မြန်မာ တိုင်းမ်စ် အားကစား စာစောင် နေ့စဉ် ထုတ်ဝေခွင့်ရ

E-mail Print
ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ ကာလ အတွက် မြန်မာ တိုင်းမ်စ် (Myanmar Times) ဂျာနယ်က နေ့စဉ်ထုတ် အားကစား စာစောင် ထုတ်ဝေခွင့် ရခြင်းသည် ပုဂ္ဂလိကပိုင် နေ့စဉ်ထုတ် သတင်းစာများ ခွင့်ပြုလာရန် ရှေ့ပြေးဖြစ်နိုင်ကြောင်း ရန်ကုန် အခြေစိုက် စာနယ်ဇင်း အသိုင်းအ၀ိုင်းက ဆိုသည်။

“ထုတ်ဝေဖို့ ခွင့်ပြုချက် ရထားပြီးပါပြီ။ ဇွန်လ ၁၀ ရက်နေ့ကနေ နောက်ဆုံး ဗိုလ်လုပွဲပြီးတဲ့ ဇူလိုင် ၁၂ ရက်နေ့ အထိထုတ်မှာ ပါ။ ကမ္ဘာ့ဖလားပွဲစဉ် အတွင်းမှာပဲ ထုတ်မှာပါ”ဟု မြန်မာ တိုင်းမ်စ် ဂျာနယ်မှ စာတည်း ဦးဇော်မြင့်က ပြောသည်။

ထုတ်ဝေမည့် စာစောင်၏ အမည်မှာ Myanmar Time Sport ဖြစ်နိုင်ကြောင်း ယင်းဂျာနယ်တိုက်မှ ဝန်ထမ်းတဦးက ဆိုသည်။

သတင်းစာဆရာ မောင်ဝံသက“ဒါကတော့ နေ့စဉ်ထုတ် သတင်းစာတွေကို ပေးမယ့် အရိပ်လက္ခဏာလို့ မှန်းလို့ရတာပေါ့။ သတင်းလည်း ထွက်နေတယ်လေ။ နိုင်ငံရေး ပါတီတွေကိုလည်း သူတို့ ပါတီတွေရဲ့ ကြွေးကြော်သံတို့၊ မူဝါဒတို့ စာရွက်စာတမ်း ထုတ်ဝေခွင့် ပေးရမှာပဲလေ။ အရင်ခေတ်ဆိုရင် နိုင်ငံရေးပါတီတွေ ကျောထောက်နောက်ခံ ပြုထားတဲ့ နေ့စဉ် သတင်းစာတွေ  ပေးကြတာပဲ။ အခုလည်း အဲဒီလောက် ခွင့်မပြုသေးရင်တောင် အတိုင်းအတာ တခုအထိ ခွင့်ပြုမယ်လို့ ထင်တယ်”ဟု ပြော သည်။

ရန်ကုန်အခြေစိုက် သတင်းဂျာနယ် အယ်ဒီတာ တဦးက“အပြင်ကို နေ့စဉ်ထုတ်ဂျာနယ် ထုတ်ဝေခွင့်ပြုမယ်ဆိုရင် စိစစ်ရေး ဥပဒေကို ပြင်မလား၊ စိစစ်ရေးက မစိစစ်ဘဲနဲ့တော့ ခွင့်ပြုလို့မရဘူး။ နေ့စဉ်မီအောင် ဘယ်လို စစ်ဆေးမလဲ၊ အဲဒါတွေတော့ရှိ တယ်”ဟု ပြောသည်။ 

လက်ရှိ ထုတ်ဝေလျက်ရှိသော အားကစားဂျာနယ်များတွင် ထည့်သွင်းလျက်ရှိသော အချပ်ပိုနှင့် နောက်ဆက်တွဲများမှာလည်း စာပေစိစစ်ရေးကို အချိန်မီ ကြိုတင် တင်ပြရကြောင်း၊ စိစစ်ရေးကို မဖြတ်သန်းဘဲ လုပ်ဆောင်ရန် မဖြစ်နိုင်ကြောင်း ပြောသည်။

ရန်ကုန်နှင့် မန္တလေးမြို့များတွင် နေ့စဉ်ထုတ် သတင်းစာများဖြစ်သော မြို့တော်၊ ရတနာပုံ သတင်းစာများမှာမူ ဒေသခံ အာဏာပိုင်များ၏ ထိန်းချုပ်မှုအောက်တွင် ထုတ်ဝေလျက်ရှိကြောင်းလည်း ၎င်းက ဆက်လက်ပြောပြသည်။

“အဓိကကတော့ နိုင်ငံရေး၊ စီးပွားရေးမပါဘဲ သူတို့ အရမ်းစိတ်ချရတဲ့ သူတွေကိုတော့ ထုတ်ဝေဖို့ ခွင့်ပြုကောင်းခွင့်ပြုလိမ့်မယ်။ နိုင်ငံရေး၊ စီးပွားရေး ပါရင်တော့ ခွင့်ပြုမှာ မဟုတ်ဘူး”ဟု အယ်ဒီတာတဦးက ဆိုသည်။

