“မန္တလေးသား စစ်စစ်ကြီးပါဗျာ” ပြဇာတ် လူကြိုက်များ

E-mail Print
မန္တလေးမြို့တွင် တရုတ်လူမျိုးများ စိုးမိုးထားကာ မန္တလေးသားအစစ် မြန်မာများ အရာမရောက် ဖြစ်နေရသည်ကို  သရော် ထားသည့် “မန္တလေးသားစစ်စစ်ကြီးပါဗျာ” တခန်းရပ်ပြဇာတ်အား ကြည့်ရှုသူ ပရိသတ်များက နှစ်ခြိုက်အားပေး ကြကြောင်း သိရသည်။

“ဒီပြဇာတ်ကို ကိုယ့်အမျိုးကိုယ် ချစ်ကြတဲ့သူတွေ စိတ်ဝင်စားကြတယ်။ ပရိသတ်လက်ခံတယ်။ အဓိကကတော့ ခေါင်က မလုံတဲ့ ကိစ္စလို့ ခံစားရတယ်။ တိုင်းတပါးကလူတွေ ကိုယ့်မြန်မာပြည်ထဲ ၀င်လာလို့ရတဲ့ အပေါက်တွေက လုံခြုံအောင် ပိတ်ထားတဲ့သူတွေ အတွက် အရမ်းလုံခြုံပြီး ဖွင့်ထားတဲ့သူတွေအတွက်ကျတော့ ချောချောမောမော ၀င်လို့ရလို့ ဒီလိုဖြစ်လာတာပါပဲ”ဟု မန္တလေးမြို့မှ စာရေးဆရာ ညီပုလေးက ဧရာဝတီကိုပြောသည်။

mandalaytharအဆိုပါ ပြဇာတ်ကို မန္တလေးမြို့ နှစ် ၁၅၀ ပြည့်အကြိုဖျော်ဖြေပွဲအဖြစ် အော်ပရာပြဇာတ်များ၊ မန္တလေးမြို့တည် နန်းတည် ကဇာတ်ကြီး၊ အငြိမ့်၊ တပင်တိုင်၊ မြို့မ တူရိယာအသင်းကြီး၏ ရွှေမန္တလေး ဂီတအလင်္ကာတေးပဒေသာ စသည်တို့နှင့်အတူ  မန္တလေးမြို့ အမျိုးသားကဇာတ်ရုံ၌ ၃ ရက်တိုင် ဖျော်ဖြေခဲ့သည်။

မန္တလေးသားစစ်စစ်ကြီးပါဗျာ ပြဇာတ်တွင် မန္တလေးသို့ မရောက်သည်မှာ နှစ်အတန်ကြာပြီဖြစ်သည့် မြေးအဘိုး တစုတို့ မန္တလေးသို့ ဘုရားဖူး လာရင်း လမ်းပျောက်နေစဉ် တရုတ်သံဝဲနေသူ တဦးက မန္တလေးမြို့တွင် လက်ရှိ ဖြစ်ပျက်နေသော ကိစ္စရပ်များ၊ မြို့ နှင့်ပတ်သက်သော သမိုင်းကြောင်း၊ မြို့တွင်ရှိသည့် ထင်ရှားသောနေရာ ဒေသများ အကြောင်းကို ရှင်းပြကာ ၎င်းရှင်းပြသမျှကို ဗဟုသုတ နည်းပါးသော မြန်မာ တောသား မြေး၊ အဘိုးတို့က တအံ့တသြဖြင့် နားထောင်ရပုံကို ဟာသ နှော၍ တင်ဆက် ထားသည်။

မြေးအဘိုးများကို ရှင်းပြပေးသည့် အဆိုပါ တရုတ်သံဝဲနေသူမှာ မြန်မာလူမျိုး မန္တလေးသားအစစ်ဖြစ်နေပြီး တရုတ်လူမျိုးများဖြင့် တမြို့တည်းတွင် အတူတူနေရ၊ စီးပွားရေးအတုခိုးရလွန်းသောကြောင့် တရုတ်စကားပြောများ ကျက်မှတ်နေရသဖြင့် ထိုကဲ့သို့ စကားဝဲ သွားခြင်းဖြစ်သည်ဟု အဆုံးသတ်ထားသည်။

