မင်္ဂလာဈေးမီးကြောင့် ဆေးဈေးကွက် ထိခိုက်

E-mail Print
မင်္ဂလာဈေး မီးလောင်မှုကြောင့်  မြန်မာတပြည်လုံးသို့ ဖြန့်ချိနေသည့်  ဆေးဝါးအများအပြား ပျက်ဆီးဆုံးရှုံးခဲ့ပြီး ဈေးကွက် အတွင်းဝယ်ယူရန်ခက်ခဲခြင်း၊ ဈေးနှုန်းမြင့်တက်ခြင်း ပြဿနာများ ကြုံတွေနေရကြောင်း သိရသည်။

ရန်ကုန်မြို့ရှိ ဆေးခန်းနှင့်ဆေးဆိုင်များသို့ အဓိက ဖြန့်ချိ ရောင်းချပေးနေသော ဈေးကြီးများမှာ မင်္ဂလာဈေးနှင့် ဗိုလ်ချုပ်ဈေး သစ်တို့ဖြစ်သည်။

ရန်ကင်းမြို့နယ်တွင် ဆေးဆိုင်ဖွင့်လှစ်ထားသူတဦးက “မီးလောင်ပြီး နောက်နေ့ ဗိုလ်ချုပ်ဈေးမှာ သွားဝယ်တာ ဆေးအကုန်လုံး တပုလင်းကို ၃၀၀ ကျပ်၊ ပါကင်ဗူးဆို ၅၀၀ ကျပ်စီလောက် တက်သွားတယ်။ သူတို့ တက်တော့ ကျွန်တော်တို့ လက်လီ ပြန်ရောင်းရတဲ့နေရာမှာပါ တက်ကုန်တယ်” ဟု ပြောသည်။                                      

မင်္ဂလာဈေး စတုထ္တထပ်တွင် ဆေးဝါးရောင်းချနေသည့် ဆိုင်ခန်းပေါင်း ၄၀၀ ကျော်ရှိပြီး အပေါ်ဆုံးထပ်တွင်လည်း ဆေးဝါး သိုလှောင်ထားသည့် ဂိုဒေါင်များရှိသည်။ 

“ဆေးအမျိုးအစား စုံစုံလိုချင်ရင် မင်္ဂလာဈေးကို လာဝယ်ကြရတာ။ ခုလို အဓိကနေရာက ပြတ်တောက်သွားတော့ အရင်ဆုံး လက်ကားဈေးကွက်ကို ထိခိုက်တယ်။ ခုချိန်မှာ နယ်တွေကိုလည်း မပို့နိုင်တော့ ဆေးပြတ်တဲ့ အခက်အခဲတွေ၊ ဈေးမြှင့်ရောင်း တာတွေ ဖြစ်လာတယ်” ဟု မင်္ဂလာဈေးတွင် ဆေးဆိုင် ဖွင့်လှစ်ရောင်းချသူ ဆိုင်ရှင်တဦးက ပြောပြသည်။

မီးလောင်ဆုံးရှုံးခဲ့သည့် မင်္ဂလာဈေး စတုတ္ထထပ်၌ အထွေထွေရောဂါအတွက် သောက်ဆေးများ၊ ထိုးဆေးများ အပါအ၀င် HIV နှင့် သက်ဆိုင်သည့် ဆေးများ၊ ကင်ဆာရောဂါအမျိုးမျိုး ကုသသည့်ဆေးများ၊ အသည်း၊ နှလုံး၊ ဆီးချို၊ သွေးတိုးစသည့် နာတာ ရှည်ရောဂါ ကုဆေးများ စသည့် တန်ဖိုးမြင့်ဆေးဝါးများနှင့် ရှားပါး ဆေးဝါးများ အများအပြား ရောင်းချလျက်ရှိကြောင်း ပြည်တွင်းအခြေစိုက် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားသည်။

လှိုင်သာယာမြို့နယ်တွင် ဆေးခန်းဖွင့်လှစ်ထားသူ တဦးက “ပုံမှန်သုံးနေကျ ဆေးတွေကတော့ ဗိုလ်ချုပ်ဈေးလောက်မှာ ၀ယ်လို့ရတယ်၊ တချို့ရောဂါတွေအတွက် ဆေးက မင်္ဂလာဈေးမှာမှ ရတာ။ ဈေးကတော့ တက်လည်း ၀ယ်ရတာပဲ။ ဒီမှာ မ၀ယ်ရင် ၀ယ်စရာ မရှိတော့ဘူး” ဟု ပြောသည်။

