ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဒုတိယအကြိမ် အိန္ဒိယနိုင်ငံသို့ သွားမည်

E-mail Print
ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် လာမည့် ဇူလိုင် ၂၅ ရက်နေ့မှ ၂၉ အထိ အိမ်နီးချင်း အိန္ဒိယနိုင်ငံသို့ ဒုတိယ အကြိမ်အဖြစ် သွားရောက်မည် ဖြစ်ကြောင်း သတင်းရရှိသည်။

အိန္ဒိယ နိုင်ငံခြားရေး ၀န်ကြီးဌာန သတင်း ရပ်ကွက်၏ အဆိုအရ ဗိုလ်ချုပ်မှူးကြီးသည် မြတ်စွာဘုရား ပွင့်တော်မူရာ ဗုဒ္ဓဂယာနှင့် ပရိနိဗ္ဗာန် ပြုတော်မူရာ ကုသိနာရုံသို့ ပထမဆုံး သွားရောက်ပြီးမှ နယူးဒေလီမြို့တွင် အိန္ဒိယ သမ္မတ ပရာတီဘာ ပတေးလ်၊ ၀န်ကြီးချုပ် မာမိုဟမ်ဆင်းတို့နှင့် တွေ့ဆုံ၍ ဟိုက်ဒြာဘက်ရှိ ဆေးဝါးထုတ်လုပ်ရေး လုပ်ငန်းများ၏ နည်းပညာများကို သွားရောက်လေ့လာမည်ဟု သိရသည်။

“ဒါက နှစ်နိုင်ငံ အိမ်နီးချင်း အစိုးရချင်း ဆက်ဆံရေး တိုးမြှင့်ဖို့ လာတွေ့ တာပါပဲ။ အာဖဂန်၊ သီရိလင်္ကာနဲ့ နီပေါက သမ္မတ တွေလည်း ဒီလိုပဲ လာကြ တာပဲလေ” ဟု အိန္ဒိယ နိုင်ငံခြားရေး ၀န်ကြီးဌာနမှ အရာရှိ တဦးက ဧရာဝတီသို့ ပြောသည်။

နှစ်နိုင်ငံ အစိုးရ ထိပ်တန်းခေါင်းဆောင်များ တွေ့ဆုံချိန်အတွင်း နှစ်နိုင်ငံ ကုန်သွယ်မှုများ၊ စီးပွားကူးသန်းမှုဆိုင်ရာ နားလည်မှု စာချွန်လွှာများ ချုပ်ဆိုရန်ရှိပြီး၊ နည်းပညာအကူအညီများ ဖလှယ်ရေး၊ နှစ်နိုင်ငံ နယ်စပ်ပြဿနာများနှင့် နယ်စပ်ဒေသမှ အိန္ဒိယ ခွဲထွက်ရေးသူပုန်များ ကိစ္စတို့ကို ဆွေးနွေးလိမ့်မည်ဟု အဆိုပါ အရာရှိက ဆိုသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ခရီးစဉ် အသေးစိတ် အစီအစဉ်များ နယူးဒေလီရှိ မြန်မာသံရုံးသို့ ညွှန်ကြားစာအဖြစ် ရောက်ရှိနေပြီဖြစ်သောကြောင့် လုံခြုံရေးများလည်း စနစ်တကျ စီမံထားပြီးဖြစ်ကြောင်း သံရုံးအသိုင်းအဝန်းက အတည်ပြုပြောဆိုသည်။ သို့ရာတွင် အသေးစိတ် ပြောပြရန်ကိုမူ ငြင်းဆိုသည်။

လက်ရှိအခြေအနေတွင် အိန္ဒိယကို ကုလသမဂ္ဂနှင့် အမေရိကန်နိုင်ငံတို့က မြန်မာ့ဒီမိုကရေစီရေးကို ထဲထဲဝင်ဝင် လုပ်ကိုင်ရန် တိုက်တွန်းမှုများရှိနေသော်လည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ခရီးစဉ်သည် ဒီမိုကရေစီရေးအတွက် တစုံတရာ ထိရောက်မှုရှိလိမ့်မည်မဟုတ်ဟု အိန္ဒိယရောက် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူများက မှတ်ချက်ပြုသည်။

“အိန္ဒိယက ပြီးခဲ့တဲ့ရက်တွေတုန်းက ပါကစ္စတန်နဲ့ ဆွေးနွေးပွဲကလည်း ပျက်ပြားသွားတော့ သူ့ရဲ့အရှေ့ဘက် နယ်စပ်ကိုလည်း အေးချမ်းစေချင်တယ်လို့ ယူဆတယ်။ ပြည်သူတွေမျှော်လင့်နေတဲ့ အပြောင်းအလဲကိုတော့ အိန္ဒိယက ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို တိုက်တွန်းလိမ့်မယ်လို့ မမျှော်လင့်ဘူး” ဟု အိန္ဒိယ အခြေစိုက် NCGUB ၀န်ကြီး ဒေါက်တာတင့်ဆွေက ပြောသည်။