“ကောင်းပါတယ်။ ပရိတ်သတ်တွေ အနေနဲ့ တရုတ်တွေက မန္တလေးသားတွေဖြစ်နေကြတယ် ဆိုတာကို သဘောပေါက်ကြပါတယ်” ဟု ရန်ကုန်အခြေစိုက် ပေါ့ပ်ဂျာနယ်တစောင်မှ အယ်ဒီတာချုပ်တဦးက ဧရာဝတီကိုပြောသည်။

အဆိုပါ ပြဇာတ်ဖျော်ဖြေမှု မှတ်တမ်းခွေအား မန္တလေးမြို့နယ် စည်ပင်သာယာရေးကော်မတီမှ ရန်ပုံငွေ အမှတ်တရအဖြစ် ပြန်လည် ဖြန့်ချိကြောင်း သိရသည်။

ဗီဒီယိုဝက်ဘ်ဆိုဒ် www.vimeo.com နှင့် မန္တလေးမီဒီယာ ဘလော့  http://mdymedia.blogspot.com  တွင် အဆိုပါ ပြဇာတ်ကို ကြည့်ရှုနိုင်သည်။

“မန္တလေးသား စစ်စစ်ကြီးပါဗျာ” ပြဇာတ် ရေးသားသူမှာ မန္တလေးမြို့မှ လူရွှင်တော် ချစ်စရာ ဖြစ်ပြီး ယင်းပြဇာတ်တွင် ဒီပါ၊ ချစ်စရာ၊ ချိုတူး၊ ဉာဏ်ပွင့်၊ သာလောင် တို့ပါဝင်ကပြ ထားသည်။

“ဒီလို အလှည့်မျိုးလေး လှည့်လိမ့်မယ်လို့မထင်ဘူး။ ဒီပြဇာတ်လေး လှည့်ထားတာက လှတယ်။ လက်ရှိခေတ်ကို ထင်ဟပ်စေမယ့် ပြဇာတ်မျိုးတွေ၊ စာပေမျိုးတွေကို အခွင့်သာရင် ရေးကြဖို့ တိုက်တွန်းချင်ပါတယ်” ဟု စာရေးဆရာ ညီပုလေးက ဧရာဝတီကိုပြောသည်။

“ဒီပြဇာတ်ကို တိုင်းမှူးကော၊ မြို့တော်ဝန်ကော သဘောကျလို့ ၂ ရက်ဆက်တိုက် လာကြည့်တာပဲ။ သူတို့လည်း ဒါကြိုက်ရုံပဲ ကြိုက်နိုင်တယ်။ ဘာတတ်နိုင်မှာလဲ” ဟု အဆိုပါ ပွဲဖြစ်မြောက်ရေးမှ တာဝန်ရှိသူတဦးက ဧရာဝတီကိုပြောသည်။

အဆိုပါ ပြဇာတ်ကို ကြည့်ခွင့်ရခဲ့သည့် ရန်ကုန်မြို့မှ ပရိသတ်တဦးက “ဒီပြဇာတ်က ခေတ်ကိုထင်ဟပ်စေနိုင်တဲ့ ပြဇာတ်တခုလည်း ဖြစ်တယ်။ ကိုယ့်လူမျိုးတွေ ဘယ်လို နေထိုင်နေရတယ် ဆိုတာလည်း သိရှိခံစားမိတဲ့အတွက် စိတ်မကောင်းဖြစ်မိတယ်” ဟု ဆိုသည်။

၎င်းပြဇာတ်နှင့် ပတ်သက်၍ အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်ဒီစီရောက် မြန်မာတဦးကလည်း “အရင်က ကိုယ့်နိုင်ငံ၊ ကိုယ်မြို့၊ ကိုယ့်ဘာသာစကားနဲ့ ယဉ်ကျေးမှုမြို့တော်ကြီးက အခုဆိုရင် တရုတ်ပြည်နဲ့တူနေပြီ ဆိုတဲ့ အဓိပ္ပာယ်ကို ဒီပြဇာတ်က ထင်ဟပ် ပြနိုင်ခဲ့တယ်။ အဲဒီလိုပြောင်းလဲသွားတာကို တွေ့မြင်ရတဲ့အတွက်လည်း ၀မ်းနည်းမိတယ်” ဟု ပြောသည်။

