွက်ပေးခြင်းမရှိသေးကြောင်း NLDနှင့် နီးစပ်သူများက ဆိုသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်