ကြံ့ဖွံ့ပါတီ မဲပေးရေး လမ်းခင်း စည်းရုံး

E-mail Print
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) အား မဲပေးလျှင် ပျက်စီးနေသော လမ်းများ အပြည့်အ၀ ကောင်းမွန် သွားရန် အခမဲ့ ခင်းပေးမည်ဟု ရန်ကုန်မြို့နေ လူထုအား ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းဝင်(USDA)များက ပြောဆို စည်းရုံး သော်လည်း လမ်းခင်း ကုန်ကျစရိတ် တောင်းခံမှုများ ရှိနေကြောင်း သတင်းရရှိသည်။


ရန်ကုန်မြို့ လသာမြို့နယ်တွင် နေထိုင်သူ တဦးက“ကျနော်တို့ရပ်ကွက်မှာတော့ မြို့တော်ဝန်ကိုယ်တိုင် လာပြီးတော့ ကြံ့ဖွံ့က လမ်း အလကား ခင်းပေးတာဆိုပြီး ပြောသွားတယ်၊ ဒါပေမယ့် မြို့နယ်အဆင့်နဲ့ ရပ်ကွက်လူကြီးတွေ လမ်းသူ လမ်းသားတွေကို ခေါ်ပြီး တအိမ် ကျပ် ၇ သောင်းခွဲ တောင်းတယ်”ဟု ဧရာဝတီသို့ ပြောသည်။

အလားတူ သင်္ဃန်းကျွန်း၊ သုဝဏ္ဏ၊ မင်္ဂလာတောင်ညွန့်၊ ရန်ကင်း စသည့် မြို့နယ်များတွင်လည်း လမ်း အများအပြား ခင်းပေးနေ ကြောင်း၊ သို့သော် လမ်းများကို တ၀က်တပျက်သာ ခင်းပေးထားပြီး လမ်းအပြည့်ခင်းလိုပါက USDP ကို မဲပေးကြရန် ဖိအားပေး ကြောင်း သင်္ဃန်းကျွန်းမြို့နယ် ဒေသခံများက ဆိုသည်။

ရန်ကင်းမြို့နယ် ၁၂ လုံးတန်း ရပ်ကွက်နေသူ တဦးကလည်း“ကျမတို့လမ်းကိုခင်းတာ ပိုက်ဆံတော့ ကျပ် ၁ သောင်းခွဲ ပဲ ပေးရ တယ်လေ၊ ဖွင့်ပွဲနေ့မှာတော့ မြို့တော်ဝန် လာဖွင့်ပေးတယ် ၊ ကျနော်က ခင်ဗျားတို့ကို လမ်း အခမဲ့ ခင်းပေးတဲ့အတွက် ရွေးကောက် ပွဲမှာ မဲထည့်ကြရင် ပြည်ခိုင်ဖြိုးပါတီ ကိုပဲ မဲပေးကြဖို့ မမေ့ကြနဲ့ဦး ဆိုပြီး မြို့တော်ဝန်က ပြောသွားတယ်”ဟု ပြောပြသည်။

ရန်ကုန်မြို့အတွင်းရှိ ပျက်စီးနေသော လမ်းများကို ခင်းရန် ပြင်ဆင်ထားသည့် လမ်းထိပ်များတွင် “ရန်ကုန်တိုင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်း မှ ပြည်သူများအတွက် အခမဲ့ခင်းပေးနေသော လမ်းဖြစ်သည်”ဟု ဆိုင်းဘုတ်တင်၍ နောက်ကွယ် မှ ငွေကြေး ကောက်ခံလေ့ ရှိကြောင်း ရန်ကုန်ဒေသခံများက ဆိုသည်။

ယင်းသို့ လမ်းခင်းရာတွင် ငွေကြေး တစုံတရာ ကောက်ခံပါက တိုင်ကြားနိုင်သည်ဟု ရန်ကုန်မြို့တော်ဝန်က တရားဝင် ပြောဆိုမှု များ ရှိသော်လည်း ထိထိ ရောက်ရောက် အရေးယူမှုမရှိကြောင်း ပြည်တွင်း သတင်းဂျာနယ် သမားများက ပြောသည်။

