NLD ခေါင်းဆောင်ပိုင်း အမြင်များ ကွဲပြားနေ

E-mail Print
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဗဟို အလုပ် အမှုဆောင် အဖွဲ့ဝင်များ၏ နိုင်ငံရေး အမြင်များ အမျိုးမျိုး ဖြစ်နေပြီး ပါတီ ဖျက်သိမ်း ခံရပြီးနောက် NLD ၏ အနာဂတ် အတွက် မူဝါဒမှာ ရှင်းလင်းခြင်း မရှိသေးကြောင်း သိရသည်။

မေလ ၆ ရက် မတိုင်မီ မြို့နယ်အဆင့် လုပ်ဆောင်ရမည့်ကိစ္စများကို ညွှန်ကြားရန် ရွှေဂုံတိုင် ရုံးချုပ်တွင် ဗဟို အလုပ်မှုဆောင် အဖွဲ့ဝင်များ ဧပြီ ၂၉ ရက်နေ့က အစည်းအဝေးပြုလုပ်ကြသည်။

ယင်းအစည်းအဝေးသည် ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်များ၏ နောက်ဆုံးအစည်းအဝေးဖြစ်ကြောင်း NLD ခေါင်းဆောင် တဦးဖြစ်သူ ဦးဝင်းတင်က ဧရာဝတီသို့ ပြောသည်။

NLD ပြန်ကြားရေး အဖွဲ့ဝင် ဦးအုန်းကြိုင်ကလည်း ၂၀၀၈ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေကို လက်မခံနိုင်သည့် အတွက် ပါတီကို ပြန်လည် မှတ်ပုံမတင်နိုင်ကြောင်း၊ ပါတီကို ဖျက်သိမ်း ခံရသည့်တိုင် NLD ရုံးချုပ်မှ ပါတီဆိုင်းဘုတ်နှင့် အလံများကို မိမိတို့ ကိုယ်တိုင် အနေဖြင့် ဖြုတ်သိမ်းမည် မဟုတ်ကြောင်း ပြောသည်။

မေလ ၆ ရက်ကျော်လျှင် NLD ပါတီဝင်တချို့သည် လာမည့် ရွေးကောက်ပွဲဝင်ရန် ပါတီသစ် ထောင်ဖွယ် ရှိသည်ဟု NLD အဖွဲ့ဝင်များနှင့် နီးစပ်သည့် သတင်းများအရ သိရသည်။

ယင်းသတင်းနှင့် ပတ်သက်၍ ဦးဝင်းတင်က“NLD ပါတီဝင်တချို့ပါတီသစ်ထောင်မယ်ဆိုရင် ဒါ သူတို့ ယုံကြည်မှု နဲ့ သူတို့ရဲ့ လွတ်လပ်မှုပါပဲ၊ ဒါပေမယ့် ဒါက ကျနော်တို့ ဆန့်ကျင်ထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထောက်ခံတာလို့ ပြောရမှာပဲ” ဟု မှတ်ချက်ပေးသည်။

ဦးအုန်းကြိုင်က“ကျနော်တို့က နိုင်ငံရေးနဲ့ ပတ်သက်ပြီး ဘာ အစည်းအဝေး၊ ဘာထုတ်ပြန်ချက်မှ လုပ်တော့မှာ မဟုတ်ပါဘူး၊ ဒါပေမယ့် နိုင်ငံရေး ဦးတည်ချက်ရှိတဲ့ လူမှုလုပ်ငန်းတွေကိုတော့ လုပ်မှာ ဖြစ်ပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။

