NLD ရွေးကောက်ပွဲ ဝင်ရေး မဝင်ရေး မဲဆန္ဒရှင်များ သဘောထား ကွဲလွဲ

E-mail Print
ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါဝင်ယှဉ်ပြိုင် သင့်၊ မသင့် ဆိုသည့် မေးခွန်းဖြင့် လူ ၄၀၀ နီးပါးကို စစ်တမ်း ကောက်ယူခဲ့ရာ မဝင်သင့်ဟု ယူဆသူက အရေအတွက် အနည်းငယ် သာလွန်ကြောင်း တွေ့ရသည်။

မေးမြန်းခဲ့သူ ၃၇၄ ဦးအနက် ၁၆၆ ဦးမှာ မ၀င်သင့်ဟု ဖြေကြားခဲ့ပြီး ၁၄၆ ဦးမှာ ၀င်သင့်သည်ဟု ဖြေကြားကာ ကျန် ၆၂ ဦးမှာ အကျပ် အတည်းနှင့် ရင်ဆိုင် နေရသော NLD အပေါ် ဖိအားတခု ဖြစ်ပေါ်လာ မည်ကို မလိုလား ဟူသည့် အကြောင်း ပြချက်ဖြင့် မဖြေဆိုခဲ့ပေ။

အဆိုပါ စစ်တမ်းကို မတ်လ ၁၈ ရက်နေ့မှ ၂၃ ရက်နေ့ အထိ ရန်ကုန်မြို့နေ နိုင်ငံရေး နယ်ပယ်မှ မဟုတ်သည့် အရပ်သားနှင့် အစိုးရ ၀န်ထမ်းများ ဖြစ်ကြသော အသက် ၂၀ မှ အသက် ၄၀ အရွယ် အမျိုးသမီး၊ အမျိုးသား ၂၀၀ နှင့် အသက် ၄၀ အထက် အမျိုးသမီး၊ အမျိုးသား ၁၇၄ ဦးတို့ကို မေးမြန်း ကောက်ယူခဲ့ခြင်း ဖြစ်သည်။

“ရွေးကောက်ပွဲ ၀င်မယ်ဆိုရင် အခြေခံဥပဒေကို လက်ခံပါတယ်ဆိုတာ ဖြစ်သွားမယ်။ လူထုအတွက် လက်ခံလို့ မဖြစ်ဘူးဆိုတာကို နားလည်စွာနဲ့ မ၀င်သင့်ဘူးလို့ မြင်တယ်။ NLD ဟာ ဒီနေ့အထိ လူထုကို ကိုယ်စားပြုတဲ့ ပါတီပါ” ဟု အသက် ၄၀ အရွယ် ကျူရှင်ဆရာ တဦးက ပြောသည်။

အသက် ၃၅ နှစ်အရွယ် အင်ဂျင်နီယာ တဦးကလည်း NLDအနေနှင့် အစိုးရကို ရွှေဂုံတိုင်စာတမ်း ထုတ်ပြန် တောင်းဆိုခဲ့ကြောင်း၊ရွေးကောက်ပွဲ ၀င်မည်ဟု ဆုံးဖြတ်လိုက်ပါက ထိုစာတမ်းကို ဖျက်ပယ်သကဲ့သို့ ဖြစ်သွားနိုင်သောကြောင့် ပါတီ သိက္ခာအတွက် ရွေးကောက်ပွဲကို မ၀င်သင့်ကြောင်း ပြောဆိုသည်။

“ဒေါ်အောင်ဆန်းစုကြည်နဲ့ ထောင်ကျနေတဲ့ နိုင်ငံရေးသမားတွေကို ထုတ်ပစ်ရမှာဖြစ်တဲ့အတွက် မ၀င်သင့်ဘူး။ ဒါကို လက်မခံသင့်ဘူးလို့ ထင်တယ်” ဟု အသက်၂၇ နှစ်အရွယ် မဟာသိပ္ပံကျောင်းသားတဦးက ပြောသည်။

အသက် ၂၂ နှစ်အရွယ် အမျိုးသမီးတဦးကလည်း ရွေးကောက်ပွဲတွင် NLD အနေနှင့် လွတ်လပ်စွာ ပါဝင်ယှဉ်ပြိုင်ခွင့် ရမည် မဟုတ်သောကြောင့် မဝင်သင့်ကြောင်း ပြောဆိုသည်။

“ရွေးကောက်ပွဲ ၀င်မယ်ဆိုရင်လည်း အနိုင်ပေးမှာ မဖြစ်နိုင်တဲ့အတွက် မ၀င်တာ အကောင်းဆုံးပဲလို့ ထင်တယ်” ဟု အသက် ၄၀ အရွယ် အစိုးရ အရာရှိတဦးက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားများအား ပါတီဝင် အဖြစ်မှ ထုတ်ပယ်ရမည်ဆိုသည့်အချက်အပေါ် NLD အနေဖြင့် လက်မခံသင့်သောကြောင့် ရွေးကောက်ပွဲ မဝင်သင့်ဟု အများဆုံး ဖြေကြားကြပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေကို လက်မခံ သင့်သည့် အတွက် မ၀င်သင့်ပါဟု ဖြေဆိုကြသူများက ဒုတိယ အများဆုံး ဖြစ်သည်။

