မော်တော်ယာဉ်များကို ဂျပန်နိုင်ငံ မစ်ဆူဘီရှီ ကုမ္ပဏီ နှင့် တရုတ်နိုင်ငံ တောင်ဖန်း ကုမ္ပဏီတို့ ပူးပေါင်းထုတ်လုပ်ထားပြီး တရုတ်နိုင်ငံ အခြေစိုက် RAMMAR Automobile Manufacturing & Trading Co Ltd မှ တဆင့်ပြန်လည် တင်သွင်းခြင်း ဖြစ်သည်ဟု မြန်မာ့အားမာန် မော်တော်ယာဉ်ထုတ်လုပ်ရေး လုပ်ငန်းပိုင်ရှင် ကိုစိုင်းက ပြောသည်။
အဆိုပါကားများကို မြန်မာ့စီးပွားရေးဦးပိုင် လီမိတက်မှ တင်သွင်းလာခြင်းဖြစ်ပြီး ၎င်း လီမိတက်နှင့် မြန်မာ့အားမာန် မော်တော်ယာဉ် ထုတ်လုပ်ရေး လုပ်ငန်းတို့ ပူးပေါင်း ရောင်းချခြင်းဖြစ်ကြောင်း သိရသည်။
“စက်မှု ၂ က ထုတ်တဲ့ ဆူဇူကီးလိုမျိုးပါပဲ။ ကျွန်တော်တို့က တရုတ်ပြည် ကားထုတ်တဲ့ စက်ရုံကနေ ၀ယ်ပြီး ရန်ကုန် ရွှေပြည်သာ စက်မှုဇုံမှာ ပြန်တပ်ဆင် ထုတ်လုပ်တယ်။ ဈေးသက်သာတဲ့အပြင် ပုံစံကို သဘောကျလို့ စိတ်ဝင်စားတဲ့ လူတော်တော်များတယ်” ဟု ကိုစိုင်းက ဆိုသည်။
{slimbox images/multimedia/Rammar/01.jpg,images/multimedia/Rammar/01-sm.jpg, RAMMAR ကားပြပွဲ မြင်ကွင်း (ဓာတ်ပုံ - ဧရာဝတီ);images/multimedia/Rammar/02.jpg,images/multimedia/Rammar/02-sm.jpg, RAMMAR ကားပြပွဲ မြင်ကွင်း (ဓာတ်ပုံ - ဧရာဝတီ); images/multimedia/Rammar/03.jpg,images/multimedia/Rammar/03-sm.jpg, RAMMAR ကားပြပွဲ မြင်ကွင်း (ဓာတ်ပုံ - ဧရာဝတီ); images/multimedia/Rammar/04.jpg,images/multimedia/Rammar/04-sm.jpg, RAMMAR ကားပြပွဲ မြင်ကွင်း (ဓာတ်ပုံ - ဧရာဝတီ)}
ရောင်းချသည့် ကားအမျိုးအစားမှာ MVP အမျိုးအစား တမျိုးတည်းဖြစ်ပြီး အဆင့် ၁ ကို ကျပ်သိန်း ၆၃၀၊ အဆင့် ၂ ကို ကျပ် သိန်း ၅၈၀၊ အဆင့် ၃ ကို ကျပ် သိန်း ၅၃၀ ဖြင့်ရောင်းချခဲ့ကြောင်း သိရသည်။နာမည်ကျော် မော်ဒယ်လ် များနှင့် တွဲဖက်ပြသမှုများ ရှိသည့်အပြင် ဈေးနှုန်းသက်သာခြင်းကြောင့် လူအများ စိတ်ဝင်စားခဲ့ပြီး သတ်မှတ်ထားသည့် ပမာဏထက် ပိုမိုရောင်းချရခြင်း ဖြစ်ကြောင်း သိရသည်။
“ကားတစီးဝယ်တဲ့ သူတိုင်းကို ကံစမ်းမဲ ပြန်ဖောက်ပေးတာ တနေ့ကို ၅၀ နဲ့ ၇၀ ကျော်မှာရှိတယ်။ ဒါတောင် အော်ဒါလက်ခံ ထားတာတွေ မပါသေးဘူး” ဟု ပြည်တွင်းဂျာနယ်တစောင်မှ သတင်းထောက်တဦးက ပြောသည်။
