ထက်ထက်မိုးဦးနှင့် ပဋိပက္ခဖြစ်သည့် သတင်းထောက်ကို စာနယ်ဇင်းကျင့်ဝတ်နှင့် ညီရန်ခေါ်ပြော

E-mail Print
သတင်းထောက် မအေးသူစံ အနေနှင့် စာနယ်ဇင်း ကျင့်ဝတ်နှင့် အညီ လိုက်နာ ဆောင်ရွက်ပြီး စာပေနှင့် အနုပညာ နယ်ပယ် အချင်းချင်း ချစ်ခင်ရင်းနှီးမှုကို ပျက်ပြား စေသည့် ပြောဆို ပြုမူမှုများ ရှောင်ရှားရမည် ဟူ၍ မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့က ခေါ်ယူ အသိပေး လိုက်ကြောင်း ကြားသိရသည်။

မင်းသမီး ထက်ထက်မိုးဦးနှင့် 7 Day News ဂျာနယ် သတင်းထောက် မအေးသူစံတို့ ပဋိပက္ခဖြစ်ပွားသည့် ကိစ္စနှင့်ပတ်သက်၍ စာပေနှင့်စာနယ်ဇင်း အဖွဲ့က မအေးသူစံကို ခေါ်ယူ အသိပေးကာ ယမန်နေ့က ကြေညာချက်ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

အဆိုပါကြေညာချက်တွင် မီဒီယာများနှင့် ရုပ်ရှင်၊ သဘင်၊ ဂီတ အနုပညာရှင်များသည် မီဒီယာတည်းဟူသော အမိုး အောက်တွင် ကိုင်းကျွန်းမီ၊ ကျွန်းကိုင်းမီ အတူတကွ ဆက်ဆံ ဆောင်ရွက်ကြရသည့် အားလျော်စွာ ဖြစ်ပွားခဲ့သည့် အဆိုပါ ကိစ္စရပ်အား တသီးပုဂ္ဂလ ခံစားမှု ပြဿနာဟု မှတ်ယူပြီး ရေရှည် စည်းလုံးညီညွတ်မှုကို ရှေးရှုကာ ချစ်ကြည်ရင်းနှီးစွာ လက်တွဲဆောင်ရွက် သွားကြရန် တိုက်တွန်းကြောင်း ပါရှိသည်။

မြန်မာနိုင်ငံ စာပေနှင့်စာနယ်ဇင်းအဖွဲ့သည် အမှုကျေအေး ရုပ်သိမ်းပေးရန် ညှိနှိုင်းပေးလို၍ ထက်ထက်မိုးဦးကို    ဆင့်ခေါ် ခဲ့သော်လည်း လာရောက်ခဲ့ခြင်းမရှိသဖြင့် ၎င်းအား ရှုတ်ချသည့် ကြေညာချက်တစောင်ကို မေ ၃၁ ရက်နေ့က ထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။

ထိုကြေညာချက်ကို လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သည့် စာပေနှင့်စာနယ်ဇင်း အတွင်းရေးမှူး ကိုကို (စက်မှုတက္ကသိုလ်) ကို ဆက်သွယ်၍ မရခဲ့ပေ။

“သူတို့ ကျမကို ခေါ်ပြောတာကတော့ သူတို့အဖွဲ့အနေနဲ့ တဘက်ကိုပဲ စာထုတ်ရင် ထုတ်ပြန်ချက် Balance မညီမှာ စိုးတဲ့အတွက် နှစ်ဘက်စလုံးကို ကြေညာချက် ထုတ်တဲ့သဘောပါတဲ့” ဟု မအေးသူစံက ဧရာဝတီသို့ ပြောသည်။

ဆက်လက်၍ မအေးသူစံက သူ့အနေနှင့် စာနယ်ဇင်းကျင့်ဝတ်ကို ဖောက်ဖျက်ခြင်းမရှိခဲ့ဟု ဆိုသည်။