မြန်မာ တိုင်းမ်စ် ဂျာနယ်ကို ၂၀၀၀ ပြည့်နှစ်တွင် ဦးဆန်နီဆွေနှင့် သြစတြေးလျနိုင်ငံသား Ross Dunkleyတို့က တည်ထောင် ခဲ့ပြီး အင်္ဂလိပ်၊ မြန်မာ ၂ ဘာသာဖြင့် စတင်ထုတ်ဝေခဲ့သည်။ ထောက်လှမ်းရေး ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွန့် သည် မြန်မာ တိုင်းမ်စ် ဂျာနယ် ထုတ်ဝေမှုတွင် ကျောထောက် နောက်ခံပြုမှု ရှိခဲ့ကြောင်း သိရသည်။

ဦးဆန်နီဆွေ၏ ဖခင်ဖြစ်သူ နိုင်ငံတကာ ဆက်ဆံရေးဌာနမှ ဌာနကြီးမှူး ဗိုလ်မှူးချုပ် သိန်းဆွေသည် ၂၀၀၄ အောက်တိုဘာတွင် အမျိုးသား ထောက်လှမ်းအဖွဲ့ ဖျက်သိမ်းခံခဲ့ရပြီးနောက် ပြစ်ဒဏ် ချမှတ်ခံခဲ့ရသည်။

ဦးဆန်နီဆွေကိုလည်း စာပေစိစစ်ရေး ခွင့်ပြုချက်ကို မရယူဘဲ ထုတ်ဝေခဲ့သည်ဟု အကြောင်းပြကာ ၂၀၀၅ ဧပြီတွင် စစ်အစိုးရက ထောင်ဒဏ် ၁၄ နှစ် ပြစ်ဒဏ် ချမှတ်ခဲ့သည်။

လတ်တလောတွင် မြန်မာ တိုင်းမ်စ် ဂျာနယ်ကို သုတစွယ်စုံ မီဒီယာမှ ဒေါက်တာ တင်ထွန်းဦးက အမည်ခံ ထုတ်ဝေလျက်ရှိ သည်။ ဒေါက်တာ တင်ထွန်းဦးသည် ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းနှင့် နီးစပ်သူ ဖြစ်ပြီး မကြာသေးမီက အသစ်ပြန်လည် ဖွဲ့စည်းလိုက်သည့် မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်း အဖွဲ့တွင် ဒုတိယ ဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။

စစ်အစိုးရနှင့် နီးစပ်သူများသာ သတင်းဂျာနယ်များ ထုတ်ဝေခွင့်အသစ်များ ရရှိကြပြီး ယခုလက်ရှိ ထုတ်ဝေနေသော သတင်းဂျာနယ် အများစု၏ ပိုင်ရှင်များမှာ အစိုးရ အရာရှိကြီးများ၏ သားသမီး၊ ဆွေမျိုးများ၊ ၎င်းတို့နှင့် နီးစပ်သူ အပေါင်း အသင်းများဖြစ်ကြသည်။

စစ်အစိုးရသည် ဒုတိယ ဗိုလ်ချုပ်ကြီး တင်အေး၏သား ဦးဇော်မင်းအေးကို Messenger သတင်း ဂျာနယ် ထုတ်ဝေခွင့်နှင့် ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းနှင့် နီးစပ်သူဟု သတင်း ထွက်နေသည့် ဦးမြတ်ခိုင်ကို မော်နီတာ သတင်းဂျာနယ် ထုတ်ဝေခွင့် ကိုလည်း မကြာမီက ချပေးခဲ့သည်။

ထုတ်ဝေခွင့်များ ပိုမိုချထားပေးနေသော်လည်း စာပေစိစစ်ရေးက သတင်း ဂျာနယ်များအပေါ် တင်းကျပ်စွာ ကိုင်တွယ်လျက် ရှိပြီး သတင်းများ ပိုမို ဖြုတ်ပယ်ခြင်း ရှိလာကြောင်း၊ အထူးသဖြင့် ရွေးကောက်ပွဲ ဆိုင်ရာ သတင်းများနှင့် ပါတီများ၏ သတင်းများ ဖော်ပြရာတွင် အလွန်တင်းကျပ်သော စိစစ်မှုများပြုလုပ်ကြောင်း သိရသည်။

ဂျာနယ်များမှ သတင်းများ စိစစ်ရာတွင် ဒုတိယဗိုလ်ချုပ်ကြီး မြင့်ဆွေ ဦးစီးသည့် စစ်ဘက်၊ အရပ်ဘက် အထူး လုံခြုံရေးအဖွဲ့က ဦးစီးဆောင်ရွက်နေပြီး စာပေစိစစ်ရေးဌာနတွင် ညွှန်ကြားရေးမှူး ဗိုလ်မှူး တင့်ဆွေအပြင် ဒုတိယ ဗိုလ်မှူးကြီး မျိုးမြင့်မောင် လည်း ပူးတွဲ တာဝန်ထမ်းဆောင်လျက် ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် သတင်းဂျာနယ်နှင့် အားကစားဂျာနယ် အပါအ၀င် ဂျာနယ်ပေါင်း ၂၀၀ ကျော်နှင့် မဂ္ဂဇင်း ၂၅၀ ကျော်ကို ထုတ်ဝေ ဖြန်ချိခွင့် ပြုထားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်