မြန်မာနိုင်ငံရှိ စက်မှုဇုံများမှ ပြင်ဆင်ထုတ်လုပ်သော ကားအမျိုးအစားများထဲတွင် ယခု RAMMAR ကုမ္ပဏီ၏ ကားဒီဇိုင်းများမှာ လှပဆန်းသစ်ပြီး ခေတ်မီသောကြောင့် ကားစိတ်ဝင်စားသူ အသိုင်းအ၀န်းကြားတွင် စိတ်ဝင်စားမှုများခဲ့ကြောင်း သူက ဆက်ပြောသည်။
ကားပြပွဲအတွက် ဆိုင်ခန်းပေါင်း ၃၅ ခန်းကျော် နေရာ ယူထားပြီး သရုပ်ပြမော်ဒယ်လ် ၂၀ ဖြင့် ထူးထူးခြားခြား စီစဉ် ခင်းကျင်း ပြသခဲ့ကြောင်း သိရသည်။
“ကားအတွက် ချည်းပဲ သီးသန့်ကားမော်ဒယ်လ်က ၁၀ ယောက်၊ ကားကြော်ငြာ လက်ကမ်းဝေတာရယ်၊ စင်ပေါ်မှာ လျှောက်တာရယ်က ၁၀ ယောက် ပါတယ်။ ပွဲမစခင် ၃ ရက်လောက် အစမ်းလေ့ကျင်ခဲ့ရသေးတယ်” ဟု သရုပ်ပြရာတွင် ပါဝင်ခဲ့သူ မော်ဒယ်လ် တဦးကပြောသည်။
ဆက်လက်၍ သူက “ကားတွေက တရုတ်နဲ့ ဖက်စပ်လုပ်တာ။ ဘော်ဒီပုံစံတွေက အစ တော်တော်မိုက်တယ်။ တကယ့်ကို နိုင်ငံခြား ကားတွေအတိုင်းပဲ” ဟု ပြောသည်။
“ပြပွဲတုန်းက တရုတ်နိုင်ငံက ပညာရှင်တယောက်လည်းရှိတယ်။ ကားတစီးတန်ဖိုးက ကျပ် သိန်း ၅၀၀၊ ၆၀၀ ရှိတယ်။ ဒီတန်ဖိုးနဲ့ ညီမျှတဲ့ မော်ဒယ်လ်မျိုး ဖြစ်ရမယ်ပေါ့။ ဒီပွဲကတော့ နိုင်ငံတကာ အဆင့်မီတာပေါ့နော်။ မြန်မာပြည်မှာ မတွေ့ဘူးတဲ့ ပုံစံဖြစ်အောင် မော်ဒယ်လ်တွေ သရုပ်ပြတာကအစ စီစဉ်ခဲ့ပါတယ်” ဟု ကားပြပွဲစီစဉ် သူ ကိုချိုကြီးကပြောသည်။
ကားဒီဇိုင်း ပုံစံမှာ တမျိုးတည်းဖြစ်သော်လည်း အတွင်းပိုင်းပြင်ဆင်မှု၊ အမိုးဖောက်ထားမှု၊ ကူရှင်အသုံးပြုရသည့် ပုံစံများပေါ်မူတည်၍ အဆင့် ၁၊ ၂၊ ၃ ခွဲခြားထားကြောင်း သိရသည်။
ယခုနောက်ပိုင်း မြန်မာပြည်တွင် ပြည်ပမှ မော်တော်ကား စင်းလုံးတင်သွင်းမှုများရှိသည့်အပြင် ပြည်ပ ကုမ္ပဏီများနှင့် ဆက်သွယ်ကာ ပြည်တွင်း၌ ပြန်လည် တပ်ဆင်ရောင်းချရ မှုများ ရှိလာကြောင်း တွေ့ရသည်။
မြန်မာနိုင်ငံတွင် မော်တော်ယာဉ်ထုတ်လုပ်ရန် Tata မော်တော်ယာဉ် ထုတ်လုပ်ရေးကုမ္ပဏီသည် အမှတ် ၂ စက်မှုဝန်ကြီး ဌာန လက်အောက်ရှိ မြန်မာ့မော်တော်ယာဉ်နှင့် ဒီဇယ်အင်ဂျင် ထုတ်လုပ်မှု လုပ်ငန်းနှင့် သဘောတူစာချုပ် လက်မှတ်ရေး ထိုးခဲ့ကြောင်း မတ် ၂၂ ရက် နေ့က AFP သတင်း တွင် ဖော်ပြထားသည်။
< Prev | Next > |
---|