ရပ်ကွက် ကော်မရှင်တွင် ကြံ့ဖွံ့များ ဦးစားပေးထည့်သွင်း

E-mail Print
၂၀၁၀ ရွေးကောက်ပွဲ အတွက် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ကော်မရှင် အဖွဲ့ခွဲ လူစာရင်း ရွေးချယ်ရာတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (ကြံ့ဖွံ့) အသင်းဝင်များကို ဦးစားပေး ထည့်သွင်း ထားကြောင်း သိရသည်။

ပဏာမ ရပ်ကွက် ကော်မရှင် လူစာရင်းများ၌ အသက် ၃၀ မှ ၇၀ ကြားရှိ ကြံ့ဖွံ့အသင်းဝင်များ၊ အမျိုးသမီးရေးရာ ကော်မတီ အဖွဲ့ဝင်များနှင့် မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းဝင်များကို ဦးစားပေး ရွေးချယ်နေပြီး သီးခြားလွတ်လပ်သော ပုဂ္ဂိုလ် အနည်းငယ်သာ ပါသည်ဟု ရပ်ကွက် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီရုံးများက ဆိုသည်။

ရပ်ကွက် ကော်မရှင်အဖွဲ့ဝင်များ ရွေးချယ်ရာ၌ ရပ်ကွက်တခုနှင့်တခု မတူညီဘဲ ရပ်ကွက်ရှိ လူဦးရေအလိုက် ရွေးချယ်သွားခြင်း ဖြစ်ကြောင်း ရန်ကုန်မြို့ရှိ ရပ်ကွက် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီရုံးများမှ စုံစမ်းသိရှိရသည်။

“မိခင်နဲ့ ကလေးစောင့်ရှောက်ရေးက ၅ ယောက်၊ ပြည်ခိုင်ဖြိုးက ၉ ယောက်နဲ့ အမျိုးသမီးရေးရာက ၂ ယောက်၊ အပြင်က ၅ ယောက်၊ အားလုံးပေါင်း ၂၁ ယောက်ရွေးသွားတယ်”ဟု သင်္ဃန်းကျွန်းမြို့နယ်ရှိ ရပ်ကွက်တခုမှ မိခင်နှင့်ကလေး စောင့် ရှောက်ရေး အဖွဲ့ဝင် အမျိုးသမီးတဦးက ပြောသည်။

အစိုးရ လက်အောက်ခံ လူမှုရေး အဖွဲ့အစည်းများကို ကော်မရှင်အဖွဲ့ဝင်များအဖြစ် ရွေးချယ်ခြင်းသည် ရပ်ကွက်ထဲတွင် ဂုဏ်သရေရှိပြီး လူမှုရေးလုပ်ငန်းများ လုပ်ကိုင်ခြင်းကြောင့် ဖြစ်သည်ဟု အဆိုပါ မိခင်နှင့် ကလေးစောင့်ရှောက်ရေး အဖွဲ့ဝင်က ပြောဆိုသည်။

ရန်ကုန်မြို့ရှိ သတင်းဂျာနယ် အယ်ဒီတာ တဦးကမူ ယင်းကော်မရှင်များ၌ ပါဝင်နေသည့် အဖွဲ့အစည်းများအားလုံးသည် စစ် အစိုးရ ၏ နိုင်ငံရေးလမ်းစဉ်များကို အကောင်အထည်ဖော်ရာတွင် အသုံးချရန် စနစ်တကျ တည်ထောင်ထားသည့် လူမှုရေး အဖွဲ့အစည်းများဖြစ်သည်ဟု သုံးသပ်သည်။

ရပ်ကွက် ကော်မရှင်တွင် ပါဝင်ရန် လူရွေးချယ်သော်လည်း တာဝန်ခွဲဝေ သတ်မှတ်ထားခြင်း မရှိသေးဟု ပဲခူးမြို့ရှိ ရွာတရွာမှ ကျေးရွာ အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အဖွဲ့ဝင်တဦးက ပြောသည်။