“ကျမမေးခွန်းတွေ နဲ့ ပတ်သက်လို့ ကျမလုံးဝတာဝန်ယူပါတယ်။ ယုံလည်းယုံကြည်ပါတယ်။ ကျမ လုပ်သက်အတွင်းမှာ ကျမ နားလည်မိသလောက် ပြောရရင် မမေးသင့်တဲ့ မေးခွန်းတော့ မရှိပါဘူး။ ကျမဒီလိုပဲ ခံယူပါတယ်” ဟု သူက ဆက်ပြောသည်။

စာနယ်ဇင်းအဖွဲ့၏ ထုတ်ပြန်ချက်တွင် မည်သည့်မေးခွန်းများသည် စာနယ်ဇင်းကျင့်ဝတ်ကို ဖောက်ဖျက်သည်ဟူ၍ ထောက်ပြ ထားခြင်း မရှိပေ။

ပြည်ပအခြေစိုက် မြန်မာ သတင်းသမဂ္ဂ အတွင်းရေးမှူး ဦးစံမိုးဝေက “သတင်းထောက်မေးတဲ့ မေးခွန်းတွေထဲမှာတော့ စာနယ်ဇင်း ကျင့်ဝတ်ကို ဖောက်ဖျက်တာ မမြင်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ထင်ရှားကျော်ကြားတဲ့ မင်းသမီးကို မေးတာမြန်းတာလေ။ အဲဒီမေးခွန်းတွေ ထဲမှာ ကျင့်ဝတ်ကို ကျူးလွန်တာမျိုး မတွေ့မိပါဘူး” ဟု  ပြောသည်။

လွန်ခဲ့သည့် မေလ ၁၉ ရက်နေ့က ဆီဒိုးနား ဟိုတယ်တွင် ပြုလုပ်နေသည့် ကုန်စည်ပြပွဲတခု၌ ထက်ထက်မိုးဦးနှင့် 7day Newsဂျာနယ် သတင်းထောက်တို့ အင်တာဗျူးတခုပြုလုပ်ခဲ့ပြီးနောက် ထက်ထက်မိုးဦးက သတင်းထောက်ကို ကိုယ်ထိလက်ရောက် ပြုမူခဲ့သဖြင့် သတင်းထောက်က မင်းသမီးအား တရားစွဲရာ ရန်ကင်း တရားရုံးတွင် အမှု ရင်ဆိုင်နေကြရသည်။

တတိယမြောက် ရုံးချိန်းအတွက် မနက်ဖြန်တွင် ချိန်းဆိုထားပြီး အမှုစွဲတင်ပုဒ်မများ ပေါ်ထွက်လာတော့မည် ဖြစ်ကြောင်းသိရသည်။

7 Day News သတင်းထောက်နှင့် ထက်ထက်မိုးဦးတို့ အပြန်အလှန် မေးမြန်းမှုများကို အသံသွင်းထားသည့် အသံဖိုင်အတိုင်း ဖော်ပြအပ်ပါသည်။

မေး ။ ။ ဟိုတလောက နှလုံးနဲ့ ပတ်သက်ပြီးတော့ အနားယူနေတယ်လို့ပြောတယ်။
ဖြေ ။ ။ ဟုတ်တယ်။ အခု သက်သာသွားပြီ။

မေး ။ ။ ပထမဆုံးအနေနဲ့ အစ်မရဲ့ အခုလက်ရှိဘဝလေးကို အစ်မဘယ်လို ဖြတ်သန်းနေပါသလဲ။
ဖြေ ။ ။ ဒီအတိုင်းပဲ ကောင်းပါတယ်။

မေး ။ ။ အစ်မ နည်းနည်း အဆင်ပြေပြေလေး ဖြေပေးပါနော်။ အင်တာဗျူးကောင်းကောင်းလေး ထည့်ချင်လို့ပါ။
ဖြေ ။ ။ ဟုတ်။ အဆင်ပြေပြေဖြေပေးဆို မေးတဲ့အတိုင်းပဲ ထက်ထက်က ဖြေနေရတာလေ။

