တရုတ် လက်နက် ကုမ္ပဏီ မုံရွာတွင် ကြေးနီ တူးမည်

E-mail Print
တရုတ် အကြီးစား လက်နက် ကုမ္ပဏီ တခုဖြစ်သည့် Norinco ကုမ္ပဏီသည် မြန်မာနိုင်ငံ၏ အကြီးမား ဆုံးသော မုံရွာကြေးနီ မိုင်းတွင်း၌ ကြေးနီ တူးဖော်ရန် မြန်မာ အစိုးရနှင့် စာချုပ်များ ချုပ်ဆိုခဲ့ကြောင်း သိရသည်။

အဆိုပါ အမေရိကန် အစိုးရက ပိတ်ပင် ထားခဲ့သော Norinco ကုမ္ပဏီ၏ ဥက္ကဌသည် မြန်မာ အစိုးရ အတွက် လက်နက်များ ၀ယ်ယူ ပေးရာတွင် အဓိက တာဝန်ရှိသူ တဦးဖြစ်သည့် ကာကွယ်ရေး စက်ရုံ၏ ဒုတိယ အကြီးအကဲ ဖြစ်သူ ဗိုလ်ချုပ် သိန်းဌေးနှင့် တွေ့ဆုံကာ စာချုပ် အများ အပြားလည်း ချုပ်ဆိုခဲ့သည်။

Norinco ဟု လူသိများသည့် China North Industries Corporation (CNIC) က မုံရွာကြေးနီသတ္တုတွင်း ပူးပေါင်း စီမံကိန်း စာချုပ်အား မြန်မာ ထိပ်တန်း အာဏာ ပိုင်များနှင့် ယခုလ ပထမပတ် အတွင်း မြန်မာနိုင်ငံသို့ ရောက်ရှိ ခဲ့သည့် တရုတ်ဝန်ကြီး ချုပ် ၀မ်ကျားပေါင်၏ ခရီးစဉ်၌ ချုပ်ဆိုခဲ့ကြောင်း အဆိုပါကုမ္ပဏီ၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။

စစ်ကိုင်းတိုင်းအတွင်းရှိ မုံရွာ၌ ကြေးနီအများအပြား ထုတ်လုပ်နိုင်ကြောင်းတွေ့ရှိထားပြီး တရုတ်နိုင်ငံ၏ ကြေးနီလိုအပ်ချက်ကို အကြီးအကျယ် ဖြည့်ဆည်းပေးနိုင်မည်ဟု လည်းကောင်း ၊ ထို့အပြင် ယခုစာချုပ်သည် မြန်မာနိုင်ငံအပေါ် တရုတ်သြဇာ ပိုမိုဖြန့် ကျက်နိုင်ရေးအတွက် အထောက်ကူပြုမည်ဟု Norinco ကုမ္ပဏီက ဇွန်လ ၁၀ ရက်နေ့စွဲဖြင့် ထုတ်ပြန်ချက်ကို အင်တာနက် စာမျက်နှာတွင် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ဖော်ပြလိုက်သည်။

Norinco ကုမ္ပဏီ၏ ဥက္ကဌဖြစ်သူ Zhan Guoqing နှင့် မြန်မာ စစ်ဗိုလ်ချုပ် ၀င်းသန်းတို့က တရုတ်ဝန်ကြီးချုပ် ၀မ်ကျားပေါင်နှင့် မြန်မာဝန်ကြီးချုပ် သိန်းစိန်တို့၏ ရှေ့မှောက်တွင် ကြေးနီသတ္ထုတွင်း စာချုပ်အား ချုပ်ဆိုခဲ့သည်ဟုလည်း ကုမ္ပဏီထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သို့ရာတွင် ထိုစာချုပ်ပါ ဘဏ္ဍာရေးဆိုင်ရာ အချက်အလက်များကိုမူ တရုတ်ကုမ္ပဏီက ကြေညာခြင်း မရှိပေ။ Norinco ကုမ္ပဏီ သည် စစ်ရေးဆိုင်ရာ ပစ်မှတ်များကို အတိအကျပစ်ခတ်နိုင်သည့် စနစ်များ ၊ တာဝေးပစ် လက်နက်များ ၊ လေယာဉ်ပစ်နှင့် ဒုံးခွင်း စနစ်များကို ထုတ်လုပ်သည့်အပြင် ၀န်ဆောင်မှုလည်း ပေးကြောင်း သိရသည်။

