စည်းကမ်း မလိုက်နာသူ ဦးပိုင်ဝန်ထမ်း ကြိမ်ဒဏ်ပေးခံရ

E-mail Print
မြန်မာ့ စီးပွားရေးဦးပိုင် လီမိတက်၏ လုပ်ငန်းတချို့တွင် စည်းကမ်း မလိုက်နာ သူများနှင့် လုပ်ငန်း တိုးတက်ရေး အတွက် ဆောင်ရွက် နိုင်ခြင်း မရှိသူ ဝန်ထမ်းများကို ကြိမ်ဒဏ်နှင့် ငွေဒဏ် ချမှတ် နေကြောင်း သတင်းရရှိသည်။

ဦးပိုင်၏ လုပ်ငန်းတခု ဖြစ်သော ဗန္ဓုလ သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းမှ အဓိပတိ (ပါရမီ) အထူးယာဉ် လိုင်းများတွင် စီးပွားရေး အရ အောင်မြင်မှု ရစေရန် အတွက် ယာဉ်မောင်းများနှင့် စပယ်ယာများကို ကြိမ်ဒဏ် ချမှတ် အရေးယူသည့် စနစ် ကျင့်သုံး ရကြောင်း အဆိုပါ လုပ်ငန်းမှ တာဝန် ရှိသူများက ဆိုသည်။

ရန်ကုန် မြို့တွင်း ပြေးဆွဲလျက် ရှိသော အဓိပတိ အထူး ယာဉ်လိုင်းများ အားလုံးတွင် မတ်လဆန်းပိုင်းမှ စတင်၍ သတ်မှတ် ၀င်ငွေ ပြည့်မီအောင် ရှာဖွေ မပေးနိုင်သော ယာဉ်မောင်းနှင့် ယာဉ်နောက် လိုက်များ၊ စည်းကမ်း လိုက်နာမှု မရှိသော ၀န်ထမ်းများကို ကြိမ်ဒဏ်နှင့် ငွေဒဏ် ချမှတ်နေကြောင်း အဆိုပါ ယာဉ်ဝန်ထမ်းများက ပြောသည်။

“ယာဉ်မောင်းတွေရော၊ ကားစပယ်ယာတွေရော ကြိမ်ဒဏ်ပေးတာ။ အဓိက အဓိပတိ အထူးလိုင်းကားတွေမှာ ခုံပြည့်ပဲ တင်ရမယ်လို့ သတ်မှတ်ထားတာကို မတ်တပ်ရပ်စီး ခရီးသည်တင်တာတွေ့ရင်၊ ယူနီဖောင်း သေသေချာချာမ၀တ်ရင်၊ တနေ့ သတ်မှတ်ငွေ မပြည့်ရင် ကြိမ်ဒဏ်ပေးတယ်” ဟု အဓိပတိယာဉ်လိုင်းမှ ယာဉ်မောင်းတဦးက ပြောသည်။

အဓိပတိယာဉ်လိုင်းသည် ပါရမီ အထူးယာဉ်လိုင်းဖြစ်သောကြောင့် ခုံပြည့်သာ တင်ရမည်ဟု သတ်မှတ်ထား သော်လည်း ယခု နောက်ပိုင်းတွင် အပြည့်အကျပ် တင်ကြကြောင်း ရန်ကုန် ခရီးသည်များက ဆိုသည်။

“စဆွဲခါစကတော့ ခုံပြည့်ပဲတင်တာ။ အဲယားကွန်းလည်း ဖွင့်တယ်၊ တီဗီလည်း ပြတယ်။ ခုနောက်ပိုင်းတော့ အပြည့်အကျပ် လိုက်သလောက် တင်တယ်။ လူတွေကလည်း ကျပ်ချင်ကျပ်ပါစေ၊ သွားချင်တဲ့ဆီ အမြန်ရောက်ချင်တော့ အတင်းလိုက်ကြတာပဲ” ဟု ရန်ကုန်မြို့တွင်း နေထိုင်သူ တဦးက ပြောသည်။

ကြိမ်ဒဏ်ပေးရာတွင် အဓိပတိ ယာဉ်လိုင်းများ၏ အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲရေး တာဝန်ရှိသူများ ကိုယ်တိုင် လူအများရှေ့တွင် ရိုက်နှက်ခြင်း ဖြစ်ကြောင်း၊ အပတ်စဉ် ကြိမ်ဒဏ်အရိုက်ခံရသူ အဓိပတိယာဉ်လိုင်းမှ ၀န်ထမ်း ၁၀ ဦးကျော်ရှိကြောင်း သိရသည်။