“ကျနော်တို့ရွာက ၁၀ ယောက် စာရင်းပေးရတယ်။ ကော်မရှင်အဖွဲ့ဝင် အတွက်ရော၊ မဲရုံမှူး၊ ဒု မဲရုံမှူးအတွက်ရောပေါ့။ အဲဒီ လူတွေကိုခေါ်ပြီး ပဲခူးမြို့ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ အရွေးခံထားရတဲ့ ဦးသောင်းဟန်နဲ့ လူဝင်မှုကြီးကြပ်ရေး(လ၀က) က ဦးစီးအရာရှိတယောက်က သင်တန်းပေးတယ်”ဟု ၎င်းက ဆိုသည်။

သင်္ဃန်းကျွန်းမြို့နယ် ရပ်ကွက်တခုမှ တာဝန်ရှိသူတဦးကလည်း “မဲရုံတွေမှာ ပါဝင်ကြီးကြပ်ပေးဖို့ လူ ၂၇ ယောက်ကို စိစစ် ရွေးချယ်ပြီး မြို့နယ်ရုံးကို စာရင်းတင်လိုက်ရတယ်။ အသက် ၃၀ နဲ့ ၇၀ ကြား။ လူအများ ကြည်ညိုတဲ့ ပုဂ္ဂိုလ်တွေပေါ့။ ၂၇ ဦးထဲက ၁၇ ဦးရွေးပေးတယ်။ ၁၀ ဦးကတော့ မဲရုံတွေကို ကြီးကြပ်ရမယ်။ ကျန်တဲ့ ၇ ဦးက အရန်”ဟု ပြောဆိုသည်။

ကြံ့ဖွံ့ အသင်းဝင်များအနက် အသက် ၃၀ ကျော်သူများကို ကော်မရှင် အဖွဲ့ဝင်များအဖြစ် ရွေးချယ်လျက်ရှိပြီး အသက် ၃၀ အောက် လူငယ်များကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ပါတီဝင်အဖြစ် ပြောင်းလဲသတ်မှတ်လျက် ရှိ သည်ဟု တာမွေမြို့နယ်မှ ကြံ့ဖွံ့ အသင်းဝင် လူငယ်တဦးက ပြောသည်။

“မဲရုံတွေမှာ ကြီးကြပ်တဲ့ ကော်မတီဖွဲ့ဖို့ ရပ်ကွက်ထဲမှာ စာရင်းလိုက်ကောက်နေပြီ။ အသက် ၃၀ အထက် ဖြစ်ရမယ်တဲ့။  ကျနော့် အဖေတောင် စာရင်းထဲမှာ ပါတယ်။ ကျနော့်ကိုကျတော့ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီမှာ ပါဖို့ခေါ်တယ်။ အဖေကတော့ ကော်မရှင်အဖွဲ့ထဲ စာရင်းပါသွားတယ်”ဟု တာမွေမြို့နယ်အတွင်းမှ ဆယ်အိမ်မှူး လူငယ်တဦးက ပြောသည်။

၁၉၉၀ ရွေးကောက်ပွဲတွင် မဲဆန္ဒပေးခဲ့သူတဦးကလည်း“ဒီတခေါက် မဲရုံလူကြီး လုပ်မယ့်သူတွေက ကြံ့ဖွံ့နဲ့ အမျိုးသမီးရေးရာ တွေ များတယ်။ ၉၀ ရွေးကောက်ပွဲတုန်းက တကယ့်ကို ဂုဏ်သရေရှိတဲ့ သူတွေကို မဲရုံမှူးအဖြစ် ထားတာ။ ပါတီဝင်တွေ က လည်း သူ့ကို ဘာမှ ပြန်မပြောရဲဘူး။ အခုက ကြံ့ဖွံ့လူကြီးတွေက ပါတီထောင်ပြီး အောက်က ကြံ့ဖွံ့အဖွဲ့ဝင်တွေက မဲရုံမှူး လုပ်ကြမှာ”ဟု ဆိုသည်။