Norinco ကုမ္ပဏီသည် အီရန်နိုင်ငံသို့ ဒုံးလက်နက်ဆိုင်ရာ နည်းပညာများ ပေးအပ်နေသည်ဟု အမေရိကန်အစိုးရက စွပ်စွဲခြင်း ခံခဲ့ရသည်။ ၂၀၀၃ မေလမှစ၍ အမေရိကန်အစိုးရ၏ ကန့်သတ်မှုများကို အကြိမ်ကြိမ်ခံခဲ့ရပြီး ၂၀၀၇ ခုနှစ်တွင်  အမေရိကန် အစိုးရ က ကန့်သတ်ပိတ်ပင်မှုများအား ပြန်လည် ရုပ်သိမ်းခဲ့သည်။

ယင်း Norinco ကုမ္ပဏီမှာ တရုတ်အစိုးရ၏ နိုင်ငံတော်ကောင်စီကို တိုက်ရိုက်သြဇာခံသည့် ကာကွယ်ရေးဆိုင်ရာ စက်မှု လုပ်ငန်းကြီး ၁၀ ခုအနက်မှ ၁ ခုဖြစ်ကြောင်း အမေရိကန်နိုင်ငံအခြေစိုက် နျူကလီးယားအန္တရာယ် လှုံ့ဆော်သတိပေးသည့် (Nuclear Threat Initiative group) အဖွဲ့ က ဆိုသည်။

၂၀၀၆ ခုနှစ်ခန့်က စတင်၍ Norinco ကုမ္ပဏီပိုင်သည့် Wanbao Mining ကုမ္ပဏီနှင့် တခြားသော တရုတ်ကုမ္ပဏီများ ပူးပေါင်း၍ ချင်းပြည်နယ် မွေတောင်၌ နီကယ်နှင့် ယူရေနီယမ် များကို ရှာဖွေ တူးဖော်မှုများ ပြုလုပ်နေကြောင်း သိရသည်။

မုံရွာကြေးနီသတ္ထုတွင်းသည် မြန်မာနိုင်ငံတွင် အကြီးဆုံး ကြေးနီသတ္ထုတွင်း တခုဖြစ်ပြီး ယခင်က အဆိုပါသတ္ထုတွင်းကို  မြန်မာ အစိုးရပိုင် အမှတ်(၁) သတ္ထုတွင်းဝန်ကြီးဌာနနှင့် ကနေဒါအခြေစိုက် အိုင်ဗင်ဟိုး ကုမ္ပဏီ(Ivanhoe Mines)တို့ ပူးပေါင်းဖွဲ့စည်း ထားသော မြန်မာအိုင်ဗင်ဟိုး ကြေးနီကုမ္ပဏီလီမိတက်(Myanmar Ivanhoe Copper Company Limited - MICCL) က လုပ်ကိုင် ခဲ့ခြင်းဖြစ်သည်။

MICCL အား ၂၀၀၉ ခုနှစ်၌ အမေရိကန်ဘဏ္ဍာရေး ၀န်ကြီးဌာနက တားမြစ်ထားသည့် ကုမ္ပဏီများစာရင်းတွင် ထည့်သွင်းခဲ့သည်။

အိုင်ဗင်ဟိုး (Ivanhoe Mines)ကုမ္ပဏီ အဆိုအရ ၄င်းသည် ၂၀၀၇ ခုနှစ်မှစ၍ မြန်မာနိုင်ငံတွင်း ရင်းနှီးမြုပ်နှံမှုများကို ပြန်လည် ရုပ်သိမ်းခဲ့ကြောင်း သိရပြီး မုံရွာသတ္ထုတွင်း၌ ၄င်းရရှိခဲ့သော အစုရှယ်ယာ ၅၀ ရာခိုင်နှုန်းအား သီးခြားလွတ်လပ်သည့် အဖွဲ့အစည်း တခုကို ပေးအပ်ခဲ့ကြောင်း သိရသည်။

သို့ရာတွင် ထိုအဖွဲ့အစည်းသည် မည့်သည့်အဖွဲ့အစည်းဖြစ်ကြောင်း ယခုအချိန်အထိ အိုင်ဗင်ဟိုး(Ivanhoe Mines)ကုမ္ပဏီက ထုတ်ဖော်ပြောကြားခြင်းမရှိပေ။

မုံရွာဒေသခံများ အဆိုအရ အိုင်ဗင်ဟိုး(Ivanhoe Mines)ကုမ္ပဏီ ထွက်ခွာသွားသည့် အချိန်မှစ၍ တရုတ်ပြည်မှ အင်ဂျင်နီယာနှင့် အလုပ်သမားများ ထိုသတ္ထုတွင်းသို့ရောက်ရှိလာကြောင်း သိရသည်။