“ကျနော်တို့တွေက ပိုက်ဆံကောက်ရင် တိုင်နိုင်ပါတယ်ဆိုပြီး ရေးတယ်၊ ဒါကို တချို့ကတိုင်တယ်၊ ဘာမှ အရေးမယူတော့ ကျနော်တို့ သတင်းရေးတဲ့ လူတွေကိုပဲ ဖုန်းဆက်ပြီး ဆဲကြတယ်”ဟု သတင်းထောက် တဦးက ဆိုသည်။

ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ်ဟောင်း ဦးအောင်သိန်းလင်းသည် မြို့တော် စည်ပင်သာယာမှ ကောက်ခံရရှိသော ငွေကြေး အမြောက်အများကို USDA အမည်ခံ၍ လမ်းခင်းခြင်း၊ စက်ရေတွင်း၊ အ၀ီစိတွင်းများ တူးပေးခြင်း၊ USDA အခမဲ့ဆေးခန်း များ ဖွင့်ပေးခြင်းတို့ကို ၂၀၀၆ နောက်ပိုင်းတွင် တဖြည်းဖြည်း လုပ်ဆောင် လာပြီးရွေးကောက်ပွဲနီးကပ်လာချိန်တွင် ပိုမိုလုပ်ဆောင် လာကြောင်း၊ စည်ပင်ပိုင်ငွေများကို USDA  အမည်ဖြင့် ရန်ကုန်တွင်အသုံးချနေရုံမက နေပြည်တော်သို့လည်း လစဉ်ထောက်ပံ့ ပေးနေရကြောင်း မြို့တော်ဝန် နှင့် နီးစပ်သည့် စည်ပင်ဝန်ထမ်းတဦးက ပြောသည်။

ဦးအောင်သိန်းလင်း သည်လည်း မကြာမီကာလတွင် မြို့တော်ဝန် ရာထူးကိုစွန့်လွှတ်၍ USDP အနေနှင့် ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်တော့မည်ဟု သိရကြောင်း နီးစပ်သူတဦးက ဆိုသည်။

USDA အသင်းကို ၁၉၉၃ ခုနှစ်တွင် လူမှုရေးအဖွဲ့အစည်းအဖြစ် မှတ်ပုံတင်ခဲ့ပြီး စတင် ဖွဲ့စည်းစဉ်က နိုင်ငံရေးနှင့် မပတ်သက်ဟု ဆိုခဲ့သော်လည်း နောက်ပိုင်းတွင် နအဖ စစ်အစိုးရ၏ နိုင်ငံရေးမူဝါဒများကို အကောင်အထည် ဖော်လာခဲ့ကြောင်း တွေ့ရသည်။

ပြီးခဲ့သည့် ဧပြီလ ၂၉ ရက်နေ့တွင် လက်ရှိ စစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်နှင့် အစိုးရ ၀န်ကြီးများ၊ အရာရှိ ကြီးများ ၂၆ ဦးတို့သည် ၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ USDP ပါတီ ကို တည်ထောင်ခွင့် လျှောက်ထားပြီး ဇွန်လ ၈ ရက်နေ့၌ ပါတီ မှတ်ပုံတင်ခွင့် ကျထားသည်။

USDP သည် ရွေးကောက်ပွဲကော်မရှင်သို့ ပါတီဝင်အင်အား တင်ပြသည်ကို ယနေ့အချိန်အထိ မတွေ့ရှိရသေးပေ။

USDA အား ဇူလိုင် ၆ ရက်မှစ၍ တဆင့်ချင်း ဖျက်သိမ်း၍ အသင်း၏ ပိုင်ဆိုင်မှုများကို USDP ပါတီသို့ တရားဝင် လွှဲပြောင်း ပေး သွားမည်ဟု USDA ပြောရေးဆိုခွင့်ရှိသူက သတင်းမီဒီယာ များသို့ ထုတ်ဖေါ် ပြောဆိုထားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်