ယာဉ်စီးခ ၂ ဆတိုး၍ စစ်တွေ တက္ကသိုလ် ကျောင်းသားများ ဆန္ဒပြ

E-mail Print
ကျောင်းကြိုပို့ ယာဉ်စီးခ ရုတ်တရက် ၂ ဆ တိုးလိုက်သည်ကို မကျေနပ်သော စစ်တွေ နည်းပညာ တက္ကသိုလ် ကျောင်းသားများ ယမန်နေ့က ဆန္ဒပြကြကြောင်း သတင်းရရှိသည်။

နည်းပညာ တက္ကသိုလ်မှ စစ်တွေ မြို့ထဲသို့ ပုံမှန်အားဖြင့် ကျပ် ၁၅၀ ရှိရာမှ ၃၀၀ အထိ တိုးလိုက်သဖြင့် ကျောင်းသား ၃၀၀ ကျော် ယမန်နေ့ ညနေ ၃ နာရီခန့်မှ စတင်ကာ ကျောင်းမှ ခြေလျှင်လျှောက်ခဲ့ကြသည်ဟု စစ်တွေ တက္ကသိုလ် ကျောင်းသားတဦးက ဧရာဝတီသို့ ပြောသည်။

“ကားခ ရုတ်တရက် ဈေးတက်တာကို မကျေနပ်လို့ ကျနော်တို့ ကျောင်းကနေ ခြေကျင်လျှောက်ခဲ့ကြတယ်။ ပယက (ပြည်နယ် အေးချမ်း သာယာရေးနှင့် ဖွံ့ ဖြိုးရေး ကောင်စီ) ရုံးရှေ့ကို ရောက်တော့ စစ်သားတွေက ကျနော်တို့ကို တား တယ်။ ဆက်သွားရင် ပစ်မယ်လို့တောင် ခြိမ်းခြောက်သေးတယ်။ ပထမနှစ် ကျောင်းသားလေးတွေက ပစ်ချင်ပစ်ကွာ ဆိုပြီး ရှေ့ ကိုတိုးထွက်တော့ သူတို့ ဘာမှမလုပ်ပါဘူး။ ပယက ကို ကျော်တော့ ကွန်ပျူတာ ကျောင်းသားတွေနဲ့ နေ့ ကျောင်းသားတွေ ပေါင်းမိတော့ ထောင်နဲ့ချီသွားခဲ့တယ်”ဟု ၎င်းက ပြောပြသည်။

စစ်တွေ နည်းပညာ တက္ကသိုလ်မှာ စစ်တွေမြို့ မှ ၁၂ မိုင် ကွာရှိ ရေချမ်းပြင်ရွာတွင် ရှိသည်။ ကြိုပို့ကားများက နံနက် ပိုင်းတွင်၂၀၀ ကျပ်စယူခဲ့ပြီး ညနေပိုင်းတွင် ၃၀၀ ကျပ်ဟု ပြောင်းလဲခဲ့ခြင်းဖြစ်သည်။ ဆိုင်ကယ် တက္ကစီ စီးလျှင် တဦး ကို ကျပ် ၅၀၀ ပေးရသည်ဟု အဆိုပါ ကျောင်းသားက ဆက်လက်ပြောပြသည်။

ကျောင်းသားများ အိမ်ပြန်ချိန်နောက်ကျသဖြင့် မိဘများက လိုက်လာခဲ့ရာ စစ်တွေ-ရေချမ်းပြင်လမ်းမပေါ်တွင် လူ ၃၀၀၀ ခန့်ရှိလာခဲ့ကြောင်း၊ ထို့ကြောင့် စစ်တွေ ကွန်ပျူတာတက္ကသိုလ်မှ ကျောင်းအုပ်ကြီး ဦးအောင်ကျော်ငြိမ်း ရောက် လာကာ လူစုခွဲရန်နှင့် ကျောင်းသားများ တောင်းဆိုချက်ကို ပြေလည်ရန် ဖြေရှင်းပေးမည်ဟု ပြောကြောင်း ကျောင်းသား မိဘတဦးက ဆိုသည်။