တိုင်းနှင့် ပြည်နယ်၊ ခရိုင် အဆင့် မဲရုံများတွင် မဲရုံမှူးအဖြစ် တာဝန်ယူမည့် အစိုးရ၀န်ထမ်း ၂၅၂ ဦးကို နေပြည်တော် မြို့တော် ခန်းမတွင် ဧပြီလ ၇ ရက်မှ ၉ ရက်အထိ သင်တန်းပေးခဲ့ပြီး ဥပဒေအရာရှိများ၊ လူဝင်မှုကြီးကြပ်ရေးဌာနမှ အရာရှိများနှင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ မြို့နယ် ဒုတိယ ဦးစီးမှူးများ ပါဝင်တက်ရောက်ရကြောင်း သိရသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က မြို့နယ်ကော်မရှင် အဖွဲ့ခွဲများကို မေလ ၆ ရက်နေ့က ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီး ယခု သက်ဆိုင်ရာ မြို့နယ်အလိုက် ရပ်ကွက် ကော်မရှင်အဖွဲ့များ ဖွဲ့စည်းနိုင်ရန် ပဏာမ လူရွေးချယ်ခြင်းဖြစ်သည်ဟု ဆိုသည်။

ရွေးကောက်ပွဲကော်မရှင်က မြို့နယ်ကော်မရှင် အဖွဲ့ခွဲများကို ဖွဲ့စည်း တာဝန်ပေးထားရာ ကချင်ပြည်နယ်တွင် ၁၈ ခု၊ ကယားပြည်နယ်တွင် ၇ ခု၊ ကရင်ပြည်နယ်တွင် ၇ ခု၊ ချင်းပြည်နယ်တွင်၆ ခု၊ စစ်ကိုင်းတိုင်းတွင် ၃၇ ခု၊ တနင်္သာရီတိုင်းတွင် ၁၀ ခု၊ ပဲခူးတိုင်းတွင် ၂၈ ခု၊ မကွေးတိုင်းတွင် ၂၅ ခု၊ မန္တလေးတိုင်းတွင် ၃၁ ခု၊ မွန်ပြည်နယ်တွင် ၁၀ ခု၊ ရခိုင်ပြည်နယ်တွင် ၁၇ ခု၊ ရန်ကုန်တိုင်းတွင် ၄၅ ခု၊ ရှမ်းပြည်နယ်တွင် ၅၀ ခု၊ ဧရာဝတီတိုင်းအတွင်းတွင် ၂၆ ခုရှိကြောင်း မေလ ၇ ရက်နေ့ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြခဲ့သည်။

စစ်အစိုးရက ပြဋ္ဌာန်းထားသည့် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေများ၊ အခန်း ၁၀၊ အပိုဒ် ၃၉(က)၌ ရပ်ကွက် များတွင် မဲဆန္ဒပေးရမည့် ဦးရေနှင့် မဲရုံအရေအတွက်ကို မြို့နယ် ကော်မရှင်က လိုအပ်သလို သတ်မှတ်ပေးနိုင်သည်ဟု ဆို ထားသည်။

၁၉၉၀ ရွေးကောက်ပွဲကာလက မြန်မာနိုင်တဝန်းလုံးတွင် မဲရုံပေါင်း ၁၅၁၅၄ ရုံ သတ်မှတ်ပေးခဲ့သည်။ မဲဆန္ဒရှင် ၁၀၀၀ ရှိသော မဲရုံမှ ၅၀၀၀ ရှိသော မဲရုံအထိ  မဲဆန္ဒရှင် ဦးရေအလိုက် ထားရှိရမည့် မဲရုံ အဖွဲ့ဝင်ကိုလည်း သတ်မှတ်ကြေညာထားသည်။ မဲ ဆန္ဒ ရှင် ၁၀၀၀ တွင် မဲရုံ အဖွဲ့ဝင် ၄ ဦးမှ မဲဆန္ဒရှင် ၅၀၀၀ တွင် မဲရုံအဖွဲ့ဝင် ၁၂ ဦးအထိ သတ်မှတ်ခဲ့သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်