“အထင်ကရမြို့ကြီးတွေက ဈေးတွေမှာတော့ ဆေးတွေကျန်တာ ရှိနိုင်သေးတယ်။ လိုသလောက်ဆေးကို ဈေးနှုန်းမှန်မှန်နဲ့ ပြန်ဝယ်ရမယ်၊  ဆေးဝါးမလုံလောက်တဲ့ပြဿနာ ဖြစ်လာစရာမရှိဘူး။  နယ်သေးသေးလေးတွေကတော့ မင်္ဂလာဈေးကနေ တိုက်ရိုက်သွားတာ များတယ်” ဟု မန္တလေးမြို့မှ ဆေးကုန်သည်တဦးက ပြောသည်။

ဆေးသုတေသနမှ ဆရာဝန်ကြီးတဦးက “ဒီဈေးကနေ တနိုင်ငံလုံးကို ဖြန့်နေတာလေ။ ဂိုဒေါင်တွေထဲကရော၊ ဆိုင်ခန်းတွေ ထဲကရော အကုန်ပါသွားတော့ နယ်ဈေးကွက်ကို အနည်းနဲ့အများ ထိခိုက်မှုရှိတယ်။ မြို့ထဲက ဆေးခန်းနဲ့ လက်လီသမားတွေ အလျင်မမီတဲ့ ပြဿနာကတော့ ရှိတယ်” ဟု သုံးသပ်သည်။ 

မင်္ဂလာဈေးရှိ ဆေးဆိုင်ခန်းများသည် တဆိုင်လျှင်  အနည်းဆုံး သိန်း ၁၀၀ ခန့်မှ သိန်း ၁၀၀၀ ခန့် တန်ဖိုးရှိ ဆေးဝါးများ ဆုံးရှုံးခဲ့ကြောင်းသိရသည်။ မီးလောင်မှုကြောင့်  ပစ္စည်းဆုံးရှုံးမှု ခန့်မှန်းခြေ တန်ဖိုး ကျပ် ၂၀၉၂၆၃ သိန်း ရှိကြောင်း၊ အဆောက်အအုံ ပျက်စီးဆုံးရှုံးမှု တန်ဖိုးကိုမူ တွက်ချက်ဆဲဖြစ်ကြောင်း အစိုးရသတင်းစာတွင် ဖော်ပြထားသည်။


မြန်မာနိုင်ငံ ဆေးဝါးလုပ်ငန်းစက်ရုံမှ ဈေးကွက် လိုအပ်ချက်ရှိသလောက် ဖြန့်ဖြူးပေးနိုင်ခြင်းမရှိဘဲ တရုတ်၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံများမှ ၀င်ရောက်နေသည့် ဆေးဝါးများ ရောင်းချ၍ ဈေးကွက်လိုအင်ကို ဖြည့်စွက်နေရကြောင်း ဆရာဝန်ကြီးတဦးက ပြောသည်။

မင်္ဂလာဈေးတွင် အထပ်တထပ်လျှင် ဆိုင်ခန်းပေါင်း ၅၀၀ ကျော်ရှိပြီး ဆိုင်ခန်းစုစုပေါင်း ၄၀၀၀ ၀န်းကျင်ရှိပြီး မြေညီထပ်တွင် အထည်လိပ်နှင့် လူသုံးကုန်ပစ္စည်းဆိုင်များ၊ ပထမထပ်တွင် အ၀တ်အထည်နှင့် စာရေးကိရိယာဆိုင်များ၊ ဒုတိယထပ်တွင် အ၀တ်အထည်၊ စာရေးကိရိယာနှင့် အလှကုန်ဆိုင်များ၊ တတိယထပ်နှင့် စတုတ္တထပ်တွင် ဆေးဝါးဆိုင်များနှင့် အလှကုန် ဆိုင်များ ဖွင့်လှစ်ထားကြောင်း သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်