“ကွန်ပျူတာ တက္ကသိုလ်က ဆရာကြီးကိုယ်တိုင် ရောက်လာပြီး ကျောင်းသားတွေကို ပြန်ကြဖို့၊ ကျောင်းသားတွေ ဖြစ်ချင်တာကို ဖြစ်အောင် စီစဉ်ပေးမယ်ပြောလို့ ည ၁၀ နာရီခွဲလောက်မှာ အားလုံး အိမ်ပြန်သွားကြတယ်”ဟု ၎င်းက ပြောသည်။

ယခုဖြစ်ရပ်နှင့် ပတ်သက်ပြီး ကွန်ပျူတာ တက္ကသိုလ် ကျောင်းအုပ်ကြီးကို တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ပြန်လည် ဖြေကြားခြင်း မပြုခဲ့ပါ။

စစ်တွေ တက္ကသိုလ်မှ သမိုင်းဆရာတဦးကလည်း“ကလေးတွေဘက်ကကြည့်လည်း ကားခဈေးတက်တာ မကောင်း ဘူးပေါ့။ ကားသမားတွေဘက်ကကြည့်ပြန်လည်း ဒီခရီးကို ပိုက်ဆံလေး ၁၅၀နဲ့ ဘယ်ဆွဲချင်ပါ့မလဲ။ မနက်ဆို အလာပဲ လူရပြီး အပြန်ခါလီ။ ညနေကျတော့ အလာမှာ အခွံ အပြန်ကျမှ ကျောင်းသားရတာလေ။ ဆီဈေးကလည်း ကြီးတော့ သူတို့လည်း ကျောင်းကား မဆွဲချင်ဘူး။ မဆွဲချင်ဘဲ ဆွဲနေကြရတာ”ဟု ဆိုသည်။

အနောက်ပိုင်းတိုင်း တိုင်းမှူးက ယမန်နေ့ က ဆန္ဒပြမှုကို ဦးဆောင်သော ကျောင်းသားများကို ဖော်ထုတ်ပေးရန် ဆရာ ဆရာမများကို ဖိအားပေးနေသည်ဟုလည်း သိရသည်။

လွန်ခဲ့သောနှစ်ကလည်း ကားခဈေးတက်သဖြင့် စစ်တွေ နည်းပညာကျောင်းသားများ မကျေမနပ်ဖြစ်ကာ လမ်း လျှောက် ဆန္ဒပြခဲ့ဖူးသည်။

ယခုကဲ့သို့ စစ်တွေတက္ကသိုလ်များမှ ကျောင်းသားများ ကားခဈေးတက်မှုကြောင့် မကြခဏ ဆန္ဒပြရခြင်းမှာ တက္ကသိုလ် များကို မြို့ပြင်သို့ အဓမ္မရွှေ့ပြောင်းခြင်းကြောင့်ဖြစ်သည်ဟု ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များ အစည်း အရုံး(AASYC)မှ အထွေအထွေ အတွင်းရေးမှူး ကိုအောင်မင်းဦးက ပြောသည်။

၂၀၀၇ ခုနှစ်က နအဖ အစိုးရသည် လောင်စာဆီဈေးကို ရုတ်တရက်မြှင့်တင်လိုက်သဖြင့် ကားခများ ထိုးတက်ကာ လောင်စာဆီကျဆင်းရေး လမ်းလျှောက် ဆန္ဒပြမှု ဖြစ်ပွားခဲ့သည်။ ထိုမှ တဆင့် ရဟန်းသံဃာများ ဦးဆောင်ကာ ကျောင်းသား ပြည်သူ ပါဝင်သော ရွှေဝါရောင် တော်လှန်ရေးဖြစ်ပွားခဲ့သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်