မြန်မာလူမျိုး မန္တလေးသားများအနေဖြင့် အလုပ်အကိုင် စီးပွားရေး ကျဆင်းလာသဖြင့် ငွေကြေး အခက်အခဲရှိလာရာ ပွဲလမ်းသဘင်များ၊ စားသောက်ဆိုင်များမှာ ငွေကြေးတတ်နိုင်သည့် တရုတ်လူမျိုးများ အကြိုက်ကို လိုက်၍  ၀န်ဆောင်မှု ပေးလာကြကြောင်း သိရသည်။

“အခုလို မန္တလေးနှစ် ၁၅၀ ပြည့် ပွဲလိုမျိုးဆို ကြည့်မယ့်သူ မရှိဘူး။ တရုတ်တွေကမှ မကြည့်တာ။ ကိုယ့်လူမျိုးတွေကလည်း မကြည့်နိုင်ဘူးလေ။ ရှိုးပွဲများလာလုပ်လို့ကတော့ လက်မှတ်ကို မကျန်ဘူး ကုန်တာပဲ။ ဥပမာ- တန်ဆောင်မုန်းလပြည့်နေ့ မန္တလေးသားအစစ်တွေက ကထိန်ခင်းပြီး အငြိမ့်ကြည့်နေရမယ့် အချိန်မျိုးမှာ သူတို့က ဟိုတယ်ကြီးတွေမှာ မော်ဒယ်ရှိုးပွဲတွေနဲ့။ အဲဒီလိုနေရာတွေမှာ သုံးနိုင်တာကလည်း သူတို့ပဲရှိတာကိုး” ဟု မန္တလေးမြို့မှ စာရေးဆရာတဦးက ဧရာဝတီကိုပြောသည်။

မန္တလေးသင်္ကြန်ပွဲတော်တွင်လည်း သင်္ကြန်မဏ္ဍပ်ဆောက်၍ ပျော်ပါးနေကြသူများ၊ ရေပက်ခံထွက်ကြသူအများစုမှာ တရုတ် လူမျိုးများဖြစ်ကာ လမ်းဘေးက ရေခဲရေထိုင်သောက်ပြီး သရက်ချဉ်ထိုင်စားကာ အဆိုပါ ရေပက်ခံကားများနှင့် မဏ္ဍပ်ကို ထိုင်ကြည့်နေကြရသူများမှာ ဗမာလူမျိုးများသာဖြစ်ကြောင်း ထိုင်းနိုင်ငံရောက် မန္တလေးသားတဦးဖြစ်သူ ကိုစိုးနိုင်က ဧရာဝတီကို ပြောသည်။

တရုတ်လူမျိုးများအနေဖြင့် ငွေအား၊ လူအားဖြင့် ၀င်ရောက်လာခြင်းဖြစ်ရာ နောက်ပိုင်းတွင် မြန်မာလူမျိုးများ ၎င်းတို့ လက်အောက်သို့ ရောက်သွားမည့်အဖြစ်မျိုး၊ ရိုးရာယဉ်ကျေးမှုများအား လွှမ်းမိုးလာမည့်အဖြစ်မျိုးမှာ စိုးရိမ်ဖွယ်ရှိကြောင်း စာရေးဆရာ ညီပုလေးက သုံးသပ်သည်။

ယခင်က စာပေပညာရှင်များ အနေဖြင့် ရိုးရာအမွေအနှစ် ယဉ်ကျေးမှုဘက်မှ ရပ်တည်ရေးသားသည့် စာပေများ ရေးသား ခဲ့ကြသကဲ့သို့ ယခုနောက်ပိုင်းတွင်လည်း ယင်းကဲ့သို့ ယဉ်ကျေးမှုများကို ဖော်ထုတ် ရေးသားကြမည့် သူများ လိုအပ်သည်ဟု သူက ဆက်ပြောသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်