နေဘုန်းလတ် လွတ်လပ်စွာ ထုတ်ဖော် ရေးသားခွင့် ဆုရ

E-mail Print
ကရင်ပြည်နယ်၊ ဘားအံ ထောင်တွင် နှစ်ရှည် ထောင်ဒဏ် ကျခံနေရသည့် ဘလော့ဂါ ကိုနေဘုန်းလတ်အား ရွှေကလောင်ဆု ချီးမြှင့်သည့် အခမ်းအနားကို ဧပြီ ၂၇ ရက်နေ့က အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ကျင်းပကြောင်း သိရသည်။

ထောင်ဒဏ် ၁၂ နှစ် ချခံထားရသော အသက် ၂၉ နှစ် အရွယ်ရှိ ကိုနေဘုန်းလတ် (ခေါ်) ကိုနေမျိုးကျော်ကို လွတ်လပ်စွာ ထုတ်ဖော် ရေးသားခွင့် အတွက် ကြိုးပမ်းခဲ့ သောကြောင့်၂၀၁၀ ရွှေကလောင်ဆု (2010 PEN/Barbara Goldsmith Freedom to Write Award) ကို ပေးအပ်ခြင်း ဖြစ်ကြောင်း အမေရိကန် အခြေစိုက် PEN American Center ၏ ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

ကိုနေဘုန်းလတ်၏ မိခင် ဒေါ်အေးအေးသန်းက “မိခင် တယောက် အနေနဲ့ ပြောမပြ တတ်အောင် ဝမ်းသာမိပါတယ်၊ ဆုရတယ်လို့ သိရပြီး တဲ့နောက် သားနဲ့ မတွေ့ရသေးပါဘူး၊ ဒါပေမယ့် တဆင့် သိရတာ ကတော့ ဒီစာပေနဲ့ ဆိုင်တဲ့ဆု ရတဲ့အတွက် သူအတော်လေး ဝမ်းသာ နေတယ်လို့ ဆိုပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။

ထောင်တွင်းမှ ကိုနေဘုန်းလတ်က“ကမ္ဘာတလွှားက လွတ်လပ်စွာ ရေးသားခွင့်ကို မွတ်သိပ်နေသူတွေ၊ မတရား ချုပ်ချယ် ခံထားရတဲ့ စာရေးသူတွေအတွက် ဒီဆုက ကိုယ်စားပြုပါတယ်”ဟု သတင်းစကားပါးကြောင်း PEN American Center ၏ သတင်း ထုတ်ပြန်ချက်တွင်လည်း ဖော်ပြထားသည်။

ကိုနေဘုန်းလတ်ကို ၂၀၀၈ ခုနှစ် နိုဝင်ဘာလတွင် ရန်ကုန်အင်းစိန် ထောင်တွင်းရှိ အနောက်ပိုင်း ခရိုင် တရားရုံးက ဗီဒီယို အက်ဥပဒေ၊ အီလက်ထရွန်နစ် အက်ဥပဒေများဖြင့် စုစုပေါင်း ပြစ်ဒဏ် အနှစ်၂၀ နှင့် ၆ လ ချမှတ်ခဲ့သည်။ ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီတွင် ရန်ကုန်တိုင်း တရားရုံးက ပုဒ်မ ၂ ခုအတွက် ထောင်ဒဏ် ၈ နှစ်နှင့် ၆ လ လျှော့ချပေးခဲ့သည်။

ဒေါ်အေးအေးသန်းက နေဘုန်းလတ်ကို ဧပြီ ၂ ရက်နေ့က နောက်ဆုံး ထောင်ဝင်စာတွေ့ခဲ့ပြီး ကျန်းမာရေး ကောင်းမွန်လျက် ရှိကြောင်း၊ တလတကြိမ် တွေ့ခွင့် ရသဖြင့် မေလအစောပိုင်းတွင် ထပ်မံ သွားတွေ့ဦးမည် ဖြစ်ကြောင်း ဆက်လက်ပြောပြသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အဖွဲ့ဝင်လူငယ်တဦးဖြစ်သူ ကိုနေဘုန်းလတ်သည် ရန်ကုန်တွင် အင်တာနက်ဆိုင်များ ဖွင့်လှစ်ကာ စီးပွားရေးလုပ်ငန်း လုပ်ကိုင်ခဲ့သည်။

