ဒုက္ခသည်များ မလေးရှားတွင် အလုပ်လုပ်ခွင့် ရဖွယ်ရှိ

E-mail Print
မလေးရှား နိုင်ငံတွင် ကုလသမဂ္ဂ အသိအမှတ်ပြု ဒုက္ခသည်များကို အလုပ်လုပ်ကိုင် ခွင့်ပေးရန် မလေးရှား အစိုးရက စဉ်းစားနေသည်ဟု သိရသည်။

အလုပ်လုပ်ခွင့် ပေးမည့် အစီအစဉ်သည် အကောင် အထည် ပေါ်လာဖွယ် ရှိသော်လည်း ရှုထောင့်ပေါင်းစုံမှ စစ်ဆေး ဆောင်ရွက်ရန် လိုအပ်ကြောင်း မလေးရှားပြည်ထဲရေး ၀န်ကြီးက မလေးရှား နိုင်ငံထုတ် The Star သတင်းစာကို  ပြောသည်။

“ပြည်ထဲရေး ၀န်ကြီး ဌာန တခုတည်းက ဒီကိစ္စကို ဆုံးဖြတ်လို့ မရဘူး။ နိုင်ငံခြားရေး ၀န်ကြီးဌာန၊ နိုင်တကာ အဖွဲ့အစည်းတွေ အပါအ၀င် သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့တွေနဲ့ ညှိနှိုင်း ဆောင်ရွက်ရမှာ ဖြစ်တယ်” ဟု ၀န်ကြီး Datuk Seri က ဆက်ပြောသည်။

ဒုက္ခသည်များ အလုပ်လုပ်ခွင့်နှင့် ပတ်သက်ပြီး အားနည်းချက် အားသာချက်များကို သေချာစွာ ဆန်းစစ်ရမည်ဟု မလေးရှား နိုင်ငံခြားရေး ၀န်ကြီးက ဆိုသည်။

“လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မှုရှိတဲ့ ဒုက္ခသည်တွေကို ကျနော်တို့ နိုင်ငံမှာ ရှိနေတဲ့ အချိန်မှာ အလုပ်လုပ်ခွင့် ပေးမယ် ဆိုရင် ကျနော်တို့ တိုင်းပြည်အတွက် အကျိုးရှိလိမ့်မယ်” ဟု နိုင်ငံခြားရေး ၀န်ကြီးက The Starကို ပြောသည်။

ဒုက္ခသည်များကို အလုပ်လုပ်ခွင့် ပြုသင့်သည် ဟု NGO အဖွဲ့အစည်းများနှင့် စီးပွားရေး လုပ်ငန်းရှင်များက မလေးရှား အစိုးရကို စတင် တောင်းဆိုခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ ထုတ်ပြန်ချက်အရ မလေးရှားရောက် နိုင်ငံခြားသားများက ဒုက္ခသည်အဖြစ် လျှောက်ထားကြရာ ပြီးခဲ့သည့်လအထိ အရေအတွက် ၈၀,၀၀၀ ခန့် ရှိသည်ဟု သိရသည်။ ၇၀,၀၀၀ ကျော်မှာ မြန်မာပြည်မှ ဖြစ်သည်ဟု ဆိုသည်။

မလေးရှားရှိ ဒုက္ခသည် အရေးကို ကူညီဆောင်ရွက်ပေး နေသော ကိုခိုင်မျိုးသူက ဒုက္ခသည်များကို အလုပ်လုပ်ကိုင်ခွင့် ပေးရန် စဉ်းစားနေသည့် မလေးရှားအစိုးရ၏ အစီအစဉ်နှင့် ပတ်သက်ပြီး သံသယ ရှိနေသည်။

“မလေးရှား အစိုးရက မြန်မာဒုက္ခသည်တွေကို ဒုက္ခသည် အဖြစ် တရားဝင် ယာယီ နေထိုင်ခွင့် ထုတ်ပေးမယ်လို့ ကြေညာထားပေမယ့် UNက အသိမှတ်ပြုတဲ့ အထောက်အထား ရှိသူတွေကို ဖမ်းဆီးမှု ပြုလုပ်နေတုန်းပဲ” ဟု ကိုခိုင်မျိုးသူက ပြောသည်။

မလေးရှား အစိုးရ၏ ဒုက္ခသည်ဆိုင်ရာ သဘောထားမှာ ပျော့ပြောင်းမှုရှိသည်ဟု ချင်း ဒုက္ခသည်များ ကော်မတီမှ တာဝန်ရှိသူ တဦးက သုံးသပ်သည်။ ဒုက္ခသည်များ ခိုလှုံခွင့်နှင့် ပတ်သက်၍ ကုလသမဂ္ဂ၏ သဘောတူ စာချုပ်ကို မလေးရှားနိုင်ငံက လက်မှတ် ရေးထိုးထားခြင်း မရှိသော်လည်း အစိုးရက ဒုက္ခသည် အများအပြားကို  နေထိုင်ခွင့် ပြုထားသည်ဟု သူက ဆိုသည်။

“မလေးရှား အစိုးရအနေနဲ့ ဒုက္ခသည်တွေကို တရားဝင် အလုပ် လုပ်ခွင့် ပြုမယ် ဆိုရင် ဒုက္ခသည်တွေရဲ့ စားဝတ် နေရေး အတွက် အဆင်ပြေမယ့် သဘောရှိတယ်။ အဲဒီ အတွက် ကြိုဆိုပါတယ်” ဟု သူက ဆက်ပြောသည်။

မလေးရှားတွင် ဒုက္ခသည်အဖြစ် အသိအမှတ်ပြုခံရသူ အများအပြားသည် UNHCR ၏ အစီအစဉ်ဖြင့် ဥရောပ နှင့် အမေရိကတိုက် နိုင်ငံများသို့ သွားရောက် အခြေချနေထိုင်ခွင့် ရကြသည်။

မလေးရှားတွင် သွားရောက် အလုပ်လုပ်ကိုင်သူ  မြန်မာပြည်သား ၅ သိန်းခန့် ရှိမည်ဟု သိရသည်။ အလုပ်သမား အများအပြားကလည်း အန္တရာယ်ရှိဟန်ဆောင်ပြီး ဒုက္ခသည်အဖြစ် လျှောက်ထားကြသည်ဟု ဆိုသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်