ပါတီ စည်းရုံးရေး ကန့်သတ်ချက် လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်

E-mail Print
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က စုဝေး ဟောပြောခြင်း ပြုလုပ်ရာတွင် အလံများ ကိုင်ဆောင်၍ စီတန်း လှည့်လည် ကြွေးကြော် ချီတက်ခြင်း မပြုရဟူသော အချက်သည် လူ့အခွင့်အရေးကို ချိုးဖောက်ခြင်း ဖြစ်ကြောင်း ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာသူများက ဆိုသည်။

ရွေးကောက်ပွဲ ကော်မရှင်က ယမန်နေ့က ထုတ်ပြန်သည့် ညွှန်ကြားချက်၌ စုဝေး ဟောပြောရာတွင် အလံများ မကိုင်ဆောင်ရန်၊ စီတန်းလှည့်လည် ကြွေးကြော် ချီတက်ခြင်း မပြုရန်နှင့် ဟောပြောပွဲ ပြီးဆုံးပါက ကြွေးကြော် ချီတက်ခြင်းများ မပြုဘဲ လူစုခွဲရန် စသည့် စည်းကမ်းချက်များကို ခွင့်ပြုမိန့်ထုတ်ပေးရာတွင် သက်ဆိုင်ရာ ကော်မရှင် အဖွဲ့ခွဲက သတ်မှတ် ဖော်ပြရမည်ဟုလည်း ပါရှိသည်။

လွတ်လပ်သော ရွေးကောက်ပွဲများဆိုင်ရာ အာရှကွန်ရက် (Asian Network for Free Elections-ANFREL) အဖွဲ့မှ မီဒီယာနှင့် ပတ်သက်၍ ပြောရေးဆိုခွင့်ရှိသူ တဦးဖြစ်သော Bidhayak Dasက“ဒီညွှန်ကြားချက်ဟာ နိုင်ငံတကာ လူ့အခွင့်အရေး ကြေညာ စာတမ်းကို ချိုးဖောက်လိုက်တာပါ၊  အုပ်ချုပ်တဲ့ သူတွေက လူတွေကို ပါတီတွေရဲ့ လုပ်ငန်းစဉ်တွေကို မသိစေချင်တဲ့ အတွက် ဒီကြေညာ ချက်ကို ထုတ်ပြန်တာ ဖြစ်ပါတယ်” ဟု ပြောသည်။

နိုင်ငံတကာတွင် အစိုးရ ပါလီမန်၊ လွှတ်တော်နှင့် ရုံးများစိုက်ရာ နေရာများနှင့် မီတာ ၅၀၀ အကွာတွင် အလံများ ထောင်ခွင့်၊ ကြွေးကြော်ခွင့် ပေးထားကြောင်း ၎င်းက ဆက်လက် ပြောသည်။

အပြည်ပြည်ဆိုင်ရာ ရွေးကောက်ပွဲများ စောင့်ကြည့်လေ့လာရေး အဖွဲ့တဖွဲ့ဖြစ်သော ANFREL အဖွဲ့သည် အာရှ၏ ပထမဆုံးသော ဒေသတွင်း ချိတ်ဆက်ထားသည့် လူထု အခြေပြု လူမှုအဖွဲ့အစည်းဖြစ်ပြီး ၁၉၉၇ ခုနှစ်က တည်ထောင်ခဲ့သည်။

အမေရိကန်နိုင်ငံကလည်း မြန်မာနိုင်ငံ၏ ကျင်းပမည့်ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတမှု မရှိနိုင်သကဲ့သို့ နိုင်ငံတကာက အသိအမှတ်ပြုလိမ့်မည်မဟုတ်ကြောင်း ပြောဆိုသည်။

တိုင်းပြည်တွင် ထုတ်ပြန်သော အမိန့်ကြေညာချက်တိုင်းသည် တင်းကျပ်မည်ဖြစ်သော်လည်း လူထုအစည်းအဝေးများ ပြုလုပ် နိုင်သည့် အပေါ်  အပြုသဘောဖြင့်ကြိုဆိုကြောင်း ပြည်ထောင်စု ဒီမိုကရေစီ ပါတီ(UDP) ဥက္ကဋ္ဌ ဦးဖြိုးမင်းသိန်း က ဆိုသည်။

“လူထု အစည်းအဝေးပွဲတွေ လုပ်ခွင့်ရဖို့ဆိုတာ တိုင်းပြည်မှာ တခါမှ ခွင့်မပြုဖူးဘူး၊ ရှေ့ဆက်သွားမယ့် အခြေအနေတွေကို ဒီပါတီဝင် စည်းရုံးရေး လုပ်ငန်းခွင်ထဲက အခုရရှိတဲ့ အစည်းအဝေးတွေလုပ်နိုင်မှုအပေါ်ကနေ ကြိုးစားသွားနိုင်မယ်လို့ ထင်တယ်” ဟု ၎င်းက ပြောသည်။