လူထု၏ လူမှုရေးကို ဝိုင်းဝန်း ဖြေရှင်းပေးနေရင်း ပါတီရှိသည်ဟု ခံယူထားလျှင် နိုင်ငံရေး လှုပ်ရှားမှုဟုပင် ဆိုနိုင်ကြောင်း၊ လူမှုရေးသည် နိုင်ငံရေးနှင့် ခွာ၍ မရကြောင်း ဦးဝင်းတင်က ပြောသည်။ လူမှုရေး လုပ်ငန်းအတွက် ဆွေးနွေးကြရာတွင် NGO ထူထောင်ရန်မှသည် ပတ်ဝန်းကျင် သန့်ရှင်းရေး ဆောင်ရွက်ပေးရန် အထိ စဉ်းစား တင်ပြခဲ့ကြသည်ဟု ဆိုသည်။

သို့သော် NLD ခေါင်းဆောင် တဦးဖြစ်သော ဦးခင်မောင်ဆွေက NLD အနေဖြင့် ခွပ်ဒေါင်း အလံကိုင်ဆွဲပြီး လူမှုရေး လုပ်ငန်း လုပ်ရန် သင့်လျော်မည် မထင်ကြောင်း၊ အကယ်၍ လူမှုရေးလုပ်ငန်းတွင် NLD အလံကို သုံးပါက ဆန့်ကျင်မည်ဟု ပြည်တွင်း ဂျာနယ်တခုနှင့် အင်တာဗျူးတွင် ပြောသည်။ ဦးခင်မောင်ဆွေသည် NLD တည်မြဲရေးအတွက် ပါတီမှတ်ပုံတင်ရေးကို လိုလားခဲ့သူ ဖြစ်သည်။

ပါတီ မှတ်ပုံမတင်သဖြင့် ဒေါ်အောင်ဆန်းစုကြည်သည် နိုဝင်ဘာလတွင် နေအိမ်အကျယ်ချုပ်မှ လွတ်သောအခါ NLD ဆိုင်း ဘုတ်ကို မြင်ရတော့မည် မဟုတ်ကြောင်း၊ သို့သော် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် လူထု နိုင်ငံရေး(Body Politic) ဆက် လက် လုပ်ဆောင်နိုင်ကြောင်း ဦးဝင်းတင်က ပြောသည်။

လူထုနိုင်ငံရေး ဆိုသည်မှာ ပြည်သူလူထုတရပ်လုံး၏ နိုင်ငံရေးအခြေအနေဖြစ်ကြောင်း၊ ပြည်သူလူထုနှင့် အတူလှုပ်ရှားမည့် နိုင်ငံရေး ဖြစ်ကြောင်း၊ ပါတီ နိုင်ငံရေးထက် လူထုနိုင်ငံရေးကို ကြည့်ရမည်ဖြစ်ကြောင်း ဦးဝင်းတင်က ရှင်းပြသည်။

တည်ဆဲပါတီများ ပြန်လည်မှတ်ပုံတင်ရန် သတ်မှတ်ထားသည့် နောက်ဆုံးရက်မှာ မေလ ၆ ရက်နေ့ဖြစ်ပြီး တည်ဆဲပါတီ ၁၀ ခု အနက် ယနေ့အထိ ပါတီ ၄ ခုသာ ပြန်လည် မှတ်ပုံတင်သည်။

စစ်ဗိုလ်ချုပ်များ အရပ်ဝတ်လဲသည်မှာ ပါတီ အစုအဖွဲ့ထောင်၍ အနာဂတ်နိုင်ငံရေးတွင် နေရာယူရန် ဖြစ်ရာ ရွေးကောက်ပွဲ ဝင်မည့် ပါတီငယ်များ၏ လွှတ်တော်မှတဆင့် လူထုအကျိုးဆောင်ရေး ဆိုသည်မှာ သံသယ ဖြစ်စရာ ရှိကြောင်း ဦးဝင်းတင်က သုံးသပ်သည်။ သို့သော် ယင်း ရွေးကောက်ပွဲဝင်လိုသည့် ပါတီများ မျှော်လင့်ထားသည့် အတိုင်း အသက်ရှုပေါက်ရခဲ့လျှင် မုဒိတာ ပွားမည်ဟုလည်း ၄င်းက ဆိုသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်