ရတနာပုံနှင့် ရန်ကုန်ယူနိုက်တက် ပွဲစဉ် လုံခြုံရေး စိုးရိမ်

E-mail Print
ရတနာပုံ FC ဘောလုံး အသင်းနှင့် ရန်ကုန် ယူနိုက်တက် အသင်းတို့ လာမည့် စနေနေ့တွင် မန္တလေးမြို့ ဗထူးကွင်း ၌ ယှဉ်ပြိုင်မည့် မြန်မာ နေရှင်နယ်လ် လိဂ် (MNL) ပွဲစဉ် လုံခြုံရေးနှင့် ပတ်သက်၍ ဘောလုံး ၀ါသနာရှင်များက စိုးရိမ်မကင်း ဖြစ်နေကြာင်း သိရသည်။

ဗုံးပေါက်ကွဲမှုများ ဖြစ်ပွား ပြီးနောက် ယခုကဲ့သို့ လူစုလူဝေး များနှင့် ပြိုင်ပွဲများ ကျင်းပခြင်းသည် အန္တရယ် များပြားကြောင်း၊ ယင်း အသင်း နှစ်သင်းသည် ပြိုင်ဘက် ဟောင်းများ ဖြစ်သည့် အတွက် ရုန်းရင်း ဆန်ခတ်မှုများ မဖြစ်ပွားစေရန် ပိုမို ဂရုစိုက်ရမည် ဖြစ်ကြောင်း မန္တလေးမြို့ခံ တဦးက ပြောသည်။

“ဘောလုံးပွဲ ရသကို နားလည် သူထက်၊ ကုမ္ပဏီတို့ ဘောလုံး အသင်းတို့ကို မျက်နှာလိုအားရ အားပေးဖို့ ခေါ်လာတဲ့သူ များတယ်၊ အဲ့သည်တော့ အပြန်အလှန် ဆဲကြ ဆူကြ နဲ့ ဆူမယ့် ပွဲစဉ်ပဲ”ဟု ၎င်းကဆိုသည်။

ယခုအခါ မန္တလေးမြို့တွင် ကားဂိတ်၊ မီးရထားဘူတာရုံနှင့် သဘောင်္ဆိပ် စသည့်နေရာများ အပါအ၀င် လုံခြုံရေးများ တင်းကျပ်စွာ ချထားပြီး ခရီးသွားယာဉ်များကိုလည်း စစ်ဆေးမှုများ ပြုလုပ်နေကြောင်း အဆိုပါ မြို့ခံကပြောဆိုသည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ပြန်ကြားရေးတာဝန်ခံ ဦးစိုးမိုးက“ဘောလုံးအဖွဲ့ချုပ်နဲ့ သက်ဆိုင်ရာဒေသ အာဏာပိုင်တွေ ပူးပေါင်း ပြီး လုံခြုံရေးကို အဘက်ဘက်က စီစဉ်ထားတယ်”ဟု ဆိုသည်။

ယခု MNL ပွဲစဉ်ကစားမည့် ဗထူးကွင်းကိုလည်း ပရိသတ်မှ ကွင်းအတွင်း အရာဝတ္တုများနှင့် မပစ်ပေါက်နိုင်စေရန် ပေ၂၀ အမြင့်ရှိ စတီးတိုင်များထောင်၍ ပိုက်များကာရံခြင်းကို ပြုလုပ်နေကြောင်း၊ ကွင်းလယ်ဒိုင်နှင့် အကူဒိုင်များကိုလည်း တိကျ ဖျတ်လတ်ပြီး စည်းကမ်းရှိသူကိုသာ တာဝန် ပေးမည်ဖြစ်ကြောင်း၊ အဖွဲ့ချုပ်တာဝန်ရှိသူ အများစုလည်း သွားရောက်ကြီးကြပ်မည်ဖြစ်ပြီး ရေသန့် ဘူး နှင့် အခြားအရာဝတ္တုများ ယူခွင့်ကိုလည်း တင်းကျပ်စွာ တားမြစ်ရှာဖွေမည်ဖြစ်ကြောင်း ဦးစိုးမိုးက ရှင်းပြသည်။

ထို့အပြင် စာနယ်ဇင်းသမားများနှင့် ပတ်သက်၍ အဖွဲ့ချုပ်မှ ထုတ်ပေးသည့် အသိအမှတ်ပြု ကတ်ပါသူများကိုသာ သတင်းယူခွင့်၊ ကင်မရာယူဆောင်ခွင့် ပြုမည်ဖြစ်ကြောင်း၊ ဗီဒီယိုရိုက်ကူးခွင့်ကို အဖွဲ့ချုပ်နှင့် မြန်မာ့ရုပ်မြင်သံကြားတို့မှသာ ရိုက်ကူးခွင့်ပြုမည် ဖြစ်ကြောင်းလည်း ဆက်လက်ပြောပြသည်။

