ပြည်တွင်း၌ မွန်အခမ်းအနား မကျင်းပနိုင်

E-mail Print
မွန်ပြည်သစ် ပါတီနှင့် စစ်အစိုးရတို့ ဆက်ဆံရေး တင်းမာနေ သောကြောင့် ယမန်နေ့က ကျရောက်သော (၂၅၃) နှစ်မြောက် ဟံသာဝတီ မွန်နေပြည်တော် အောက်မေ့ဖွယ် အခမ်းအနားကို ပဲခူးမြို့ အပါအဝင် မွန်ပြည် နယ် အတွင်းရှိ မြို့များတွင် မကျင်းပနိုင်ကြကြောင်း သိရသည်။

“နှစ်တိုင်းတော့ ဟံသာဝတီ နေပြည်တော်ဖြစ်ခဲ့တဲ့ ပဲခူးအပါအ၀င် မွန်ပြည်နယ်တွင်းက မြို့တွေမှာ လုပ်ကြ တယ်၊ ဒီနှစ်တော့ ထင်ထင်ပေါ်ပေါ်လုပ်တာကို မတွေ့ ရဘူး၊ အရင်နှစ်တွေကဆို အခု ကျနော်နေတဲ့ ဘုရား သုံးဆူ မြို့မှာ အလှူအတန်းလုပ်တယ်၊ အထိမ်းအမှတ်တွေ လုပ်ကြတယ်၊ ဒီနှစ်တော့ ဘာမှ မလုပ်ကြဘူးဗျ၊ အခြေအနေတွေကလည်း သိတဲ့အတိုင်းပဲလေ”ဟု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ကော်မတီဝင် ဒေါက်တာ ဗညားအောင်မိုးက ဧရာဝတီသို့ ပြောသည်။

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီသည် မေလ ၄ ရက်နေ့က ရွေးကောက်ပွဲ ၀င်ရန် ပါတီမှတ်ပုံတင်ခွင့် ရရှိကြောင်း အစိုးရပိုင် မြန်မာ့ အလင်း သတင်းစာတွင် ဖော်ပြထားသည်။

(၂၅၃) နှစ်မြောက် ဟံသာဝတီ မွန်နေပြည်တော် အောက်မေ့ဖွယ် အခမ်းအနားကို လူသိရှင်ကြား မလုပ်ဖြစ် ကြသော်လည်း ဆီမီးထွန်းခြင်း စသည့် အထိမ်းအမှတ်များကို လျှို့ဝှက်စွာ လုပ်ကြသည်ဟု မွန်သမိုင်း သုတေသီ မင်းစိုင်းနွန်ဒေါ က ပြောသည်။

ပြည်တွင်းတွင် မကျင်းပနိုင်သော်လည်း ထိုင်း-မြန်မာ နယ်စပ် ကန်ချနဘူရီ ခရိုင်၊ စံခလဘူရီမြို့တွင် ယမန် နေ့ နံနက်ပိုင်း က အဆိုပါ အောက်မေ့ဖွယ် အခမ်းအနားကို ကျင်းပရာ မွန်ခေါင်းဆောင်များ တက်ရောက်ကြ ကြောင်း သိရသည်။

ယင်းအခမ်းအနားတွင် နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို ငြင်းဆန်ထားသော မွန်ပြည်သစ်ပါတီမှ အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာ က အမျိုးသား စည်းလုံးညီညွတ်ရေးကို တိုက်တွန်းပြောဆိုသွားကြောင်း အခမ်း အနား တက်ရောက်ခဲ့သူ Kaowao မွမမွန် သတင်းဌာန အယ်ဒီတာ ကိုဗညားအောင်က ပြောသည်။

“နိုင်ဟံသာက အခုလက်ရှိ နအဖနဲ့ မွန်ပြည်သစ်ပါတီတို့ရဲ့ တင်းမာနေမှုဟာ မွန်ပြည်သစ်ပါတီ တခုတည်းနဲ့ တင်းမာနေတာ မဟုတ်ဘူး၊ မွန်တမျိုးသားလုံးနဲ့ တင်းမာနေတာဖြစ်တယ်၊ မွန်လက်နက်တိုင် တပ်တွေရော နိုင်ငံရေးပါတီတွေ၊ ပြည်တွင်းပြည်ပ အဖွဲ့အစည်းတွေ အားလုံးဟာ ဒီအချိန်မှာ တစုတစည်းတည်း ဖြစ်သင့် တယ် လို့ ပြောတာ”ဟု ၎င်းက ဆိုသည်။

တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်၍ မွန်ဒေသမှ ထိုင်းဘက်သို့ စွန့်ခွာထွက်ပြေးသူများရှိပြီး နအဖ ဘက်မှ စစ်ရေး အရ အရေးယူဆောင်ရွက်လာပါက ခံစစ်ဖြင့်တုံ့ပြန်ရန် မွန်ပြည်သစ်ပါတီ(NMSP)တပ်များကို အသင့်အနေ အထားတွင် တပ်လှန့်ထားသည်ဟု မွန်သတင်းရပ်ကွက်က ဆိုသည်။

ဟံသာဝတီနေပြည်တော် အောက်မေ့ဖွယ်နေ့ ဆိုသည်မှာ ကောဇာ သက္ကရာဇ် ၁၁၁၉ ခုနှစ် ကဆုန်လဆုတ် ၈ ရက်နေ့ တွင် ဦးအောင်ဇေယျ (ခေါ်) အလောင်းဘုရားက ဟံသာဝတီ မွန်နေပြည်တော်ကို တိုက်ခိုက်သိမ်းပိုက်ကာ မွန်နိုင်ငံတော် ကျဆုံးခဲ့သောနေ့ ဖြစ်ကြောင်း သိရသည်။

ယခုနှစ်အစောပိုင်းကလည်း ၆၃ ကြိမ်မြောက် မွန်အမျိုးအသားနေ့ အထိမ်းအမှတ်အဖြစ် မွန်ပြည်နယ်အတွင်း ရှိ မြို့ရွာများတွင် သုဝဏ္ဏဘူမိ မွန်နေပြည်တော်ဟူသော စာတန်းပါ ဆိုင်းဘုတ်များကို မွန်-မြန်မာ နှစ်ဘာသာ ဖြင့် စိုက်ထူခဲ့ရာ မြန်မာဘာသာကို ဖြုတ်ပေးရန် စစ်အစိုးရက အမိန့်ပေးဖူးသည်။

“နှစ်တိုင်းနှစ်တိုင်း မွန်အမျိုးသားနေ့ ကျင်းပရေး (ဗဟို) က ဆိုင်းဘုတ်တခုလုပ်တယ်ဗျာ၊ တနှစ်နဲ့ တနှစ် မတူဘူးပေါ့၊ အာဏာပိုင်တွေက မွန်လိုရေးတာကိုတော့ မဖျက်ခိုင်းဘူး၊ မြန်မာလို ရေးတာကို ဖျက်ခိုင်းတယ်၊ သဘောက မြန်မာစာတတ်တဲ့ အခြားလူမျိုးတွေကို မသိစေချင်တဲ့ သဘောပေါ့ဗျာ”ဟု မင်းစိုင်းနွန်ဒေါက ပြော သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်