“ကြိမ်ဒဏ်ရိုက်ရင်တော့ ခွဲမှူးတွေ ကိုယ်တိုင်ရိုက်တာ။ အပြစ် အကြီး၊ အသေးပေါ်မူတည်ပြီး ရိုက်တာ။ အပြစ်တခုအတွက် အနည်းဆုံး သုံးချက်ရိုက်တယ်။ ရိုက်တဲ့ကြိမ်က တော်တော်လေးကြီးတယ်။ အထက်လူကြီးကို ပမာမခန့် လုပ်တာမျိုး ဆိုရင် ကြိမ်လုံးကို နှစ်ချောင်းပူးပြီး ရိုက်တာ” ဟု အဆိုပါ ယာဉ်လိုင်းမှ ယာဉ်နောက်လိုက် တဦးက ဆိုသည်။

အဓိပတိ ယာဉ်လိုင်းတွင် ယင်းသို့ ကြိမ်ဒဏ်ပေးသည့်စနစ်ကို ၀န်ထမ်းအများစုက ကျေနပ်မှု မရှိသော်လည်း ဗန္ဓုလ သယ်ယူပို့ဆောင်ရေး လုပ်ငန်း၏ မန်နေဂျင်း ဒါရိုက်တာ ဒုတိယဗိုလ်မှူးကြီး မျိုးမြင့်၏ညွှန်ကြားချက်ဖြင့် ဆောင်ရွက်ရခြင်း ဖြစ်သည့်အတွက် မလွန်ဆန်ရဲကြကြောင်း သိရသည်။

ယင်းအထူးယာဉ်လိုင်းတွင် ပြေးဆွဲနေသော ယာဉ်စီးရေ ၂၀၀ ကျော်ရှိပြီး ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ၀န်ထမ်း အများစုသည် ကြိမ်ဒဏ်ပေးသည့် စနစ်ကြောင့် အလုပ်ထွက် လိုသော်လည်း အလုပ်အကိုင် ရှားပါးသည့်အတွက် သည်းခံ လုပ်ကိုင်ကြရ သည်ဟု ယာဉ်မောင်းတချို့က ဆိုသည်။

ဗန္ဓုလ သယ်ယူပို့ဆောင်ရေးလုပ်ငန်း တာဝန်ရှိသူများကမူ ခရီးသွားပြည်သူများအတွက် ယခုကဲ့သို့ ၀န်ထမ်းများကို ကြိမ်ဒဏ်အပြစ် ပေးခြင်းဖြစ်သည်ဟု ပြောသည်။

“လိုင်းကားစီးတဲ့ ခရီးသည်တွေ အဆင်ပြေစေဖို့ ၀န်ထမ်းတွေကို ကြိမ်ဒဏ် အပြစ်ပေးတဲ့ စနစ်သုံးတာပါ။ ကြိမ်ဒဏ် ဆိုတာ ကလည်း အရမ်းရိုက်တာမျိုး မဟုတ်ပါဘူး” ဟု ဗန္ဓုလသယ်ယူပို့ဆောင်ရေး လုပ်ငန်း၏ အုပ်ချုပ်မှုဆိုင်ရာ အရာရှိတဦးက ပြောသည်။

အဓိပတိ ယာဉ်လိုင်း ၀န်ထမ်းများကို ကြိမ်ဒဏ် အပြစ်ပေးလျက်ရှိကြောင်း အဆိုပါ အထူးယာဉ် အားလုံးတွင် စာဖြင့် အသိပေးထားသည်။

ထိုကဲ့သို့ ဝန်ထမ်းများကို ကြိမ်ဒဏ်အပြစ်ပေးခြင်းအပေါ် ပြည်သူအများစုက နှစ်မြို့ခြင်း မရှိဘဲ အာဏာရှင်ဆန်သော လုပ်ရပ်အဖြစ် ရှုမြင်ကြသည်။

“ကြိမ်ဒဏ်ဆိုတဲ့အသံက နားထဲမှာ တမျိုးကြီးပဲ။ တခါမှ အဲဒီလို ဒဏ်မျိုး မကြားဖူးဘူး။ ကြိမ် ဒဏ်အစား တခြား ဒဏ်မျိုးတော့ ပြောင်းပေး သင့်တယ် ထင်တယ်။ စစ်တပ်က စီးပွားရှာတဲ့ နေရာမှာလည်း ရက်ရက်စက်စက် လုပ်တတ်တယ်ဆိုတာ ပြတာပဲ” ဟု ရန်ကုန်မြို့သား တဦးက ပြောသည်။

မြန်မာ့ စီးပွားရေးဦးပိုင် လီမိတက်သည် သယ်ယူပို့ဆောင်ရေး လုပ်ငန်း၊ သင်္ဘောလိုင်း လုပ်ငန်း၊ ဆိပ်ကမ်းများ၊ ဆီဆိုင်များနှင့် ဆီရောင်း ချသည့် လုပ်ငန်း၊ ဘဏ်လုပ်ငန်း အပါအ၀င် ပြည်သူပိုင် လုပ်ငန်း အများအပြားဖြင့် စစ်တပ်ရန်ပုံငွေ ရှာပေးနေသော စီးပွားရေး အစုအဖွဲ့ဖြစ်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်