ခရီးစဉ်အပြီးတွင် စီးပွားရေးအရ နှစ်နိုင်ငံဆက်ဆံမှု တိုးမြင့်မှုများနောက်တွင် တာတာ ကုမ္ပဏီ ကဲ့သို့ အိန္ဒိယ စီးပွားရေး ကုမ္ပဏီကြီးများက မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှုများ ပိုမိုလုပ်လာမည်ဖြစ်သော်လည်း စီးပွားရေးတိုးတက်မှုများ၏ အကျိုးအမြတ်ကိုမူ ပြည်သူလူထုက ခံစားရမည်မဟုတ်ကြောင်း သူက သုံးသပ်သည်။

ဗိုလ်ချုပ်မှူးကြီး၏ ယခုအကြိမ် အိန္ဒိယသို့ လာရောက်မှုသည် ၆ နှစ်တာကာလအတွင်း ဒုတိယအကြိမ်ဖြစ်သည်။ ပြီးခဲ့သည့် ၂၀၀၄ ခုနှစ် အောက်တိုဘာလအတွင်း ပထမဆုံးအကြိမ် လာရောက်စဉ်က သူနှင့်အတူ စွမ်းအင်ဝန်ကြီးဌာန၊ သယ်ယူပို့ဆောင်ရေး ၀န်ကြီးဌာနတို့မှ ၀န်ကြီးများလည်း ပါဝင်ခဲ့ပြီး နှစ်နိုင်ငံ စီးပွားရေးကူးသန်းရောင်းဝယ်မှု စာချုပ်များ ချုပ်ဆိုခဲ့သည်။ ထို့အတူ စွမ်းအင်နှင့်ပတ်သက်၍ နှစ်နိုင်ငံ နည်းပညာထောက်ပံ့ကူညီမှုများပြုရန် ဆွေးနွေးခဲ့ကြသည်။

နှစ်နိုင်ငံ အစိုးရချင်း ဆက်ဆံရေး တိုးမြှင့်လာမှုနောက်တွင် အိန္ဒိယ နိုင်ငံမှ စီးပွားရေးလုပ်ငန်းကြီးဖြစ်သော တာတာ ကုမ္ပဏီကဲ့သို့ စီးပွားရေးလုပ်ငန်းစုများက မြန်မာနိုင်ငံတွင် ရင်းနှီးမြုပ်နှံမှုများ ပြုလုပ်လာကြသည်။

တာတာလုပ်ငန်းစုကြီးမှ တာတာ ကုန်တင်ကားထုတ်လုပ်မှုစက်ရုံကို မြန်မာနိုင်ငံတွင် တည်ထောင်ရန် ၂၀၀၉ ခုနှစ်အတွင်းက စာချုပ်ချုပ်ဆိုခဲ့ပြီး၊ Essar ကုမ္ပဏီကလည်း ကုလားတန် စီမံကိန်းအမည်ဖြင့် ရခိုင်ကမ်းရိုးတန်း စစ်တွေတွင် ပင်လယ်ကူးသင်္ဘောဆိပ်ကမ်း ဆောက်လုပ်ခွင့်၊ စီမံဆောင်ရွက်ခွင့်၊ အသုံးပြုခွင့်တို့ ရရှိထားကြောင်း အိန္ဒိယ စီးပွားရေး သတင်းများကဆိုသည်။

ထို့အတူ ချင်းတွင်းမြစ်ပေါ်တွင် တည်ဆောက်မည့် ထမံသီ ရေကာတာတွင်လည်း နည်းပညာနှင့် ပစ္စည်းအကူအညီပေးရန် အိန္ဒိယ အစိုးရက သဘောတူညီထားသည်။

ကမ္ဘာ့အင်အားအကြီးဆုံး ဒီမိုကရေစီနိုင်ငံဖြစ်သော အိန္ဒိယ နိုင်ငံသည် မြန်မာ့ဒီမိုကရေစီရေးကို ထောက်ခံအားပေးမှုများ ရှိခဲ့သော်လည်း ၁၉၉၀ နောက်ပိုင်း အရှေ့မျှော်ဝါဒ ကျင့်သုံးချိန်မှစ၍ မြန်မာစစ်အစိုးရနှင့် ပူးပေါင်း၍ နယ်စပ်ဒေသများရှိ ခွဲထွက်ရေးသူပုန် စစ်ဆင်ရေးများ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်မှု တိုးမြှင့်လုပ်ဆောင်ခြင်းများ၊ စစ်အစိုးရအား လက်နက်နှင့် နည်းပညာထောက်ပံ့မှုများ ပြုလုပ်ခဲ့သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်