မန်း သင်္ကြန် စီးပွားရေး ဆန်ဦးမည်

E-mail Print
ယခုနှစ် မန္တလေး သင်္ကြန်သည် ကြော်ငြာ လုပ်ငန်းရှင်များကို လုံးဝ အားထားရသည့် စီးပွားရေး သင်္ကြန်သာ ဖြစ်လာ လိမ့်မည်ဟု မန္တလေး ဒေသခံများက ဝေဖန် ပြောဆိုကြသည်။

သင်္ကြန်မဏ္ဍပ် ဆောက်လုပ်ရာတွင် စီးပွားရေးကုမ္ပဏီကြီးများ၏ ကမကထပြုမှုကို အားထားနေရသည့်အပြင်၊ ရေပက်ခံ ထွက်သူ များ အတွက်လည်း ငွေကြေးကုန်ကျစရိတ် ပိုမိုကြီးမြင့်လာသည်ဟု မန္တလေးမြို့ခံ စာရေးဆရာတဦးကဧရာဝတီသို့ ပြောသည်။

“Alpine သောက်ရေသန့်မဏ္ဍပ်က သိန်း ၂၅၀ ကျော်ကုန်တယ်၊ အဆိုတော်ငှားတာမပါသေးဘူး၊ အမျိုးသမီးတယောက် သင်္ကြန်မှာ ရေပက်ဖို့တောင် လေးရက်ကို ငါးသောင်း၊ ၆သောင်းကျနေပြီ၊ ပိုက်ဆံရှိမှလည်လို့ရတဲ့ စီးပွားရေးသင်္ကြန်”ဟု ၎င်းကဆိုသည်။

မန္တလေးသင်္ကြန်သည် ရိုးရာယဉ်ကျေးမှုလည်း ပျောက်ကွယ်နေပြီး ရန်ကုန်မြို့မှ နာမည်ကြီး အဆိုတော်များ၊ တီးဝိုင်းများနှင့် ကုမ္ပဏီ ကြီးများ၏ ဈေးကွက်သာဖြစ်နေကြောင်း၊ ယခုနှစ်တွင် စီးပွားရေးကျဆင်းပြီး ကုန်ကျစရိတ်များပြားခြင်းတို့ကြောင့်  ကုမ္ပဏီကြီး များ၏ ငွေကြေးထောက်ပံမှုမှာလည်း နည်းပါးလာကြောင်း အဆိုပါစာရေးဆရာက ပြောသည်။

မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီသို့ ရေကစားမဏ္ဍပ်ပေါင်း ၁၁၀ ခန့်တည်ဆောက်ရန် စာရင်းပေးသွင်းထားသော် လည်း ကုမ္ပဏီကြီးများက ထောက်ပံ့မှု မရှိသည့်အတွက် မဏ္ဍပ် ၃၉ ခုသာ တည်ဆောက်မည်ဟု သိရသည်။

မန္တလေးသင်္ကြန်ဆိုသည်မှာ ယခင်က ဆင်းရဲချမ်းသာမရွေး ပျော်ရွင်စွာရေကစားနိုင်ကြောင်း၊ ယခုအခါ မန္တလေး ကျုံးနံဘေးတွင် လူမျိုးခြား ငွေကြေးချမ်းသာသူများ၏ သင်္ကြန်သာဖြစ်နေကြောင်း စာရေးဆရာ ညီပုလေးကလည်း ပြောသည်။

“အရင်တုန်းက အုန်းလက်ကလေးရှိရင် ရေပက်လို့ရတယ်လေ၊ အခုတော့ ပိုက်ဆံရှိတဲ့ တရုတ်တွေရဲ့ ကြော်ငြာအပြည့် မဏ္ဍပ်ကြီး တွေနဲ့ သူတို့သင်္ကြန်ဖြစ်သွားပြီ”ဟု ၎င်းကဆိုသည်။

မြို့ခံ မန္တလေးသားများအနေဖြင့် ယခင်က ရပ်ကွက်များတွင် မဏ္ဍပ်များ ထိုးနိုင်သော်လည်း၊ ယခုအခါ  မြို့စွန် ရပ်ကွက်များ သို့ပြောင်းရွှေ့သွားခြင်း၊ စီးပွားရေးကျဆင်းခြင်းများကြောင့် မဏ္ဍပ်များဆောက်လုပ်၍ ရိုးရာအကများဖြင့် ဧည့်ခံရန် မလွယ်ကူ ကြောင်း ဆရာညီပုလေးက ဆိုသည်။

“ဟိုတုန်းက မန္တလေးက နဂါးဒေါ်ဦး ဆေးလိပ်ခုံ ဆိုတာ မြန်မာပြည်မှာ နာမည်ကြီးပဲ၊ သူ့အိမ်ရှေ့မှာ မဏ္ဍပ်ထိုးတာ သူ့ဆေးလိပ် ကြော်ငြာ တခုမှမပါဘူး၊ အခုခေတ်နဲ့ကွာတယ်”ဟု မန္တလေးမြို့ခံ စာရေးဆရာကလည်း ဝေဖန်သည်။