၂၀၀၃ ခုနှစ်မှ စ၍ စပယ်ဖြူမဂ္ဂဇင်းတွင် နေဘုန်းလတ်၊ နေမျိုး (သံလွင်) ကလောင်အမည်များဖြင့်လည်း ဆောင်းပါးများ ရေးဖူး သည်။ သံလွင်အိပ်မက် အွန်လိုင်း မဂ္ဂဇင်း၏ အယ်ဒီတာလည်း ဖြစ်သည်။

နာမည်ကြီး ဘလော့ဂါ မင်းဒင်က“သူ့ရဲ့ စာပေအရေးအသားနဲ့ ခံယူချက်ကို လေးစားပါတယ်၊ ဒီဆုကို ရတဲ့အတွက် ဝမ်းမြောက်တာနဲ့ အတူ သူခံစားနေရတဲ့ အကျဉ်းခံဘဝ အတွက် ကိုယ်ချင်းစာမိပါတယ်”ဟု ပြောသည်။

ကိုနေဘုန်းလတ်၏ မိတ်ဆွေလည်း ဖြစ်၊ နာမည်ကျော် ဘလော့ဂါ ကဗျာဆရာလည်း ဖြစ်သူ မိုးလှိုင်ည ကလည်း“ဆု ရတယ် ဆိုတာ ၀မ်းမြောက်ဂုဏ်ယူမိပါတယ်၊ နောက်ပြီး မြန်မာ ဘလော့ဂါ တယောက်က ဒီ ဆုမျိုးရတယ်ဆိုတော့ လွတ်လပ်မှုနဲ့ တရားမျှတမှုအတွက် ကီးဘုတ်ပေါ်ကနေ အမှန်တရားဆီ ချီတက်နေတဲ့ ဘလော့ဂါတွေ၊ Citizen Journalist တွေ အတွက် လည်း ခွန်အား တရပ်ဖြစ်စေပါတယ်”ဟု ဆိုသည်။

PEN American Center အကြီးအကဲ ကွာမီ အန်ထော်နီ အပီယာ့ (Kwame Anthony Appiah) က “နေဘုန်းလတ်ဟာ ယနေ့ခေတ်မှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ခြိမ်းခြောက်နေတဲ့ အင်တာနက် တင်းကျပ်မှုဆိုတဲ့ ကမ္ဘာနဲ့ ချီနေတဲ့  အမှန်တရားကို ထင်ဟပ်နေတဲ့ ဘလော့ဂါ ဖြစ်ပါတယ်”ဟု ဆိုသည်။

PEN American Center ၏ လွတ်လပ်စွာ ရေးသားခွင့် အစီအစဉ် ညွှန်ကြားရေးမှူး လာရီ ဆင်းမ် (Larry Siems) က ရွေးကောက်ပွဲ မတိုင်မီ နေဘုန်းလတ်နှင့် နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးအတွက် အိုဘားမား အစိုးရအနေဖြင့် စစ်အစိုးရကို ဖိအားပေးရန် ရွှေကလောင်ဆုပေးပွဲ အခမ်းအနားတွင် တိုက်တွန်းပြောဆိုသွားသည်။

“ကျနော်လွတ်ကျခဲ့တဲ့ မြို့တော်” အမည်ရှိ ဘလော့ဂ်ကို ရေးသားသူ နေဘုန်းလတ်အတွက် ပြည်တွင်း ပြည်ပ ဘလော့ဂါ မိတ်ဆွေများက Free NPL (နေဘုန်းလတ် လွှတ်ပေး) ဟူသော ဘလော့ဂ်တခုကိုလည်း အမှတ်တရ ပြုလုပ်ထားကြသည်။

အဆိုပါ ရွှေကလောင်ဆုကို ၁၉၉၅ တွင် စာရေးဆရာမ စမ်းစမ်းနွဲ့(သာယာဝတီ)၊ ၁၉၉၆ တွင် စာရေးဆရာမ မသီတာ (စမ်းချောင်း)နှင့်၂၀၀၂ ခုနှစ်တွင် ဦးအောင်မြင့်(ခ) ဖျာပုံနီလုံဦးတို့ အသီးသီး ရရှိဖူးသည်။ 

PEN American Centerအဖွဲ့သည် ကမ္ဘာ့ အစောဆုံး လူ့အခွင့် အရေးအဖွဲ့ကြီး ဖြစ်ပြီး အစောဆုံး နိုင်ငံတကာ စာပေရေးရာ အဖွဲ့ကြီးလည်း ဖြစ်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်