ညွှန်ကြားချက်တွင် အလံထောင်၍ ချီတက်ခြင်း၊ ကြွေးကြော်ခြင်းများ မပြုလုပ်ရန်ပါရှိသော်လည်းအစည်းအဝေးကျင်းပသည့် စင်မြင့် နေရာတွင် အလံများထောင်ခွင့်ရရေးကိုမှု ညှိနှိုင်းရမည်ဖြစ်ကြောင်း၊ ပြည်သူလူထု စည်းဝေးပိုင်ခွင့်ရပါက နိုင်ငံရေးတွင် လူထု ပါဝင်လာရန် အပြောင်းအလဲတခုကို လူထုအားဖြင့် ဆောင်ရွက်ရနိုင်မည်ဟု ယုံကြည်ကြောင်းလည်း ဦးဖြိုးမင်းသိန်းက ဆက်လက်ပြောဆိုသည်။

မှတ်ပုံတင်ခွင့် ရရှိပြီးသော နိုင်ငံရေး ပါတီများသည် စုဝေးခြင်းနှင့် ဟောပြော ခြင်းများ ပြုလုပ်လိုပါက သက်ဆိုင်ရာ ကော်မရှင် အဖွဲ့ခွဲသို့ အနည်းဆုံး ၇ ရက်ခန့် ကြိုတင်၍ ခွင့်ပြုမိန့်ကို လျှောက်ထားရမည်ဟုလည်း ညွှန်ကြားချက်တွင် ပါရှိသည်။


၁၉၉၀ ရွေးကောက်ပွဲကာလကစည်းကမ်း တင်းကျပ်မှုများထက် ယခုက ပိုမိုများပြားကြောင်း သို့သော်လည်း ပါတီများအနေဖြင့် ရရှိသည့် အခြေအနေအတွင်းမှ ရသမျှ လှုပ်ရှားသွားမည်ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အင်အားစု(NDF)ပါတီကို တည်ထောင်သူ တဦးဖြစ်သည့် ဒေါက်တာ သန်းဝင်းက ဆိုသည်။

“အရေးကြီးတာက စာမှာ ပါတဲ့အတိုင်း လက်တွေ့ကျင့်သုံးတဲ့ အခါမှာ နိုင်ငံရေးပါတီများ အားလုံးအညီအမျှ ကျောသားရင်သား မခွဲခြားဘဲ တပြေးညီ ဆောင်ရွက်မယ်ဆိုရင်တော့ အဆင်ပြေနိုင်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

တိုင်းပြည် မတည်ငြိမ်ရေးအတွက် ပါတီအလံများကို အသုံးပြုပါက ယခုကဲ့သို့ အလံထောင်ခြင်းမပြုရန် တားမြစ်ချက်သည် သဘာဝ ကျကြောင်း၊ ပါတီလုပ်ငန်းများ ဆောင်ရွက်သည့် နေရာတွင် ပါတီအလံများကို သုံးခွင့်ရှိရန်လိုကြောင်း၊ အလံထောင်ခွင့် မပြုခြင်းသည် သဘာဝမကျကြောင်း အမျိုးသားနိုင်ငံရေး အဖွဲ့ချုပ် ဥက္ကဌ ဦးအေးလွင်က ပြောသည်။

“ဆွမ်းကြီးလောင်း အသင်းတွေတောင်ထောင်လို့ရတယ်၊ နိုင်ငံရေးပါတီကျမှ ထောင်လို့မရဘူးဆိုတော့ နိုင်ငံရေး ပါတီ လုပ်ဆောင် ချက် အပေါ်မှာ ရွေးကောက်ပွဲ ကော်မရှင်က အဆိုးမြင်နေတယ်လို့ ကျနော်မြင်တယ်၊ သဘာဝမကျတာကို လိုက်နာပေးရတော့   နိုင်ငံရေးအရလည်း နိုင်ငံရေးလုပ်တဲ့သူတွေကို  နှိပ်ကွက်သလိုဖြစ်သွားတာပေါ့”ဟု ဦးအေးလွင် ကဆိုသည်။

ပါတီများသည် ညွှန်ကြားချက်ပါ တားမြစ်ချက်၊ ခွင့်ပြုမိန့် တားမြစ်ချက်များကို လိုက်နာခြင်းမရှိပါက တည်ဆဲဥပဒေအရရော နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရပါ အရေးယူခြင်း ခံရမည်ဟုလည်း ညွှန်ကြားချက်တွင် ဖော်ပြထားသည်။

ယနေ့အထိ ပါတီ ဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့် လျှောက်ထားသည့် ပါတီပေါင်း ၄၂ ပါတီ၊ မှတ်ပုံတင်ခွင့် ကျသဖြင့် လျှောက်ထားသည့် ပါတီ ၃၇ ပါတီနှင့် မှတ်ပုံတင်ခွင့် ပြုပြီးပါတီ ၃၃ ပါတီ ရှိပြီ ဖြစ်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်