အသက် ၄၀ ၀န်းကျင်အရွယ် အိုင်တီပညာရှင်တဦးကမူ “ပါတီရပ်တည်နိုင်ဖို့ ရွေးကောက်ပွဲဝင်မှဖြစ်လိမ့်မယ်။ မဟုတ်ရင် ပါတီ ဖျက်သိမ်းခံရမှာ ဒါဟာ ဒီမိုကရေစီ လှုပ်ရှားမှုအတွက် အခက်အခဲဖြစ်သွားမှာ။ ဒါကြောင့် ၀င်မှ ဖြစ်မယ်” ဟု ဆိုသည်။

အသက် ၇၀ အရွယ် အငြိမ်းစား ကျောင်းအုပ်ဆရာကြီး တဦးကလည်း “ကျနော့်အမြင်ပြောရရင်တော့ ရွေးကောက်ပွဲ ၀င်ရမှာပါ။ လူထုက NLDဘက်မှာရှိတယ်။ ပါတီ ဖျက်သိမ်းခံရမယ်ဆိုရင် လူထု မျှော်လင့်ချက် ပိုမဲ့သွားလိမ့်မယ်။ ဒါကို စဉ်းစားတတ်ဖို့ လိုတယ်” ဟု ပြောသည်။

ရွေးကောက်ပွဲ ၀င်သင့်သည်ဟု ဖြေဆိုကြသူအများစုမှာ NLD ရပ်တည်ရေးအတွက် ဖြစ်ပြီး NLD ရှိနေမှသာ ဒီမိုကရေစီလှုပ်ရှားမှု တချို့ကို တရားဝင် ဆောင်ရွက်နေနိုင်မည် ဖြစ်သောကြောင့် ဟု ပြောကြသည်။

မဖြေကြားခဲ့သူ ၄၄ ဦးမှာမူ NLD ၏ ဆုံးဖြတ်ချက်ကိုသာ လေးစားထောက်ခံမည်ဖြစ်ပြီး ၎င်းတို့ တစုံတရာ ဖြေဆိုခဲ့လျင် ထိုအဖြေသည် NLD အပေါ် ဖိအားတခုဖြစ်မည်ကို မလိုလားဟု ဆိုကြသည်။

လာမည့် မတ်လ ၂၉ ရက်နေ့တွင် NLD ဗဟိုရုံးချုပ် ရွှေဂုံတိုင်၌ ရွေးကောက်ပွဲဝင်ရေး မဝင်ရေးနှင့် ပတ်သက်၍အဖွဲ့ဝင်များ မဲခွဲဆုံးဖြတ်ကြမည်ဖြစ်ပြီး ထိုမဲရလဒ်အတိုင်း ဆုံးဖြတ်မည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များက ပြောဆိုသည်။

အသက် ၄၇ နှစ်အရွယ် ကုန်သည်အမျိုးသမီးတဦးက “NLD အနေနဲ့ အခုအချိန်မှာ ဆုံးဖြတ်ရခက်တဲ့ အခက်အခဲကို ရင်ဆိုင်နေရချိန်ပါ။ ကျမတို့ ဆုံးဖြတ်ပေးတာထက် NLD ပါတီဝင်တွေပဲ ဆုံးဖြတ်ပါစေ။ သူတို့ ဆုံးဖြတ်သလို ကျမတို့ ထောက်ခံမှာပါ။ သူတို့က ကျမတို့ရဲ့ ခေါင်းဆောင်တွေပါ” ဟု ဖြေသည်။

“ကျနော်တို့ရဲ့ ထင်မြင်ချက်က သူတို့အပေါ် ဖိအားတခု ဖြစ်သွားနိုင်တဲ့အတွက် မဖြေသင့်ပါဘူး။ ပါတီဝင်တွေရဲ့ ဆုံးဖြတ်ချက်ကို လေးစားရမှာပါ” ဟု အသက် ၇၇ နှစ်အရွယ် အငြိမ်းစား စစ်မှုထမ်းဟောင်း တဦးက ဆိုသည်။

NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကမူ ၎င်း တဦးတည်းအနေနှင့် ပါတီဂုဏ်သိက္ခာကို ထောက်ထားကာ ပါတီ မှတ်ပုံ မတင်လိုကြောင်း သို့ရာတွင် အမိန့်ပေးခြင်း မဟုတ်ဘဲ ပါတီတွင်း၌ ဒီမိုကရေစီ နည်းကျ ဆုံးဖြတ်စေလိုကြောင်း ယမန်နေ့က ပြောကြားသည်။

NLD ပါတီသည် ၁၉၈၈ ခုနှစ်တွင် စတင် တည်ထောင်ခဲ့ပြီး ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် လူထုထောက်ခံမဲ အများဆုံးဖြင့် အနိုင်ရရှိခဲ့သည်။ ယခုအခါ နအဖ သတ်မှတ်ထားသည့် ရက်ပေါင်း ၆၀ အတွင်း ရွေးကောက်ပွဲ ဝင်ရန် မှတ်ပုံမတင်ပါက ပါတီကို ဖျက်သိမ်းရမည် ဖြစ်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်