ကမ်းနားလမ်းဖောက်ရန် အဆောက်အအုံများ ဖျက်မည်

E-mail Print
ရန်ကုန် ဆိပ်ကမ်းပတ် လမ်းသစ် ဖောက်လုပ်ရန် အတွက် မလွတ်ကင်းသည့် ဌာနဆိုင်ရာ အဆောက်အအုံ ၈၀၀ ကျော်နှင့် လူနေ အိမ်ရာ စီမံကိန်း ၃ ခု ကို ဖျက်သိမ်းမည် ဖြစ်ကြောင်း သိရသည်။

“ကမ်းနားလမ်းမကြီး တလျှောက် ကပ်ဖောက်သွားမှာဆိုတော့ မလွတ်တဲ့ အဆောက်အအုံတွေ အကုန် ဖျက်ရမယ်။ အဲဒီမှာ နေနေတဲ့ ဝန်ထမ်းတွေလည်း ရှိတော့ သူတို့အတွက် ဘယ်လို စီစဉ်ပေးမလဲဆိုတာ မသိသေးဘူး။ အခုအချိန်ထိတော့ ညွှန်ကြားလာတာ မရှိသေးဘူး” ဟု  မြန်မာ့ ဆိပ်ကမ်းအာဏာပိုင် ရုံးမှ အရာရှိတဦးက ပြောသည်။


ဆက်လက်၍ ၎င်းက “လက်ရှိ ကမ်းနားလမ်းပေါ်မှာ အိမ်ရာ ၃ ခုရှိတယ်။ လမ်းကို အဆောက်အအုံ နောက်ကျောက ဖောက်သွားမယ် ဆိုပေမယ့် အခုချိန်ထိ လွတ်မလွတ် မသေချာသေးဘူး။ လမ်း နယ်နမိတ်တွေကတော့ စတိုင်းနေပြီ” ဟု ပြောသည်။

ဆိပ်ကမ်းပတ်လမ်း ပေအရှည်ကို ၅. ၇ မိုင် သတ်မှတ်ထားပြီး ဗိုလ်တထောင်မြို့နယ်၊ ဆိပ်ကမ်းမြို့နယ်၊ အလုံမြို့နယ်၊ ကြည့်မြင်တိုင် မြို့နယ်တို့အား ဖြတ်သန်း ဖောက်လုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပတ်လမ်းသည် ဗိုလ်တထောင် သန်လျှက်စွန်းဆိပ်ကမ်းမှ ကြည့်မြင်တိုင် မြန်မာ့စီးပွားရေး ကိုအော်ပရေးရှင်း ဆိပ်ကမ်း အထိ ရှည်လျားကာ ကွန်ကရစ်လမ်း ဖြစ်ပြီး လမ်းအကျယ်ကို ၄၈ ပေ သတ်မှတ်ထားသည်။

“နဂို တင်ထားတဲ့ ပိုင်းလော့ပုံစံ (မြေပုံကြမ်း) အရ ဆိုရင်တော့ အိမ်တွေ အများကြီး ပါကုန်မှာ။ ဒါကျတော့လည်း သူတို့ မလုပ်ရဲဘူး။ အခု မြေပုံနည်းနည်းပြန်ပြင်ပြီး ကွင်းဆင်း တိုင်းတာရေးတွေ စနေပြီ” ဟု ရန်ကုန်မြို့တော် စည်ပင် သာယာရေး၊ အင်ဂျင်နီယာဌာန (လမ်းတံတား) မှ အင်ဂျင်နီယာတဦးက ပြောသည်။

ဆိပ်ကမ်းပတ် လမ်းသစ်ဖောက်လုပ်ခွင့်ကို စစ်အစိုးရနှင့် နီးစပ်သော အေးရှားဝေါလ် ကုမ္ပဏီမှ လုပ်ကိုင်ခွင့် ရရှိထားပြီး    ကွန်တိန်နာနှင့် သစ်လုံးတင် ယာဉ်များကိုသာ ဖြတ်သန်းခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

“ရန်ကုန်မြစ်နဲ့ ကပ်လျက် အောင်ဇေယျ ရပ်ကွက်က လှော်ကားလမ်းတော့ တခြမ်းပါမယ်။ အိမ်ရာ စီမံကိန်းက လူတွေကတော့ တော်တော် လှုပ်လှုပ်ရှားရှားဖြစ်နေတယ်။ မြန်မာပြည်မှာ လမ်းဖောက်လို့ မလွတ်ရင် ဖျက် ပဲ။ ပြီးရင် အစား ဘယ်တော့မှ ပြန်ရတာ မဟုတ်ဘူး” ဟု လမ်းတံတား အင်ဂျင်နီယာကပြောသည်။

အဆောက်အအုံများ မဖယ်ရှားသေးသော်လည်း အလုံ သင်္ဘောကျင်း မြေနေရာ ရှင်းလင်းရေးများ ပြုလုပ်နေကြောင်း သိရသည်။  

“တချို့ ဌာနဆိုင်ရာ ရုံးတွေမှာ နေပြည်တော် ပြောင်းသွားရလို့ လူမရှိပေမယ့်၊ တချို့ ရုံးတွေမှာတော့ ၀န်ထမ်းတွေရှိတယ်။ ဒီအတွက် ဘယ်မှာ သွားနေရမယ်ဆိုတာမျိုး အခုထိ ဘာမှပြောတာ မရှိသေးဘူး” ဟု ဗိုလ်တထောင် ရေတပ်ဝင်းမှ ၀န်ထမ်းတဦးကပြောသည်။

မြန်မာ့ ဆိပ်ကမ်းအာဏာပိုင်ရုံးပိုင် အဆောက်အအုံ ၅၅ လုံး အပါအဝင် ပို့ဆောင်ရေးဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ စည်ပင်ဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တပ်မတော် (ရေ)၊ သစ်တော ရေးရာဝန်ကြီးဌာနနှင့် လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနတို့ ပိုင်ဆိုင်သည့် အဆောက်အအုံ စုစုပေါင်း ၈၀၀ ကျော်မှာ ဖျက်သိမ်းခံရမည့် စာရင်းတွင် ပါဝင်ကြောင်း သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်