ရန်ကုန်ယူနိုက်တက်အသင်းက ယခုပွဲစဉ်အတွက် လိုက်ပါအားပေးနိုင်ရန် ပရိသတ် ၃၀၀၀ ကို မန္တလေးမြို့သို့ စရိတ်ငြိမ်းခေါ် ဆောင်သွားမည်ဖြစ်ကြောင်း၊ မန္တလေးတောင်နှင့် မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကြီးကိုပါ ဖူးမျှော်နိုင်ရန် စီစဉ်ပေးမည်ဖြစ်ပြီး ညစာ ထမင်းဟင်းအပြင် မုန့်တီ၊ ရှမ်းထမင်း၊ ကြာဆံကြော်၊ ခေါက်ဆွဲကြော်၊ ထမင်းကြော်များ ကျွေးမွေးမည်ဟု  အသင်း အင်တာ နက်စာမျက်နှာ တွင်ဖော်ပြထားသည်။

ပြီးခဲ့သည့် နှစ် မန္တလေးမြို့တွင် ကျင်းပခဲ့သည့် ရန်ကုန်ယူနိုက်တက်နှင့် ရတနာပုံ FC ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားသည့် ပွဲစဉ်များတွင် နှစ်ဘက်ပရိသတ် အပြန်အလှန် ခိုက်ရန် ဖြစ်ပွားခဲ့သည်။

တတိယအကြိမ် ကျင်းပသည့် ယခု MNL ပွဲစဉ်များကို ပြီးခဲ့သည့် မတ်လ ၁၃ရက်နေ့မှ စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး စုစုပေါင်း အသင်း ၁၁ သင်း ၀င်ရောက်ယှဉ်ပြိုင် ကြသည်။

ပြီးခဲ့သည့် အင်္ဂါနေ့ထုတ် First Eleven အားကစားဂျာနယ်တွင် မကြာသေးမီက မြန်မာ့ရုပ်မြင်သံကြားမှ ထုတ်လွှင့်ပြသသည့်  ရန်ကုန်နှင့် မကွေး ပွဲစဉ်တွင် ရန်ကုန် ယူနိုက်တက်ပရိသတ်က ရတနာပုံအသင်း၏ အမည်ကို ထုတ်ဖော် ဆဲဆိုခဲ့ကြောင်း၊ ယခု ကဲ့သို့ လူစုလူဝေးကို မည်သူက တာဝန်ယူမည်ကို မသိကြောင်း၊ ပရိသတ်ကို အလုံးအရင်းဖြင့် မန္တလေး မြို့သို့ခေါ်လာခြင်းသည် အန္တရယ်များကြောင်း ရေးသားထားသည်။

ဘောလုံးပွဲ လုံခြုံရေးနှင့် ပတ်သက်၍ မန္တလေးတိုင်းရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတဦးကလည်း ရန်ကုန်ယူနိုက်တက်မှ ခေါ်ဆောင် လာမည့် ပရိသတ် အင်အားမှာ များပြားသည့်အတွက် လုံခြုံရေးအရ လူဦးရေ ၁၀၀၀ အထိသာ တာဝန်ယူနိုင်မည်ဖြစ်ကြောင်း၊ လုံခြုံရေး အစီအမံများကိုလည်း တိုးမြှင့် ချထားမည်ဖြစ်ကြောင်း ဧရာဝတီသို့ပြောသည်။

ဗုံးပေါက်ကွဲမှုဖြစ်ပြီးနောက် ဘောလုံးကွင်းအတွင်းသာမက အပြင်စည်း လုံခြုံရေးကို ပိုမိုဂရုစိုက်ရမည်ဖြစ်ကြောင်း၊ ဘောလုံးသမား များအနေဖြင့်လည်း ယမန်နှစ်ကကဲ့သို့ ပရိသတ်အချင်းချင်းရန်ဖြစ်မှုများ ရှိခဲ့လျှင်လည်း ဘောလုံးစည်းမျဉ်းအရ ပရိသတ်မပါဘဲ ဘောလုံးကန်ရမည်ဟု အပြစ်ပေးရန်သာရှိတော့ကြောင်း ၀ါရင့်အားကစားကလောင်ရှင် ဦးခင်မောင်ထွေးကဆိုသည်။

ထို့အပြင် ယခုပွဲစဉ်တွင် ဘောလုံးသမားများ အနေဖြင့် ပြီးခဲ့သည့် သင်္ကြန်ကာလအတွင်း ရန်ကုန် ဗုံးပေါက်ကွဲမှုတွင် သေဆုံးသွား သည့် သူများအတွက် ကွင်းအတွင်း ၀မ်းနည်းခြင်းအထိမ်းအမှတ်တခုခု ပြုလုပ်နိုင်လျှင် နှစ်ဘက်ပရိသတ်အကြားတွင် တင်းမာမှု ပြေလျော့သွားမည်ဟု ထင်ကြောင်းလည်း ၎င်းက ပြောသည်။

ပြီးခဲ့သည့် သင်္ကြန်အကြတ်နေ့က ရန်ကုန် ကန်တော်ကြီး ပတ်လမ်းရှိ X2O ရေကစား မဏ္ဍပ်အနီး ဗုံး ၃ လုံးဆက်တိုက် ပေါက်ကွဲ မှုကြောင့် လူ ၈ ဦး သေဆုံး၍ ထိခိုက်ဒဏ်ရာရရှိသူ စုစုပေါင်း ၁၇၀ ရှိကြောင်း အစိုးရက တရားဝင် ထုတ်ပြန်ထားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်