၁၉၈၈ ခုနှစ်မတိုင်မီက ရပ်ကွက်များတွင် ယိမ်းတိုက်ခြင်း၊ တီးလုံးတိုက်ခြင်း၊ သံချပ်တိုက်ခြင်းများနှင့် ဆူညံစည်ကားနေသော်လည်း ယခုအခါတွင် သင်္ကြန်အကြိုကာလ တေးသီချင်းများပင် ဖွင့်လှစ်ခြင်းမရှိကြောင်း လူရွှင်တော် ဦးလူမော်က ပြောသည်။

“အခုသင်္ကြန်က ရယ်ဒီမိတ် သင်္ကြန်လေ၊ အကြိုနေ့မှ ရန်ကုန်ကတီးဝိုင်းတွေ၊ ရုပ်ရှင်မင်းသမီး၊မော်ဒယ်တွေကလာမှာ ဘာယိမ်းမှ တိုက် စရာမလိုဘူး၊ စီးပွားရေးမကောင်းတော့လည်း စိတ်မ၀င်စားအားဘူး”ဟု ၎င်းကဆိုသည်။

ယခင်က မန္တလေးမြို့တွင် ဈေးချို၊ မြို့တော်ဝန်မဏ္ဍပ်၊ ဘူတာကြီး၊ နဂါးဒေါ်ဦး စသည့် မဏ္ဍပ်ကြီးများ ရှိကြောင်း၊ မြန်မာလုပ်ငန်းရှင် များအနေဖြင့် မဏ္ဍပ်မထိုးနိုင်တော့ဘဲ လူမျိုးခြားစီးပွားရေးလုပ်ငန်းရှင်များ တည်ထောင်ထားသည့် မဏ္ဍပ်ကြီးများတွင် ကခုန်ရုံသာ တတ်နိုင်တော့ကြောင်း ဦးလူမော်ကပြောသည်။ မန္တလေးကျုံးနံဘေး မဏ္ဍပ်များတွင် ဟစ်ပ်ဟော့ပ် အဆိုတော်များ၊ ဒီဂျေ ဂီတများသာခေတ်စားနေသည့်အတွက်  မန္တလေးမြို့မ တူရိယာ အသင်းကြီးအနေဖြင့်လည်း မန္တလေးမြို့သားများ ကြိုက်နှစ်သက်ခဲ့သည့် မန်းတောင်ရိပ်ခို၊ တူးပို့တူးပို့ အစရှိသည့် သီချင်းများ သီဆိုနိုင်ရန် ဖိတ်ကြားထားသည့် အိမ်များသို့သာ လိုက်လံဖျော်ဖြေနေရသည်ဟု မန္တလေးသား စာရေး ဆရာက ပြောသည်။

“အခုခေတ်က ယိမ်းကရင် ဆင်းပါတော့ဗျို့လို့အော်တဲ့ခေတ်ဆိုတော့ သင်္ကြန်မှာ မူမပျက်ရအောင်သာ မြို့မက ထွက်နေရတာ”ဟု ၎င်းကဆိုသည်။

DJ ဂီတပညာကို သင်ကြားနေဆဲ သူတယောက်ကို မန္တလေးသင်္ကြန်တွင် ငှားရမ်းလျှင် ကျပ်သိန်း ၂၀ ပေးရကြောင်း၊ မြို့မတီးဝိုင်းမှ အဖွဲ့သားများသည် အခကြေးငွေ ရရှိခြင်းမရှိကြောင်း မန္တလေးမြို့သား စာရေး ဆရာက နှိုင်းယှဉ်ပြောပြသည်။

ယခင်က မန္တလေးမြို့တွင် သင်္ဂဟ၊ ရှုတိုင်းယဉ်၊ မိုးကေသီ၊ သိင်္ဂီ တေးချစ်သူ၊ ထီလာမောင် စသည့် သင်္ကြန်တေးဂီတ၀ိုင်းများ အပြင်၊ သံချပ်ဝိုင်းများ အဖြစ် ဗိုလ်ဆရာသခင်၊ မဟောသဓာ အဖွဲ့များရှိခဲ့သည်။

မန္တလေးယဉ်ကျေးမှု သင်္ကြန်ဆိုသည်မှာ အလှပြကားတွင် မြန်မာတူရိယာ ဆိုင်းဝိုင်းများ၊ လေမှုတ်တူရိယာများနှင့် ညီညီညာညာက နိုင်ရန် တလကိုးသီတင်း ယိမ်းတိုက်ခဲ့ရကြောင်း၊ ယနေ့ခတ်တွင် သင်္ကြန်နားနီးမှ သတင်းစာများတွင် အကသင်တန်းများ ခေါ်ယူ၍  နိုင်ငံခြားအကများကိုသာ ကပြကြောင်း၊ ပိုက်ဆံရှိမှသာ မဏ္ဍပ်အပေါ်တက်၍ ရေကစားနိုင်သည့် စီးပွားရေးသင်္ကြန်ဖြစ်ကြောင်း ဆရာညီပုလေးက သုံးသပ်ပြောဆိုသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်