မေး ။ ။ အစ်မရဲ့ ကျန်းမာရေးအခြေအနေအရ နောက်ထပ်ကိုယ်ဝန်ဆောင်ဖို့ အဆင်ပြေပါ့မလား။
ဖြေ ။ ။ ဟုတ်။ ပြေပါတယ်။

မေး ။ ။ အဲဒါ ဘယ်တော့လောက်လဲ မသိဘူး။
ဖြေ ။ ။ အဲဒါ မသိသေးပါဘူး။

မေး ။ ။ ဟိုတလောကလေ အဲ့လိုမျိုးဖြစ်သွားတာ အစ်မ ဘယ်လိုမျိုးခံစားရလဲ။
ဖြေ ။ ။ အဲဒီမေးခွန်းက မေးဖို့တောင် မသင့်ပါဘူး။

မေး ။ ။ အစ်မ အမျိုးသားနဲ့ အစ်မ ဘယ်မှာတွေ့ခဲ့ကြတာလဲ။
ဖြေ ။ ။ ဒီကိစ္စအသေးအမွှားလေးတွေကတော့ ထက်ထက်မဖြေချင်ဘူး။ ဒါတွေက အင်တာဗျူးထဲမှာ ထည့်တာတော့ ထည့်လို့ရတယ်၊ ထည့်လို့ မရလို့တော့ မဟုတ်ပါဘူး။ ဒါတွေက ဘာမှမဟုတ်တဲ့ မေးခွန်းလေးတွေ ဖြစ်နေတဲ့အတွက် တခြားမေးခွန်းလေးတွေ မေးပေးပါလားလို့ ….. နော်။

မေး ။ ။ ပရိသတ်တွေက ပြောကြတယ်။ ထက်ထက်မိုးဦး ဘဝကို ခဏခဏ ပြန်စနေရတယ်။ အဲဒီဝေဖန်မှု တွေကို အစ်မဘယ်လိုမျိုး ခံစားရလဲ။

ဖြေ ။ ။ သွားလိုက်တော့။ နင်သွားလိုက်တော့ ဟုဆိုသဖြင့် အဆိုပါသတင်းထောက်မှာ တောင်းပန်ပြီး ခန်းမ အပြင်သို့ ထွက်ခဲ့ကြောင်း၊ ထက်ထက်မိုးဦးမှာ ခန်းမအပြင်သို့ အရင်ရောက်ရှိနေပြီး သတင်းထောက်ကို ဆံပင်ဆွဲပြီး ပါးရိုက်ကာ လည်ပင်းကိုလက်ဖြင့် ဆွဲညှစ်ထားခြင်း ခံရသဖြင့် လည်ပင်းတွင် လက်သည်းကုတ်ခြစ် ခံရပြီး ပေါက်ပြဲဒဏ်ရာ ရရှိခဲ့ကြောင်း၊ ယင်းကြောင့် အဆိုပါ သတင်းထောက်နှင့် 7 Day News အယ်ဒီတာ အဖွဲ့က ညတွင်းချင်း ရန်ကင်းမြို့နယ် ရဲတပ်ဖွဲ့စခန်းသို့ သွားရောက်တိုင်ကြားခဲ့ပြီး မေလ ၂၀ ရက်နေ့ နံနက်တွင် ရန်ကင်းမြို့နယ်တရားရုံး၌ ပြစ်မှုကြီးအမှတ် ၁၈၂/ ၁၀ ဖြင့် အမှုဖွင့် တိုင်ကြားခဲ့ကြောင်း 7 Day News အမှုဆောင် အယ်ဒီတာတဦးက ဆိုသည်။

The Voice ဂျာနယ်မှ ကူးယူဖော်ပြပါသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်