မြို့ငယ်တမြို့စာကျယ်ဝန်းသည့် မုံရွာကြေးနီသတ္ထုတွင်းတ၀ှိုက်ကို လုံခြုံရေးတင်းကျပ်ထားပြီး ထွက်ရှိသည့် ကြေးနီများအား ရန်ကုန်သို့ တိုက်ရိုက်တင်ပို့ကြောင်း ဒေသခံများက ဆိုသည်။

တရုတ်ဝန်ကြီးချုပ် ၀မ်ကျားပေါင် ခရီးစဉ်အတွင်း  Norinco ကုမ္ပဏီဥက္ကဌသည် မြန်မာအစိုးရလက်နက်များ ၀ယ်ယူပေးရာတွင် အဓိကကျသည်ဟု ယူဆရသည့် ကာကွယ်ရေးစက်ရုံ၏ ဒုတိယအကြီးအကဲဖြစ်သူ ဗိုလ်ချုပ်သိန်းဌေးနှင့် "ကျယ်ပြန့် နက်ရှိုင်းသည့် ပူးပေါင်းဆောင်ရွက်မှု"များလည်း ဆွေးနွေးခဲ့ကြောင်း ၊ ထို့အပြင် ဆိပ်ကမ်းများ ၊ မီးရထားလမ်းများ ဖောက်လုပ်ရေးနှင့် ရေအား လျှပ်စစ်စက်ရုံများ အပါအ၀င် "အထူးပစ္စည်းကိရိယာ"နှင့် ပတ်သက်သော သဘောတူညီချက် စာချုပ်များလည်း လက်မှတ်ရေးထိုး ခဲ့ကြောင်း သိရသည်။

ဗိုလ်ချုပ်သိန်းဌေးသည် ဗိုလ်ချုပ်ကြီး သူရရွှေမန်း၏ ၂၀၀၈ ခုနှစ် မြောက်ကိုရီးယားလျှို့ဝှက်ခရီးစဉ်၌ ပါဝင်ခဲ့သူတဦးဖြစ်ပြီး စစ်ဘက်ဆိုင်ရာ သတင်းရပ်ကွက်များက မြန်မာစစ်တပ်အတွက် ဒုံးလက်နက်များ ၀ယ်ယူရန် အဓိက အကြံပြုခဲ့သူ များအနက် တဦးဖြစ်သည်ဟု ဆိုသည်။

မြန်မာ စစ်အစိုးရနှင့် စာချုပ် ချုပ်ဆိုရာတွင် လက်နက်ရောင်းဝယ်ရေး ကိစ္စ ပါဝင်ခြင်း ရှိမရှိ Norinco ကုမ္ပဏီသို့ ယမန်နေ့က မေးမြန်းရာ တာဝန်ရှိသူ တဦးက ယင်းကိစ္စသည် အထူးလျှို့ဝှက်ချက်ဖြစ်၍ ပြောခွင့်မရှိကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

မြန်မာစစ်အစိုးရသည် နျူကလီးယားနှင့် ဒုံးလက်နက်များ ကြိုးပမ်းတည်ဆောက်နေကြောင်း နော်ဝေနိုင်ငံအခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) က ယခုလဆန်းပိုင်းတွင် သတင်း ထုတ်ပြန်ခဲ့သည်။

စစ်အစိုးရသည် ကချင်ပြည်နယ်အတွင်း ရေဒါနှင့် ဒုံးကျည်စခန်းတခုကို မကြာမီက အပြီးသတ်တည်ဆောက်ခဲ့ကြောင်းလည်း DVB က ယမန်နေ့တွင် ထပ်မံထုတ်ပြန်ခဲ့သည်။

မြန်မာစစ်အစိုးရကမူ နျူကလီးယားနှင့် ဒုံးလက်နက်များ ရယူရန်ကြိုးပမ်းနေသည်ဟူသော စွပ်စွဲချက်များသည် အခြေအမြစ် မရှိကြောင်း နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီ(IAEA) သို့ လွန်ခဲ့သည့်အပတ်က ပေးပို့ခဲ့သည့် စာတွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအား အဓိက လက်နက်တင်ပို့ရောင်းချနေသည့် နိုင်ငံတခုဖြစ်ပြီး မြန်မာနိုင်ငံအတွင်း ၄င်း၏ ရင်းနှီးမြှပ်နှံမှုမှာ အမေရိကန်ဒေါ်လာ ၁. ၈ ဘီလီယံ ရှိသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်